Headlines

“အစ္စရေးအကြောင်း နည်းနည်းပြောကြည့်မယ်”( အပိုင်း- ၄ ဇာတ်သိမ်း )

By Kyaw Swa Min

အစ္စရေး (၈)

ဂျူးမုန်းတီးရေးဝါဒ antisemitism

တယောက်ကမေးတယ်။ အာရပ်တွေတင်မက ကမ္ဘာမှာ လူတချို့ရဲ့ antisemitism ဂျူးမုန်းတီးရေးဝါဒ က ကဘယ်လို အမြစ်တွယ်လာတာလဲ တဲ့။ အလွန်ရှည်လျားပါတယ်။ တိုတိုပြောရရင်တော့ သမိုင်းတလျောက် ဘာသာတွေ ကွဲလာတာကြောင့်လို့ ပြောလို့ရတယ်။

အစ္စရေးအကြောင်းရေးရင်းအရှေ့မရောက်ပဲအနောက်ပြန်သွားရရင်၊ ခရစ်နှစ် ၁ ရာစုတုန်းက ဂျေရုဆလင်ကိုသိမ်းပိုက်ထားတဲ့ ရောမသားတွေက Mar’s တို့၊ ဂျူပီတာ တို့လို နတ်ဘုရားတွေ ကိုးကွယ်တယ်။ ခရစ်တော် ကို ကားစင်တင်သတ်တာကို သမိုင်းမှာ ဂျေရုဆလင်ရဲ့ ရောမသား အုပ်ချုပ်သူက လုပ်ခဲ့တာလို့ ဆိုကြသလို၊ ယေရှုခရစ်ကို ဘုရားလွှတ်လိုက်တဲ့ သားတော်လို့ မယုံကြတဲ့ ဂျူးတချို့ကြောင့်သေရတာလို့ ဆိုကြတယ်။ အဲ့ဒီမှာ ဂျူး သတ်တာ လိုလို၊ ရောမသားတွေသတ်တာလိုလိုနဲ့ နောက်ပိုင်းသမိုင်းမှာ အငြင်းပွါးကြတယ်။ ရောမသားတွေက နောက်ပိုင်း ယေရှုခရစ်ကို လက်ခံတဲ့ ခရစ်ယာန်တွေဖြစ်လာတော့ ခရစ်တော်ကို သူတို့သတ်ခဲ့တာလို့ ဘယ် အပြောအဆို ခံချင်ကြပါ့မလဲ။

ခရစ်ယာန်ဘာသာ စ ပြန့်လာကတည်းက ဂျူးတွေဟာ အုပ်စုနှစ်ခုကွဲသွားတယ်။ ခရစ်ယာန်ဘာသာဝင်ဂျူး နဲ့ ခရစ်ယာန်ဘာသာဝင်မဟုတ်တဲ့ဂျူးပေါ့။ နောက် ဘာသာမဲ့တွေ၊ ဂရိတွေ အာမေးနီးယန်းတွေ ကနေ တဖြည်းဖြည်း ရောမသားတွေပါ ခရစ်ယာန်ဘာသာကို ကိုးကွယ်လာတယ်။ ခရစ်ယာန်ဘာသာပေါ်လာတော့ အခု နှစ်ခြင်းတွေ ဖြန်းခြင်းတွေ မရှိဘူး။ ကက်သလစ်ဘာသာကစတယ်။ ကက်သလစ် အဓိပ္ပါယ်က ဂရိကနေ လာတာ၊ Universal တဲ့။ အားလုံးကိုးကွယ်ကြတဲ့ဘာသာဆိုတဲ့အဓိပ္ပါယ် လားမသိဘူး။

ခရစ်ယာန်ဘာသာ ထွန်းကားလာတာနဲ့ အမျှ ဂျူးတွေကို သူတို့ရဲ့ ကယ်တင်ရှင် ခရစ်တော်ကို သတ်ခဲ့တဲ့လူမျိုးလို့ မုန်းတီးလာကြသူတွေ ပေါ်လာတယ်။ ဒါ ဂျူး ကို မုန်းတီးကြခြင်းရဲံ အကြောင်းတခု။

ဘာသာရေးဟာ အဓိပ္ပါယ်၊ အယူအဆ မှားတာနဲ့ လူမျိုးရေး ရန်ဘက်ဖြစ်ကုန်တတ်တာ သမိုင်း သင်ခန်းစာတခုပဲ။

ဒီနေရာမှာကြုံလို့ပြောရရင် ပုဂံခေတ်မှာ သီဟိုလ်ကလာတဲ့ ဗုဒ္ဓဘာသာ လွှမ်းမိုးသွားတဲ့အခါ မူလ ဗုဒ္ဓဘာသာ ဟာ အရည်ကြီးသာသနာလို့ ပြောကုန်ကြရော။ တကယ်တော့ အခုခေတ်ပြောပြော နေကြတဲ့ အရည်ကြီးဆိုတာ မရှိခဲ့ဘူး။ တကယ်ရှိတာက ပုဂံခေတ်ဦးမှာ tantric Buddhism ကို အများစုကိုးကွယ်ကြဟန်ရှိတယ်။ တန္တရာဇ် ဗုဒ္ဓဘာသာ ဆိုတဲ့ (မဟာယာနဗုဒ္ဓဘာသာခွဲတခု) ဂါထာ မန္တာန် အင်းအိုင် ဝိဇ္ဇာလမ်းစဉ် လိုက်တဲ့ဗုဒ္ဓဘာသာတခုပဲ။ ထေရဝါဒ မထွန်းကားခင် ရှေ့မှာရှိခဲ့ကြောင်း ပုဂံခေတ် နံရံ ဆေးရေးပန်းချီတွေမှာ တွေ့ရတယ်။ ဘိုးမင်းခေါင်၊ ဘိုးဘိုးအောင်၊ ၃၇ မင်းနတ် စတာတွေဟာ အဲ့ဒီ တန္တရာဇ် အယူဝါဒရဲ့ အဆက် remote cause တွေ ဖြစ်တယ်လို့ တချို့ပညာရှင်တွေက လက်ခံကြတယ်။ တန္တရာဇ် ရဟန်းကို Ari, အရိ (အရိယာ) လို့ ခေါ်ကြရာက အရည်းကြီး ဖြစ်သွားပြီး ဗီလိမ်တွေဖြစ်ကုန်တာ။ ထားပါတော့။

၁၄ ရာစုအလယ် မှာ ဥရောပမှာ ပလိပ်ရောဂါဖြစ်တယ်၊ မြေထဲပင်လယ်ထဲက ကုန်သင်္ဘောတွေပေါ်ကပါလာတဲ့ ကြွက်တွေကြောင့်ဖြစ်တာ၊ ဂျူးတွေဟာ ဥရောပ နဲ့ သူတို့သမိုင်းကြောင်းစရာ မွေးရပ်မြေ အရှေ့အလယ်ပိုင်း ကို ကုန်သွယ်ကြပုံရတယ်။

ပလိပ်ရောဂါဖြစ်လာတော့ ဆေးပညာဗဟုသုတမရှိကြတဲ့အခါ witch-hunt ခေါ်မှာပေါ့၊ ဒီရောဂါဟာ ဂျူးတွေကြောင့်ဖြစ်တာ၊ ဂျူးတွေ ရေတွင်းတွေထဲ အဆိပ်ခပ် လို့ဖြစ်တာ ဆိုတာမျိုးဖြစ်လာရော။ အရေးအခင်းတွေဖြစ်ရင် ဟိုလူမီးကွင်းရှို့တာလိုလို၊ ဒီလူအဆိပ်ခပ်သလိုလို ယုံထင်ကြောင်ထင်တွေနဲ့ ပြည်သူလန့်တတ်ကြတာ သာဓကတွေ တွေ့ကြမှာပေါ့။

ပလိပ်ရောဂါနဲ့ ဥရောပသားတွေ သေကြပေမယ့် ဂျူးရပ်ကွက်တွေမှာ အဲ့ဒီရောဂါ မဖြစ်ကြတော့ သံသယ ပိုကြီးလာတယ်။ မဖြစ်ဆို ဂျူးတွေက ဘာသာမတူသူတွေနဲ့ ရေတွင်းရေကန်မသုံးဘူး။အစားအသောက် အနေအထိုင်ကအစ သူတို့ထုံးစံနဲ့ သူတို့သီးသန့် နေကြတော့ ရောနှောသုံးကြတဲ့လူတွေလို ပလိပ်လို ကူးစက်တတ်တဲ့ကပ်ရောဂါက ရောက်မလာဘူး။ ဘာရောဂါမှန်းလဲမသိ၊ ကုလို့မရ၊ ဇစ်မြစ်လည်း ရှာမတွေ့ဆိုတော့ ဂျူးတွေကိုသတ်ရင် ဒီရောဂါတွေပျောက်မယ်ထင်တာရယ်၊ မကျေနပ်ချက်တွေရယ်ကြောင့် သတ်ဖြတ်မှုတွေ၊ လူထောင်ချီ အပုံလိုက်မီးတင်ရှို့တာတွေ ဥရောပတလျောက် ဖြစ်ခဲ့ဖူးတယ်။

1391 မှာတော့ ကက်သလစ် ခရစ်ယန်တွေရဲ့ ဘုန်းတော်ကြီးမာတီးနားဇ်ရဲ့ ဂျူးတွေအပေါ်ရန်လိုမုန်းတီးမှု၊ တရားဟောပြောရန်တိုက်ပေးတာကြောင်း ဂျူးတွေသောင်းချီ အသတ်ခံရပြန်တယ်။ ဂျူးလူမျ်ုးထောင်ပေါင်းများစွာဟာ အသတ်ခံရမှာ ကြောက်ပြီး ကက်သလစ်ဘာသာ ကူးပြောင်းသွားကြတယ်။

ခေတ်သမိုင်းတလျောက် ဂျူးတွေရဲ့ ချမ်းသာကြွယ်ဝမှုကတဆင့် အခွန်အခရနေတဲ့ ဘုရင်တွေဟာ ဂျူးတွေကို မနှစ်သက်လည်း ဘုရင့်အမိန့်နဲ့ ကာကွယ်ပေးတတ်တယ်။ သမိုင်းတလျောက် ရှေးခေတခ ပုပ်ရဟန်းမင်း အပါအဝင် ကက်သလစ် ဘုန်းတော်ကြီးတွေကတော့ သမိုင်းမှာ ဂျူးမုန်းတီးရေး အစွန်းရောက် တရားတွေ ဟောတတ်တယ်။ ၁၉၉၈ မှာ ပုပ်ရဟန်းမင်းကြီး က သမိုင်းတလျောက် ကက်သလစ်တွေ ဂျူးတွေအပေါ်ဆက်ဆံခဲ့ပုံအမှားတွေကို တရားဝင်တောင်းပန်ခဲ့တယ်။

ကက်သလစ် ပုပ်ရဟန်းမင်းကြီးကတဆင့် ဘုန်းတော်ကြီးတွေနဲ့ အဆင့်ဆင့်အုပ်ချုပ်တဲ့ ကက်သလစ် ခရစ်ယာန်ဝါဒ ဟာ ဘုန်းတော်ကြီးတွေ မြေရှင်၊ ဓနရှင်တွေဖြစ်လာတယ်။ ဘာသာရေးအတွင်း ပွတ်တိုက်မှုတွေဖြစ်ပြီး ၁၆ ရာစုမှာ ကက်သလစ်ဂိုဏ်းကနေ ပရိုတက်စတင့် ဆိုတဲ့ဂိုဏ်းသစ် ဂျာမဏီမှာ ပေါ်လာတယ်။ Protestants ဆိုတာကတော့ ကက်သလစ်ကို ဆန္ဒပြခွဲထောင်လို့ ဆန္ဒပြသူများဂိုဏ်းပေါ့။ သူတို့က ဂိုဏ်းသစ်ထောင် လူစုတော့ ဂျူးတွေကို မင်းတို့ကို ကက်သလစ်တွေက ဒုက္ခပေးတယ်၊ ငါတို့ဆီလာဆိုပြီး သူတို့ဂိုဏ်းဝင်ဖို့ ဆွယ်ကြပြန်ရော။ ပရိုတက်စတင့်ဂိုဏ်းကိုထောင်ခဲ့တဲ့ မာတင်လူသာဆိုတဲ့ ဘုန်းတော်ကြီးဟာ ဂျူးတွေအပေါ်ချစ်ခင်ကြဖို့ ဟောပြောတယ်၊ သိပ်မကြာဘူး ဂျူးတွေကိုးကွယ်မှု မပြောင်းကြတော့ သူက ဂျူးတွေကို မုန်းတီးတဲ့တရားတွေ ရေးသားခဲ့တယ်။

ဟစ်တလာရဲ့ နာဇီဂျာမဏီဟာ ဂျူးမုန်းတီးရေး လက်ကမ်းစာစောင်တွေမှာ ဘုန်းတော်ကြီး မာတင်လူသာရေးခဲ့တဲ့စာတွေကို ကိုးကားပါတယ်။ သမိုင်းတလျောက် ဥရောပဖက်မှာ ရာစုအလိုက် antisemitism ဆိုတဲ့ ဂျူးမုန်းတီးရေးဝါဒ မကြာခဏပေါ်ခဲ့ကြောင်း စာပေ၊ ပန်းချီအနုပညာတွေမှာတွေ့ရတယ်။ ကွန်မြူနစ်ကျမ်းကြီးတွေကို စရေးခဲ့တဲ့ ကားလ် မတ်ခ်ဟာ ဂျာမန်-ဂျူးမိဘတွေကပေါက်ဖွားလာပေမယ့် ဘာသာမဲ့ တယောက်ပါ။ ဟစ်တလာဟာ ကွန်မြူနစ်စနစ် ပေါ်လာတာ ဂျူးတွေရဲ့ လက်ချက်လို့လည်း စွတ်စွဲလေ့ရှိတယ်။

ဘာသာရေးဂိုဏ်းကဏ္ဍတွေဟာ ရှုပ်ထွေးတယ်။ ခရစ်ယန်ဟာဂိုဏ်းကြီး ၆ ဂိုဏ်းကွဲသွားသလို အစ္စလာမ်မှာလည်း ဆွန်နီ နဲ့ ရှိရိုက် နှစ်မျိုးကွဲသွားတယ်။ ဗုဒ္ဓဘာသာမှာလည်း ထေရဝါဒ နဲ့ မဟာယနကွဲသွားတယ်။ အကွဲကြားမှာ ကြားညပ်တာကတော့ ဘာသာမတူတဲ့ လူနည်းစုတွေ ညပ်လေ့ရှိတယ်။

ဥရောပဖက်က ခရစ်ယာန်တွေမှာ ဂျူးမုန်းတီးရေးဝါဒ သမိုင်းတလျောက်ထွန်းကားခဲ့ပေမယ့် အစ္စလာမ်ဘက်မှာ သိပ်မရှိဘူး၊ လူများစုက လူနည်းစုကို မုန်းတဲ့အနေအထားလောက်ပဲရှိခဲ့တယ်။ ဂျူး- အစ္စလာမ် ပြဿနာဟာ ပါလက်စတိုင်းမြေပြဿနာကို အကြောင်းပြုပြီးမှသာ ကြီးကြီးကျယ်ကျယ် ဖြစ်လာတာ။

ဒီတော့ antisemitism ဆိုတဲ့ပြဿနာဟာ သမိုင်းရဲ့ ဘာသာရေးအပေါ် အခြေခံပြီး လူမှုစီးပွါး မကျေနပ်ချက်တွေ၊ ပလိပ်ရောဂါလို ဆေးပညာဗဟုသုတ မရှိကြတဲ့ခေတ်မို့ witch hunt အလုပ်ခံခဲ့ရတာတွေ၊ နိုင်ငံတနိုင်ငံရဲ့ အုပ်ချုပ်သူ ရဲ့စီမံခန့်ခွဲမှုအမှားကြောင့် စီးပွါးရေး ကပ်ဆိုးကြုံ တဲ့အခါ ပြဿနာကို အမြတ်ကြီးစားတွေအဖြစ် ဂျူးတွေအပေါ်လွှဲချတာမျိုးတွေ၊ အသိုင်းအဝိုင်းထဲ ပြင်ပလူအဝင်မခံတဲ့ သိုသိပ်တဲ့ မျိုးနွယ်စု ဖြစ်တာကြောင့် သံသယတွေ ကတဆင့် လူမျိုးရေးပြဿနာအထိ ဖြစ်ဖြစ်သွားပြီး antisemitism ဆိုတဲ့ စကားရပ်ပေါ်လာတယ်။ ကမ္ဘာကြီးပြောင်းလဲသွားပေမယ့် ဂျူးမုန်းတီးရေးဝါဒဟာ တချို့နေရာတွေမှာ ဒီနေ့အထိ ရှိနေဆဲပါ။

အစ္စရေး (၉)

အစ္စရေးအကြောင်းတွေ ရေးရင်းနဲ့ ငယ်ဘဝ ပုဂံဖက်စိတ် ပြန်ရောက် သွားတယ်။ အစ္စရေးတွေက မြန်မာကို လာလေ့ရှိတယ်။ ဒါလည်း မြန်မာက သူတို့ ဖြစ်တည်မှုကို ၁၉၄၉ ကတည်းက လက်ခံပြီး သံတမန်ဆက်သွယ်ထားတဲ့ ဗုဒ္ဓဘာသာနိုင်ငံဆိုတော့ မြန်မာပြည်သွားရင် သူတို့အတွက်အန္တရာယ်မရှိဘူး ဆိုပြီး လာကြတာ နေမှာပေါ့ဗျာ။ သူတို့ သဘာဝ က အင်ဒိုနီးရှား၊ ဘင်္ဂလားအပါအဝင် အစ္စလာမ်နိုင်ငံတွေကို ခရီးမသွားဘူး။ အရှေ့တောင်အာရှမှာ မြန်မာ၊ ထိုင်း၊ လားအို၊ ကမ္ဘောဒီးယား တို့ဘက်သာ ခရီးထွက်လေ့ရှိတယ်။

တချို့အစ္စရေးတွေလာရင် ပုဂံမှာ မြင်းလှည်းနဲ့ လျောက်ပတ်ကြည့်ပြီး ပြန်ကြတာပဲ။ အဲ… အစ္စရေး ထုံးစံက တယောက်လာရင် သူတည်းခဲ့တဲ့ တည်းခိုခန်း၊ သူဆက်ဆံတဲ့ ဂိုက်၊ မြင်းလှည်း၊ စားသောက်ဆိုင်က အစ၊ သူဘယ်နေရာဘယ်လောက် ပေးခဲ့ရတယ် ဆိုတာ အစအဆုံးမှတ်တမ်းယူပြီး သူ့နိုင်ငံရောက်ရင် သူတို့ ခရီးသွားလာရေးဗျူရိုကို မှတ်တမ်းပို့ပေးထားပုံရတယ်။ အဲ့ဒါကျော်တော် ထင်တာနော်။

နောက်လာတဲ့အစ္စရေးတွေက သူတို့ ပါတဲ့ စာအုပ်ကလေးတွေထုတ်ဖတ်ပြီး ပထမလူတွေညွှန်ခဲ့တဲ့ အဲ့ဒီဆိုင်၊ အဲ့ဒီဂိုက်၊ အဲ့ဒီမြင်းလှည်း၊ အဲ့ဒီကား၊ အဲ့ဒီလူနဲ့ပဲ ဆက်ဆံတယ်ဗျ။ သူတို့ နိုင်ငံက ရန်သူများလွန်းတော့ ပထမလာဖူးတဲ့လူတွေ ညွှန်ခဲ့တဲ့လူတွေပဲ လိုက်ရှာပြီး ဆက်ဆံတာ။ လူသစ်နဲ့မဆက်ဆံဘူး။ သူတို့ယုံကြည်ရတဲ့လူ၊ သူတို့ကိုအန္တရာယ်မပြုတဲ့လူလို့ မှတ်တမ်းတင်ထားကြတာ။ မော့ဆက်တွေများ အယင်လာပြီး စနဲနာသွားလားမသိဘူး။

ပုဂံမှာ ဆို မြင်းလှည်းနံပါတ်ဘယ်နံပါတ်၊ ကိုဘယ်သူပေါ့၊ အဲ့ဒီမြင်းလှည်းဆရာ၊ ဂိုက်တွေလည်း ထန်းတက်လက်မှတ်ရထားသလို တခါလာ အစ္စရေး၊ တခါလာ အစ္စရေး နဲ့ ပဲ နှစ်ပါးသွားကြရတော့တာ ပဲ။

