Headlines

တီးတိန်မြိုနယ် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ် ရှေ့နေဦးငင့်ထန်ကွယ်လွန်

စက်တင်ဘာလ ၂၈ ရက်။

၁၉၉၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲမှာ တီးတိန်မြို့နယ် အရှေ့ဘက်ခြမ်း ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ အနိုင်ရ လွှတ်တော်အမတ်ဖြစ်သူ ရှေ့နေဦးငင့်ထန် (အသက် ၈၀ )ဟာ စက်တင်ဘာလ ၂၇ ရက်နေ့ မနက်မှာရန်ကုန်မြို့ တောင်ဒဂုံမြို့နယ်ရှိ သူ့နေအိမ်မှာသက်ကြီး ရောဂါဖြင့် ကွယ်လွန်သွားခဲ့ပြီး စက်တင်ဘာ ၂၉ ရက်နေ့ ညနေ ၃ နာရီ မှာ ရေဝေး သုဿာန် မှာ ဂူသွင်း သဂြိုလ်မည် ဖြစ်ကြောင်း စုံစမ်း သိရှိရပါတယ်။

ရှေ့နေဦးငင့်ထန်ဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ တီးတိိန််မြို့နယ်မှာ NLD ပါတီမှဝင်ရောက်ယှဉ်ပြိုင်အနိုင်ရရှိခဲ့သူ ဖြစ်ပြီး ၁၉၉၃ ခုနှစ် အမျိုးသား ညီလာခံမှာ NLD ပါတီ နုတ်ထွက်သည် အထိ ညီလာခံ တက်ရောက်ခဲ့သူ တစ်ဦးလည်း ဖြစ်တယ်လို့ မိသားစုဝင်များ ထံမှ သိရှိခဲ့ ရပါတယ်။

“အမျိုးသား ညီလာခံ တက်တုန်းက ဆိုရင် အစာအိမ် နှင့် ဝမ်း ဘက် ဆိုင်ရာ ရောဂါမျိုးစုံ ခံစားခဲ့ ရတယ်။ ဆေးရုံကို လည်း အကြိမ်ပေါင်းများစွာ တက်ခဲ့ရတယ်။ အူအတက်လည်း ခွဲစိတ်ခဲ့ရတယ်။ သူနာပြု သင်တန်း တက်နေတဲ့ ချင်း အမျိုးသမီး တချို့က သိတော့ အကူအညီတွေ ပေးခဲ့တယ်။ အဲလို နဲ့ ညီလာခံ နားလိုက်တော့ တီးတိန်မြို့မှာပဲ ဆက်လက် အခြေစိုက် နေထိုင်သွားတယ်” လို့ ကွယ်လွန်သူရဲ့မိသားစုဝင် ၁ ဦးက ပြောပြပါတယ်။

“နိုင်ငံရေး ကနေတော့ သူ အပြီး မနားသေးဘူး။ ၂၀၁၀ ရွေးကောက်ပွဲမှာလည်း ChIn Progressive Party ကနေ ပြည်နယ် ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ပြိုင်ခဲ့တယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာတော့ တီးတိန်မြို့နယ် ကနေ CPP ပါတီ အနေနဲ့ တနေရာမှ မနိုင်ခဲ့ဘူး။ အဲနောက်ပိုင်း ရွေးကောက်ပွဲတွေမှာ သူဝင်မပြိုင်တော့ဘူး။ ၂၀၁၆ မှာ ကျတော့ ပြည်နယ် အစိုးရ ကနေ ဖွဲ့ပေးတဲ့ မြို့နယ် ဥပဒေ အထောက်အကူပြု ကော်မတီမှာ ပြန်ခန့် ခံ လိုက်ရတယ်။ စစ်တပ်ကနေ အာဏာသိမ်းတဲ့ အထိပေါ့” လို့ ဦးငင့်ထန်ရဲ့နိုင်ငံရေးလှုပ်ရှားမှု နှင့် ပတ်သက်ပြီး မိသားစုဝင် ၁ ဦးက ဆက်လက် ပြောကြား ခဲ့ ပါတယ်။

“ရှေ့နေဦးငင့်ထန် က ၁၉၆၂ ဗိုလ်ချုပ် နေဝင်း အာဏာ သိမ်းပြီး နောက်ပိုင်း ချင်းတောင်မှာ ထွက်ပေါ်လာတဲ့ လက်နက်တော်လှန်ရေး အဖွဲ့အစည်း တစ်ခု ဖြစ်တဲ့ Chin Liberation Army မှာ ဝင်ရောက်ခဲ့တယ်။ သူကတော့ ကိုးတန်း တက်နေတဲ့ ကာလ ပေါ့။ ၁၉၆၅ ခုနှစ်မှာ အဖမ်းခံလိုက် ရတယ်။ မုံရွာထောင်မှာ သုံးနှစ် ထောင်ကျ ခဲ့တယ်။ ထောင်ကနေ လွတ်လာတော့ ရွာပြန်ပြီး အိမ်ထောင်ပြုလိုက်တယ်။ အိမ်ထောင်ပြုပြီးကာမှ ၉ တန်း နဲ့ ၁၀ တန်းကို ထုတ်လိုင် အထက်တန်းကျောင်းမှာ ပြန်တက်တယ်။ အဲလိုနဲ့ ၁၀ တန်း အောင်တော့ တွန်းဇံမြို့နယ် တရားရုံးမှာ စာရေး ဝင်လုပ်ခဲ့တယ်။ စာပေးစာယူနဲ့ ဥပဒေကို တက်ပြီး ၁၉၈၆ မှာ ဥပဒေဘွဲ့ ရခဲ့တယ်။ ဘွဲ့ရတော့ စာရေး အလုပ်ကနေ နှုတ်ထွက်ပြီး ရှေ့နေ ဦးကျင့်ရှင်းထန် ဆီမှာ chamber ဝင်ခဲ့တယ်။ ၁၉၈၈ လောက်မှာ အထက်တန်း ရှေ့နေ လက်မှတ်ရပြီး တီးတိန်မြို့မှာ ရှေ့နေရုံး ဖွင့်ပြီး ရှေ့နေ လုပ်ခဲ့တယ်” လို့ သူ့ ဘဝ အစောပိုင်းကာလ နှင့် ပတ်သက်ပြီး ရှေ့မှီ နောက်မှီ ဆွေမျိုးရင်း တစ်ယောက် က ပြောပြပါတယ်။

ရှေ့နေ ဦးငင့်ထန် ဟာ ၁၉၄၄ ခုနှစ် မတ်လ ၁ ရက်နေ့တွင် တီးတိန်မြို့နယ် ဇုံးရွာတွင် မွေးဖွားခဲ့ခြင်း ဖြစ်ပြီး ကွယ်လွန် ချိန်မှာ အသက် ၈၀ နှစ် ကျော်ရှိပြီ ဖြစ်ကာ သားသမီး (၆) ယောက် မြေး(၁၂) ယောက်နှင့် မြစ် (၂) ယောက် ရှိကြောင်းသိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *