စက်တင်ဘာလ ၁၃ ရက်။
ဩဂုတ်လ ၃၁ ရက်နေ့က ချင်းပြည်နယ်၊ရိခေါဒါရ်မြို့မှာ ဒဏ်ရာရရဲဘော်တစ်ဦး ထိုးကြိတ်ခံရမှုနဲ့ပတ်သက်ပြီး CDF-Hualngoram တပ်ဖွဲ့က မီဇိုရမ်ပြည်နယ်၊ဇိုခေါထာရ်ကျေးရွာက ဆယ်ကျော်သက်လူငယ် ၂ ဦးကို စစ်ဆေးမေးမြန်း ဖို့ထိန်းသိမ်းခဲ့တဲ့ဖြစ်စဉ်အပေါ် ဇိုခေါထာရ်ကျေးရွာခေါင်းဆောင်တွေနဲ့ CDF-Hualngoram တပ်ဖွဲ့ခေါင်းဆောင်တွေစက်တင်ဘာလ ၁၁ ရက်နေ့က တွေ့ဆုံကြပြီး ကောင်းမွန်တဲ့ ဆွေးနွေးမှုအောက်မှာ ငြိမ်းချမ်းစွာ နားလည်မှုရရှိခဲ့ကြပြီလို့ ပူးတွဲကြေညာချက်ထုတ်ပြန်ပါတယ်။
အဲဒီပူးတွဲကြေညာချက်မှာ ဇိုခေါထာရ်ရပ်ရွာကိုယ်စားအနေနဲ့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့၊ မီဇိုးလူငယ်အသင်း(YMA)၊ MHIP နဲ့ CDF-Hualngoram ဘက်က ဦးဆောင်သူ ၄ ဦးတို့က လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
ဇိုခေါထာရ်ကျေးရွာ နဲ့ ရိခေါဒါရ်မြို့တို့ဟာ နယ်နိမိတ်ခြင်းထိစပ်နေတဲ့ နယ်စပ်ဒေသတွေဖြစ်ကြပြီး နေ့စဉ်အသက်မွေး ဝမ်းကျောင်းရှာဖွေရေးနဲ့ လူမှုရေးရာကိစ္စရပ်တွေမှာ အပြန်အလှန်အမှီသဟဲပြုနေသူတွေဖြစ်ကြပြီး တဖက်နဲ့တဖက် အငြင်းပွားမှုနဲ့ သီးခြားစီရပ်တည်လို့မရတဲ့ လူ့မှုအသိုင်းအဝန်းတွေဖြစ်ကြောင်း၊ဒီဒေသမှာနေထိုင်ကြတဲ့သူတွေဟာ နိုင်ငံနှစ်ခု အစိုးရနှစ်ခုအောက်မှာတည်ရှိနေပေမယ့်လည်း ညီရင်းအကို ဆင်းသက် လာရာမျိုးနွယ်စုတူတွေဖြစ်ကြပြီး ရှေးယခင်ဘိုးဘွားခေတ်ကတည်းက အေးအတူပူအအမျှနေထိုင်လာခဲ့ကြတဲ့သူတွေ ဖြစ်ကြတယ်လို့ပူးတွဲကြေညာချက်မှာဖော်ပြပါတယ်။
အဲဒီဆက်ဆံရေးမျိုးကိုလည်း ဆက်လက်ကိုင်စွဲသွားကြမှာဖြစ်သလို မိမိတို့အချင်းချင်းကြားမလိုလားအပ်တဲ့အငြင်းပွား မှုတွေဖြစ်ပွားနိုင်တဲ့ အရေး အသားအပြောအဆိုတွေ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားဖြန့်ဝေ တာမျိုးမလုပ်ကြ ဖို့ကိုလည်း နှစ်ဖက်အဖွဲ့အစည်းတွေက တောင်းဆိုထားကြပါတယ်။
ဇိုခေါထာရ် နဲ့ ရိခေါဒါရ်မြို့ဟာ ကျေးရွာတစ်ရွာလိုနေထိုင်လာခဲ့ကြတဲ့ဒေသဖြစ်တာကြောင့် တဖက်နဲ့တဖက် လူငယ် တွေအကြား မတော်တဆဖြစ်မှုတွေရှိခဲ့ကြပြီး နောက်နောင်မှာ ဒီလိုအဖြစ်အပျက်မျိုး ထပ်မံဖြစ်ပွားလာတယ်ဆိုရင် နှစ်ဖက်တာဝန်ရှိသူတွေကို အမြန်ဆုံးအကြောင်းကြားကာ ညှိနှိုင်းဖြေရှင်းသွားကြရမယ်လို့လည်း ပူးတွဲကြေညာချက်မှာဖော်ပြထားပါတယ်။