ဥပမာ… ထားပါတော့…. မြင်းလှည်းနံပါတ် ၅ ကို အစ္စရေးတွေ နှစ်သက်တယ် ဆိုပါစို့။ နိုင်ငံခြားသားတယောက်လမ်းလျောက်လာလို့ ပုဂံက မြင်းလှည်းနံပါတ် ၁၀ ရဲ့ မြင်းလှည်း မောင်းသူက hello, where you come from? ဆိုပြီး ဧည့်သည်ကို နှုတ်ဆက်ပြီး မြင်းလှည်းစီးမလား မေးရင် ဟိုက I come from Israel, I am looking for horsecart no. 5 ဆိုပြီးတန်းပြောတာပဲ။ နံပါတ် ၅ မြင်းလှည်းဆရာရှိတဲ့နေရာ အဲ့ဒီအစ္စရေးကို ညွှန်ပေးရတယ်။ လူသစ်နဲ့ ဆက်ဆံခဲတယ်။

ကျွန်တော်ငယ်ငယ်က ဦးနေဝင်းခေတ်၊ မြန်မာနိုင်ငံကို နိုင်ငံခြားသားတွေလာရင် ၇ ရက်ပဲနေ့ခွင့်ပေးတယ်၊ တနေ့ အဲ့ဒီမြင်းလှည်းဆရာ အထိတ်တလန့်ပြောပြတာလေး ဖေါက်သည်ချရရင်….

အသက် ၄၀ လောက်ရှိတဲ့ အစ္စရေးတယောက် မြင်းလှည်းနံပါတ် (၅) စီးပြီး ရွှေစည်းခုံ သွားကြတယ်။ လမ်းမှာ ဝက်ကြီးအင်းချောင်းဆိုတဲ့ သဲချောင်းကလေးဖြတ်ရတယ်။ ဘေးမှာ ထန်းရည်ဆိုင်လေးနဲ့။

ဖြစ်ချင်တော့ ဦးနေဝင်း ပုဂံရောက်နေလို့ အဲ့ဒီလမ်းပေါ်ကဖြတ်မှာ ဆိုတော့ အဲ့ဒီချောင်းလေးမှာ ရဲတွေ စစ်သားတွေ ချပြီး လမ်းကိုပိတ်ထားတယ်၊ ဆက်မသွားရတော့ဘူးပေါ့။ ဦးနေဝင်းက ဘယ်နေမှန်း မသိသေးဘူး။ အစ္စရေး နဲ့ မြင်းလှည်းကို ရဲက တားပြီး လမ်းဘေးရပ်ခိုင်းထားတယ်။ အစ္စရေးက သူ့မြင်းလှည်းဆရာကို ငါတို့ကို ဘာလို့တားတာလဲမေးတော့ VIP လာမှာမို့ တားထားတာပေါ့။ မနက် ကတည်းက တားထားတာ တနာရီကျော်တော့ အစ္စရေးက ရဲတွေကို မျက်နှာမာမာနဲ့ မင်းတို့ ငါတို့ကိုသွားခွင့်မပေးသေးဘူးလား၊ သူ့ဘာသူ လာချင်လာ၊ ငါတို့လည်း သွားပေါ့… လမ်းအကျယ်ကြီးပဲ … ဘာညာနဲ့ သွားပြီး ပြဿနာရှာတယ်။ ရဲ ကတော့ ဘိုလိုမပြောတတ်တော့ No .. No တလုံးပဲ။

ခဏနေတော့အစ္စရေး က ဘာစိတ်ကူးပေါက်လဲမသိဘူး၊ မြင်းလှည်းပေါ်ကဆင်းပြီး ထန်းရေဆိုင်ရှေ့က ရဲအုပ်စုနား သွားထိုင်တယ်။ တနာရီလောက်ကြာတော့ ရဲတွေနဲ့ အဲ့ဒီအစ္စရေး လက်ဟန်ခြေဟန်တွေ လုံးလားထွေးလားစကားတွေပြော၊ ရီကြမောကြနဲ့။ အစ္စရေးက ရဲသေနတ်ကိုင်ကြည့်တယ်။ ဒုတိယကမ္ဘာစစ်လက်ကျန်ရိုင်ဖယ်တွေ၊ သူ့သေနတ်အဟောင်းကြီး အစ္စရေးကို ခဏပေးကိုင်တယ်။ အဲ့ဒီအစ္စရေးက သေနတ်လေးပွတ်သလိုလို၊ ကြည့်သလိုလိုနဲ့ ကျည်ဘောက်ဖြုတ်ကြည့်တယ်၊ ကျည်ပါတာတွေ့တော့ ရုတ်တရက် သေနတ်မောင်းတင်ပြီး ရဲတွေ ကိုချိန် ပြီး “ ငါအစ္စရေး၊ ငါ သေနတ်မျိုးစုံကိုင်တတ်တယ်၊ ငါတို့က တနိုင်ငံလုံး စစ်သားဟောင်းတွေကွ၊ ငါ့ဘာသာ ဘုရားသွားကြည့်မှာကို မင်းတို့ပိတ်ထားတယ်၊ အချိန်မရှိဘူး၊ မင်းတို့VIP က ဘယ်တော့လာမှာမှန်းမသိဘူး၊ ငါက ပုဂံမှာတရက်ပဲနေရမှာ၊ မင်းတို့ငါ့ကိုတားထားလို့ နေ့တဝက်ကုန်ပြီ၊ ဘယ်ဘုရားမှ မကြည့်ရသေးဘူး၊ငါ့ကို အခုလွှတ်ရင်လွှတ်၊ မလွှတ်ရင် အကုန်ပစ်မယ် ဆိုပြီး သေနတ်တယမ်းယမ်းနဲ့၊ မျက်နှာကလည်းဒေါသနဲ့ တကယ်လုပ်မယ့်ပုံဗျ၊

ရဲတွေမှာ သူတို့ကို သေနတ်နဲ့ အချိန်ခံရတော့ ဝရုန်းသုံးကား သစ်ပင်နောက်ပြေးကွယ်ပြီး အင်္ဂလိပ်လိုလည်းမပြောတတ်၊ မြင်းလှည်းဆရာလှမ်းအော်ပြီး ဟေ့ကောင် မင်းလူကိုလာထိမ်း၊ခေါ်သွား မတော်တဆ ကျည်ထွက်သွားဦးမယ်၊ မင်းချော့ပြီး ပြန်ခေါ်သွား၊ ငါတို့ လမ်းဖွင့်ပေးမယ်၊ သူ့ဆီက သေနတ်ပြန်တောင်းပေး ဆိုပြီးပြောလို့ မြင်းလှည်းဆရာက အစ္စရေးကို ထိတ်ထိတ်လန့်လန့် တောင်းပန်ပြီး ဖြန်ဖြေပေးမှ အစ္စရေးက

