အပူနှစ်ဆင့် ချင်းပြည်နယ်က မသန်စွမ်းစစ်ဘေးရှောင်အရေး
By HTG “ကျနော်တို့မသန်စွမ်းသူတွေအတွက် ဘဝလုံခြုံမှုလုံးဝမရှိတော့ဘူး။ အခုတောထဲမှာနေရတယ်။ မသန်စွမ်းသူတယောက်အတွက် နေရာတနေရာကနေ နောက်တနေရာကိုရွေ့တာကအရမ်းအခက်အခဲဖြစ်တယ်လေ။ဆန်ပြုတ်သောက်နေရတယ်။ ရှိနေတဲ့ဟာလေးကုန်သွားရင် စားစရာတောင်ရှိမှာမဟုတ်တော့ဘူး။ အနာဂါတ်အတွက် ဘာမျှော်လင့်ရမှန်းမသိတော့ပါဘူး” ဒီစကားဟာ ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ဖြစ် ပေါ်လာတဲ့ နိုင်ငံရေးပဋိပက္ခများ အောက်မှာ စစ်မီး တောက် လောင် နေတဲ့ ချင်းပြည်မှာ ရုပ်ခန္ဓာပိုင်းဆိုင်ရာသန်စွမ်းတဲ့လူတွေတောင်များစွာ အခက်အခဲပေါင်းစုံခံစားရပြီး သေဆုံးနေချိန်၊ဆာလောင်နေချိန် ရုပ်ခန္ဓာပိုင်းဆိုင်ရာ သာမန်ပုဂ္ဂိုလ်ကဲ့သို့ သွားလာလှုပ်ရှားနိုင်သူမဟုတ်တဲ့ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကနေ တောဖက်တစ်နေရာကို စစ်ဘေးရှောင်နေရတဲ့ မသန်စွမ်းချင်းအမျိုးသားတစ်ဦးက မျှော်လင့်ချက်မဲ့စွာ ကွက်ကြားကွက်ကြား တိမ်တွေလွင့်နေတဲ့ တောင်တန်းဖက်ကို လှမ်းကြည့်ရင်း ဖြည်းညင်းစွာညည်းညူတဲ့ပြောစကားပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံလို စစ်ပွဲနေရာအနှံ့ဖြစ်ပွားနေတဲ့နိုင်ငံမှာ မသန်စွမ်းသူတစ်ယောက်အတွက် တစ်နေရာမှတစ် နေရာကို ရွေ့ပြောင်းရတာဘယ် လောက်အခက်အခဲတွေ့မလဲ။အဆိုပါ မသန်စွမ်းသူချင်းအမျိုးသား/သူနေထိုင်တဲ့ ချင်းပြည်နယ် တောင်ပိုင်း ကန်ပလက်မြို့နယ်ဟာ စစ်ကောင်စီရဲ့စားသောက်ကုန်ပိတ်ဆို့…