သေနတ်ပြန်ပေးတယ်။ မြင်းလှည်းဆရာလည်း သေနတ်တွေဘာတွေ နဲ့ပြဿနာမဖြစ်ဖူးတော့ ဆံပင်မွှေးထောင်သွားပြီး ည သူ့လာဖမ်းမလားတထိတ်ထိတ် နဲ့ ။ အာဂ အစ္စရေးဗျ။ သူတို့က ယူနီဖေါင်းတွေ၊ သေနတ်တွေနဲ့ ခြောက်လို့ ကြောက်တဲ့လူမျိုးမဟုတ်ဘူး။

အစ္စရေး ဆိုရင်စကားပြောကြမ်း၊ ခရီးစဉ်ကြမ်းလို့ လို့ ဧည့်လမ်းညွှန် (ဂိုက်) တွေ မလိုက်ချင် ကြဘူး။ လမ်းတဝက် ငိုကြရတဲ့ဂိုက်တွေလည်း ရှိတယ်။ ကျွန်တော်တို့ ခရီးသွားလောကမှာ အစ္စရေးဆို ကပ်စေးနဲတယ်၊ စကားပြောရင် လူကိုစေ့စေ့ကြည့်ပြီးပြောတယ်၊ မာကျောတယ်၊ တနေကုန်မနားမနေလျောက်သွားတယ်။ လိုက်ရတဲ့ဂိုက်တွေပင်ပန်းတယ်၊ သစ္စာရှိတယ်၊ ခင်တတ်ကြတယ် စတဲ့ ဝိသေသထူးတွေရှိသဗျ။

အမေရိကန်ဂျူးတွေကသဘောကောင်းတယ်၊ tip ပေးတာပိုကောင်းတယ်။ ဂျူးချင်းတူပေမယ့် အစ္စရေးက ဂျူးကမာတယ်။ ကျွန်တော် ၁၉၉၁/၂ အစောကာလတွေမှာ ဧည့်လမ်းညွှန်ဖြစ်လာတော့ အစ္စရေးတွေနဲ့ စကြုံရတယ်။ သူတို့အကြောင်းတွေ လေ့လာ၊ မေးမြန်းပေါ့။ နောက်ပိုင်း နံမည်ကောင်းလက်မှတ်ရလာတော့ အစ္စရေး အုပ်စုတွေ၊ အမေရိကန်ဂျူးတွေနဲ့သွားရပါလေရော၊ အမေရိကန်ဂျူး က ပြဿနာမရှိဘူး၊ အစ္စရေးဂျူး က ဂိုက်လိုက်ရတာ အတော်ပင်ပန်းတယ်ဗျ။ ငယ်စဉ်ကတည်းက စစ်တိုက်လာာတဲ့လူမျိုး၊ လေ့ကျင့်ထားတဲ့လူမျိုးဆိုတော့ ထရိန်နင် အပြည့်ပဲ။ နေခင်းနေ့လည် လည်း မနားဘူး၊ နေပူကြဲတဲ တနေကုန် ဘုရားအဆူ ၂၀/၃၀ လည်တာပဲ၊ သမိုင်းကိုအတော် စိတ်ဝင်စားတဲ့လူမျိုးဗျ။ ဂိုက်က သေရော။ ဒီကြားထဲ တခါတခါ ထမင်း တနပ်ပဲ စားတာ။ သူ တို့မှာမြန်မာ ပြည်ရဲ့ကျေးဇူးရှိကြောင်းလည်း ကလေး လူကြီးပြောတတ်တယ်။

အစ္စရေးနဲ့သွားရင် အစားအသောက်မှာတာကအစ သူတိုမစားတဲ့အသားတွေ ဘာတွေ ဖယ်ပြီးမှာရတာကအစ အလုပ်ရှုပ်တာပေါ့၊ အစ္စရေးအများစုကတော့ လည်လှီးသား ဘာညာ အစားသိပ်မရှောင်ပါဘူး။ မရှိရင်စားတယ်။ သူတို့ကော်ဖီဖျော်ပုံကအစ အဆန်းဗျ။ အစ္စရေးတွေလာရင် ဂျူးဘုရားကျောင်းသွားကြတယ်၊ ဘုရားကျောင်းသွားရင် ဗလိီလိုပဲ သံပုရာခွံလေးတွေဆောင်းပြီး ဝင်ရတယ်။ အထဲမှာလည်း ဘာရုပ်ပွါးဆင်းထုမှ မရှိဘူး၊ သူတို့ ကျမ်းစာအုပ်ပဲရှိတယ်။ နောက် ဂျူးသင်္ချိုင်းသွားကြည့် တယ်၊ သင်္ချိုင်းရောက်ရင် ရွတ်ဖတ်ဆုတောင်းပြီး အုတ်ဂူတွေပေါ် ကျောက်ခဲလေးတွေတင်ကြတယ်ဗျ။ သူတို့ရောက်လာခဲ့တယ်ဆိုတဲ့ အထိမ်းအမှတ်ပေါ့။ ရခိုင်ဖက်မှာလည်း ကျောက်တုံးလေးတွေ အုတ်ဂူပေါ်တင်ကြတာ မြင်ဖူးတယ်။ သက္ကရာဇ် ၂၀၀၀တဝိုက် သင်္ချိုင်းဟောင်းတွေ ရွှေ့တဲ့အခါ အစ္စရေးအစိုးရက ကန့်ကွက်လို့ ဂျူးသင်္ချိုင်းက မရွေ့ရဘူး၊ အခုထက်ထိ အဲ့ဒီမှာပဲ။ သူတို့ထုံးစံမှာ သင်္ချိုင်းက ရွေ့ခွင့်မရှိဘူးဆိုတယ်။ သင်္ချိုင်းရောက်မှ ကိုလိုနီခေတ် မြန်မာပြည်မှာ မနည်းမနောနေခဲ့ကြတာပါလား။

ကျွန်တော်ကတော့ သိချင်တာတွေမေးတာပဲ၊ ဂျူးတွေက အင်္ဂလိပ်စာလည်း ကောင်းကြတယ်၊ မေးသမျှလည်းဖြေကြတယ်၊ ခင်လည်းခင်တတ်ကြပါတယ်။ တယောက်နဲ့တယောက်စကားပြော ငြင်းခုန်ရန် သူတို့ဘာသာ ဟီးဘရူးလိုပြောကြရင် ကျွန်တော့်နားထဲမှာ ရန်ဖြစ်ကုန်ပြီလား ထင်ရတယ်။ ဒီလိုနဲ့ သူတို့ဓလေ့ထုံးတမ်းအစဉ်အလာတွေ၊ ယုံကြည်ပုံတွေ၊ စရိုက်တွေသိလာတယ်။ အစ္စရေးလူမျိုး မြန်မာပြည်တနေရာမှာ တခုခုဖြစ်၊ ချက်ခြင်း သူ့သံအမတ် ရောက်လာတဲ့လူမျိုးဗျ။ ဂျူးသာသာ မှာ အမေဘက်ကသွေးက အဓိကဗျ။ ဂျူးအမျိုးသားနဲ့ မြန်မာတယောက်ယူလို့ မွေးလာတဲ့ကလေးက ဂျူးဖြစ်မသွားဘူး။ ဂျူးအမျိုးသမီးနဲ့ ယူတဲ့ မြန်မာတယောက်ကမွေးရင် ဂျူးဖြစ်သွားတယ်။ မျိုးရိုးမှာ အမဘက်က မျိုးပဲယူကြတယ်။

ကိုယ်က ဂျူးအမျိုးသမီးယူလိုက်လို့ ဂျူးသာဘာဝင် ဖြစ်ချင်လို့လည်း လက်မခံဘူး။ အတော်ရှုပ်ထွေးတဲ့ နည်းနာတွေ နှစ်ပေါင်းများစွာလိုက်နာ၊ ဘာသာစကားနားထောင်၊ ရပ်ဘိုင်လို့ခေါ်တဲ့ ဘုန်းတော်ကြီးတွေဆီ ပညာသင်၊ သီလ ပေါင်း ၆၀၀ ကျော်လိုက်နာပြီးမှ ဂျူးဖြစ်တာာ၊ အဆင့်ဆင့်လိုက်လုပ်ရတဲ့နည်းတွေအများကြီး။

ဂျူးထဲမှာ တခေါက် အော်သိုဒေါ့ဂျူး ( ရှေးရိုးဝါဒ) လူတယောက် နဲ့ သွားခဲ့ဖူးတယ်။ စနေနေ့ ဆို လေယာဉ်မစီး၊ ကားမစီး ၊ မီးမဖွင့်၊ လျပ်စစ်ပစ္စည်းမကိုင် အခန်းထဲ အောင်းနေတော့တာ။ သောင်္ကြာနေ့မှာ သူ့အခန်းထဲမီးခလုတ် ကအစ ဖွင့်ပေးပြီးထားခဲ့ရတာ။ သူက ဘာစက်ပစ္စည်းမှ မကိုင်တော့ဘူး။ တနေကုန်ဘုရားရှိခိုးနေတယ်ထင်တာပဲ၊ ဘယ်သူမှလည်း သူ့အခန်းနားမသွားအောင်ပြောထားရတာ။ ဟိုတယ်ခန်းထဲကနေ တနင်္ဂနွေနေ့မှ ထွက်လာတာပဲ။ တလမ်းလုံးကြက်ဥပြုတ် နဲ့ သူ့ပါလာတဲ့ အထုတ်တွေစားပြီး ပြန်သွားတာဗျ။ ကျွန်တော်တို့ချက်တာ သူတို့ ဘာမှစားမရဘူး။

ဘုရားတွေ၊ ဘုန်းကြီးကျောင်းတွေလည်း သွားလို့မရဘူး။ မြန်မာပြည်က ဝိနည်းထုံတဲ့ ဘုန်းကြီးတွေတောင် သူတို့လောက်မပြင်းထန်လောက်ဘူး ထင်ရတယ်။ ထားပါတော့။

ဂျူးတွေနဲ့ သွားရင်းသွားရင်း သူတို့ သဘောကျလာတော့ ကိုယ်မှ ကိုယ်ဖြစ်လာတယ်။သူတို့စာအုပ်ထဲပါသွားပုံရတယ်။ ကျွန်တော်ကတော့ ငွေရတာနည်း၊ ပင်ပန်းတော့ တခြားအဖွဲ့တွေလိုက်ချင်တော့ နောက်ပိုင်းငြင်းရတာပေါ့။ အစ္စရေးတွေ အမေရိကန်ဂျူးတွေ နဲ့ကတော့ ဧည့်လမ်းညွှန်လောက အနားယူတဲ့အထိ လိုက်ခဲ့ဖူးပါတယ်။

ဂျူးနဲ့လည်း သွားဖူးသလို အာရပ်တွေနဲ့လည်းသွားဖူးတယ်ဗျ။ နှစ်ဖက်စလုံးနားလည်ပါတယ်။ ကိုယ်နဲ့အဝေးကြီးကလူတွေကြည့်ပြီး အကြမ်းဖက်တာအကြမ်းဖက်တာ၊ မတရားတာမတရားတာပဲ ပြောတယ်။ တဖက်ဖက်ကို ချစ်စရာ မုန်းစရာအကြောင်းမရှိပါဘူး။ ကိုယ့်လူမျိုး လည်းမဟုတ်။

နှစ်ဖက်လုံးသမိုင်းအနာတွေရှိခဲ့တယ်။ သူတို့ခံခဲ့ရတာတွေက ပြင်ပလူတွေလုပ်ကြတာကနေ စတာလည်းပါတာပဲ။ လူတွေမှာ Post-traumatic stress disorder PTSD ခေါ်တဲ့ မျိုးစုအလိုက် သော်လည်းကောင်း၊ တယောက်ချင်းသော်လည်းကောင်း ကိုယ့်ဆွေတွေမျိုးတွေအသတ်ခံရပြီးကျန်ခဲ့ရတဲ့လူတွေမှာ စိတ်ရောဂါတွေ ပါလာတယ်။အဲ့ဒီ PTSD စိတ်ရောဂါရှိတဲ့လူတွေက ဆုံးဖြတ်ချက်လွဲတယ်၊ နောက်တခါထပ်မဖြစ်အောင်သူမလုပ်ခင် ငါလုပ်လိုက်တော့မယ် စတဲ့ စိတ်မလုံမခြုံ ထိတ်လန့်တာတွေကစ ပြဿနာတွေဖြစ်ပြီး နောင်မျိုးဆက်လည်း PTSD ဖြစ်လာတယ်။

မိဘကရိုက်တဲ့ ကလေးဟာ ကြီးလာရင် သူ့သားသမီး ပြန်ရိုက်လာဖို့ ၈၀% ရှိတယ်။ နိုင်ငံအလိုက်လည်း တယောက်နဲ့တယောက်နားမလည်ရင် နားမလည်သလို၊ အစိုးရညံ့ရင် ညံ့သလို၊ လူမျိုးစုမတည့်ရင် မတည့်သလို ပြည်သူတွေဟာ အဲ့ဒီ PTSD ဆိုတဲ့ သံသယအိပ်မက်ဆိုးနဲ့ သံသရာ လည်ကြတာပဲ။

ကျွန်တော်တို့က စိတ်ရဲ့ trauma တွေ ရပ်တဲ့နည်းရှာရမယ်။ မလွယ်လှပေမယ့် တွေ့အောင်ရှာရမှာ။ငြိမ်းချမ်းရေးလမ်းစဉ် ဆိုတာ အခုလုပ်ရင် ပထမမျိုးဆက်က သံသယနဲ့သေသွားပြီး နောက် generation မှ အကျိုးခံစားရတာ။ ချစ်ခြင်း မုန်းခြင်းမပါပဲ သမိုင်းသင်ခန်းစာပဲ ယူပြီး ပြင်ကြယုံပေါ့။

အစ္စရေး (၁၀)

ပါလက်စတိုင်းတော်လှန်ရေးခေါင်းဆောင် ယာဆာအာရာဖတ်

ပါလက်စတိုင်းတော်လှန်ရေးခေါင်းဆောင် ယာဆာအာရာဖတ်ကို 1929 အီဂျစ်နိုင်ငံ ကိုင်ရိုမှာမွေးတယ်။ မောင်နှမ ၇ ယောက်ရှိတယ်။ အဖေက ဂါဇာမြို့သား၊ ပါလက်စတိုင်းအာရပ်လူမျိုး၊ အဖေရဲ့ အမေ- အဘွားဖြစ်သူက အီဂျစ်သူ။ အဖေဖြစ်သူက အီဂျစ်ကသူ့အမေပိုင်တဲ့မြေတွေ အမွေကိစ္စ လုံးပမ်းနေတုန်း အာရာဖတ်ကို အီဂျစ်မှာမွေးတယ်။ ၊လေးနှစ်သားမှာ အာရာဖတ်ရဲ့အမေက ကျောက်ကပ်ရောဂါနဲ့ဆုံးတယ်။အဖေက ကလေး ၇ ယောက်ကို မကျွေးနိုင်လို့ အာရာဖတ်ကို ခွဲပြီး ဂျေရုဆလင်မှာနေတဲ့ အမေ့ဖက်က ဦးလေးတွေဆီ ပို့ထားတယ်။

အာရာဖတ်က သူ့ အဖေနဲ့ မတည့်ဘူး။ သူ့အဖေက ဂျေရုဆလင်က ဂျူးရပ်ကွက်သွားပြီး ဂျူးတွေနဲ့ပေါင်းလို့ ဆိုပြီး အာရာဖတ်ကို ပြင်းပြင်းထန်ထန် ရိုက်နှက်ရာကနေ အာရာဖတ်က အဖေကို သေတဲ့အထိ မုန်းသွားတယ်။ အဖေသေတော့ အသုဘတောင် မသွားတော့ဘူး။ သူ့အမ က အာရာဖတ်ကို နင်ဘာလို့ ဂျူးရပ်ကွက်သွားပြီး ဂျူးတွေနဲ့ပေါင်းတာလဲ မေးတော့ အာရာဖတ်က ဂျူးတွေရဲ့စိတ်နေစိတ်သဘောထားလေ့လာနေတာ လို့ပြောတယ်။ ဂျေရုဆလင်ကငယ်ဘဝမှာ အာရပ်တွေနဲ့ ဂျူးတွေမကြာခဏပြဿနာတက်ရာကနေ အာရာဖတ်ရဲ့ ခပ်ပြင်းပြင်း အမျိုးသားရေးစိတ် ပေါက်ဖွားလာပုံရတယ်။

1944 မှာ အစ္စရေးနိုင်ငံ မထူထောင်ရသေးဘူး၊ပါလက်စတိုင်းဒေသက ဗြိတိသျှ အုပ်ချုပ်တဲ့ နယ်မြေ၊ အာရာဖတ်တို့ ကျောင်းတက်တော့ အီဂျစ် တက္ကသိုလ်ကို သွားတက်ရတယ်၊ သူက အင်ဂျင်နီယာကျောင်းသား၊ အဲ့ဒီခေတ်က အီဂျစ်မှာ ဂျူးကျောင်းသားတွေလည်း ရှိတယ်၊ အာရာဖတ်ဟာ မကြာခဏ ဂျူးတွေနဲ့ စကားရည်လုတယ်။ အာရာဖတ်က ပါလက်စတိုင်းအာရပ်တွေရဲ့ ကျောင်းသားခေါင်းဆောင်၊ အာရာဖတ် လူပျိုအရွယ်ရောက်ခါစ ၁၉ နှစ်သား မှာ အာရပ်- အစ္စရေး ပြဿနာဖြစ်တယ်။ ၁၉၄၈ မှာ အစ္စရေးက နိုင်ငံကြေညာလိုက်တော့ ကျောင်းမှာ ပါလက်စတိုင်းလူငယ်တွေစုပြီး အစည်းအဝေးလုပ်တယ်၊ သတ္တိရှိတဲ့ကောင် စာအုပ်ကို ဖြဲပြီး စစ်ထဲဝင်ကြလို့ စိန်ခေါ်ကြတော့ အာရာဖတ်က သူ့ကျောင်းစာအုပ်ကို ဖြဲပြီး စစ်ထဲဝင်သွားတယ်။ အီဂျစ်တပ်စွဲထားတဲ့ ဂါဇာကနေ အစ္စရေးကို ဝင်တိုက်တယ်။ ၉လကြာပြီး အာရပ်တွေ အစ္စရေးကိုရှုံးတော့ သူလည်း အီဂျစ်ပြန်လာတယ်။ ကျောင်းဆက်တက်တယ်။ ဘွဲ့ရတော့ သူက ပါလက်စတိုင်းကျောင်းသားဥက္ကဌ ဖြစ်နေပြီ။

၁၉၅၆ စူးအက်ပြဿနာတက်နေတုန်း သူ အီဂျစ်ကနေ ကူဝိတ်ရေနံမြေမှာ ကျောင်းဆရာ အလုပ်ရလို့ ထွက်သွားတယ်။ ကူဝိတ်မှာ ကျောင်းတုန်းက သူငယ်ချင်းဟောင်းတွေနဲ့တွေ့ပြီး Fatah ဆို တဲ့ ပါလက်စတိုင်းအမျိုးသား လွတ်မြောက်ရေးလှုပ်ရှားမှု တပ်ဦးကို ထောင်တယ်။ သူ Fatah (ဖါတာ) ထောင်တဲ့အချိန်မှာ ပါလက်စတိုင်းတော်လှန်ရေးအတွက် အာရပ်နိုင်ငံတွေစုထောင်ပေးထားတဲ့ PLO ဆိုတဲ့ ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့ က ရှိနေပြီးသား။အာရာဖတ်က အာရပ်နိုင်ငံတွေ ကြီးစိုးတာ မလိုချင်ဘူး၊ ကိုယ့် လူမျိုးကြမ္မာ ကိုယ်ဖန်တီးဖို့ လက်နက်ကိုင်တိုက်မယ် ဆိုပြီး အသစ်ထောင်တာ။

သူ့အဖွဲ့ထောင်တဲ့အချိန်မှာ အာရပ်ပြည်သူအများစုဟာ အစ္စရေးသိမ်းထားတဲ့ ပါလက်စတိုင်းမှာ မနေရဲကြတော့ပဲ အီဂျစ်၊ ဂျော်ဒန်၊ ဆီးရီးယား၊ လက်ဘနွန်က ကယ်ဆယ်ရေးစခန်းတွေ ရောက်သူရောက်၊ အာရပ်နိုင်ငံတွေရောက်ပြီး အလုပ်လုပ်သူလုပ်ကြပေါ့။

သူ့အဖွဲ့ ဖါတာ ရဲ့ လက်နက်ကိုင်တော်လှန်ရေး ကို နိုင်ငံခြားရောက် ပါလက်စတိုင်း လူငယ်တွေက အလုံးအရင်း ထောက်ပံ့ကြတယ်။ အာရာဖတ်ဟာ သူ့နံမည်ကို ရှေ့က သူ့ရဲ့တော်လှန်ရေးလှို့ဝှက်နံမည် ယာဆာ ဆိုတဲ့ တလုံးထပ်ထည့်တယ်။ သူ့ရဲ့ အမှတ်တံဆိပ် အဖြူ၊ အနက် ပုဝါကို ခေါင်းမှာ ခြုံတယ်။ ၁၉၆၂ မှာ အာရာဖတ်ဟာ ကူဝိတ်ကထွက်၊ ဆီးရီးယားကို ပြောင်းပြီး အစ္စရေးကို ပြောက်ကျားစစ် တိုက်ဖို့ ပြင်တယ်။ သူက အဖွဲ့သာဖွဲ့တာ၊ သူ့လူတွေက စစ်မတိုက်တတ်သေးဘူး၊ သူက PLO ( Palestine liberation organization) ရဲ့တော်လှန်ရေးတပ် PLA ( Palestine liberation Army) ထက် လစာပိုပေးပြီး လူငယ်တွေစုတယ်၊ အစ္စရေးကို ဆီရီးယား၊ လက်ဘနွန် နယ်စပ်ကနေ တိုက်တယ်၊ လက်နက် မကောင်း၊စစ်အတွေ့အကြုံမရှိတော့ ပထမ မအောင်မြင်ဘူး၊ နောက် လမ်းဘေးမှာ မိုင်းတွေခွဲတယ်၊ နဲနဲအောင်မြင်လာတယ်။ လူတွေကလည်းလှုကြ၊ တိုက်ရင်းကြာလာတော့လည်းအတွေ့အကြုံရလာတာပေါ့။ ၁၉၆၇ အာရပ်- အစ္စရေး ၆ ရက်စစ်ပွဲရှုံးသွားတော့ အာရပ်နိုင်ငံတွေဟာ အစ္စရေးကိစ္စမှာ တိုက်ရိုက်ပါဖို့ တွန့်သွားတယ်။ အာရာဖတ်ရဲ့ ဖါတာအဖွဲ့ကို သူ တို့ထောက်ခံတဲ့ PLO နဲ့ပေါင်းဖို့ဝိုင်းတိုက်တွန်းတော့ အာရာဖတ်ဟာ PLO ရဲ့ဒုတိယခေါင်းဆောင်ဖြစ်လာတယ်။

အာရာဖတ်က အစ္စရေးသိမ်းထားတဲ့ ဂျော်ဒန်နယ်ထဲက West Bank ဂျေရုဆလင်နားက ရွာတရွာ မှာ သူ့ဌာနချုပ် ဖွင့်ထားတယ်။ အစ္စရေးဟာ အာရာဖတ်ကိုရဖို့ အဲ့ဒီရွာကို ဝင်တိုက်တယ်။ အာရာဖတ်ဘက်က ဂျော်ဒန်တပ်တွေကဝင်တိုက်တော့ တိုက်ပွဲပြင်းထန်ပြီး အစ္စရေးတွေ ပြန်ဆုတ်သွားရတယ်။ အဲ့ဒီတိုက်ပွဲမှာ ပထမဆုံးအာရပ်ဖက်က အသေခံဗုံးခွဲတာတွေ စလုပ်တယ်။ အဲ့ဒီတိုက်ပွဲအပြီး အာရာဖတ်ဟာ အာရပ်ကမ္ဘာမှာ နံမည်ကြီးလာတယ်။ ကမ္ဘာက အာရာဖတ်နံမည်ကိုလူတွေ စကြားဖူးသွားတယ်။ အလှုငွေတွေ ရတယ်။ တပ်အင်အား တိုးလာတယ်။ သူဟာ ပါလက်စတိုင်းခေါင်းဆောင်ဖြစ်လာတယ်။ ၁၉၆၉ မှာ အာရာဖတ်ဟာ PLO ရဲ့ ဥက္ကဌ ဖြစ်လာတယ်။

အာရာဖတ်ရဲ့တပ်က ကြီးလာတော့ ဂျော်ဒန်နိုင်ငံထဲစစ်တပ်နှစ်တပ် ရှိသလိုဖြစ်လာတယ်။ ဂျော်ဒန်နဲ့ အာရာဖတ် ပြဿနာတက်တော့ ဆီးရီးယားကို နှင်ထုတ်တာ ခံရတယ်။ ဆီးရီးယားကနေ လက်ဘနွန်ထဲဝင်ရတယ်။ အာရာဖတ်ဟာ သမိုင်းတလျောက် နိုင်ငံတွေက လက်မခံလို့ အာရပ်နိုင်ငံ၊ အာဖရိကနိုင်ငံတွေထဲ ရွေ့ပြောင်းပြီး တော်လှန်ရေး လုပ်ရတယ်။ အာရာဖတ်ဟာ အတော်လည်တယ်ပြောရမယ်၊ သူက PLO ဥက္ကဌ ဖြစ်လာတော့အောက်မှာ PLA, ဖါတာအပါအဝင် လက်နက်ကိုင်အဖွဲ့တွေ အများကြီးခွဲထားတယ်။ တခုခုဖြစ်ရင် သူလုပ်တာမဟုတ်ဘူးလို့ ငြင်းလို့ရအောင် နေမှာပေါ့။ သူ့ ပါလက်စတိုင်းလူငယ်တွေကို ဥရောပက တက္ကသိုလ်တွေပို့တယ်။ တခုခုဖြစ်ရင် ဥရောပတက္ကသိုလ်တွေမှာ ပါလက်စတိုင်းဘက်က ဆန္ဒပြတယ်။ ကြာတော့ ဥရောပသားတွေက ပါလက်စတိုင်းကို သနားလာကြတယ်။

အာရပ်ဖတ်နောက်ကနေပြီးကြိုးကိုင်တယ်လို့ယူဆရတဲ့ Black Saturday Organization ပါလက်စတိုင်းအစွန်းရောက်လူငယ် ၈ ယောက်ဟာ ၁၉၇၂ ဂျာမဏီနိုင်ငံ မြူးနစ် အိုလံပစ်မှာ အစ္စရေးအားကစားသမားတွေကို ပြန်ပေးဆွဲတယ်။ တောင်းဆိုတာက အစ္စရေးထောင်ထဲက သူတို့လူတွေ ပြန်လွှတ်ပေးဖို့။ အဲ့ဒီအရေးအခင်းမှာ အစ္စရေးက ဂျာမန်အစိုးရကို မော့ဆက်က လူတွေလွှတ်ပြီးဦးစီးချင်တယ်ပြောတယ်။ ဂျာမဏီက မော့ဆက်ကို မလာနဲ့၊ သူ့နိုင်ငံထဲမှာဖြစ်တာမို့ သူတို့ပဲ ကိုင်တွယ်မယ်ပြောတယ်။ ပြန်ပေးဆွဲတဲ့သူတွေက ဓါးစားခံတွေနဲ့ သူတို့ကို အီဂျစ်နိုင်ငံကိုင်ရိုမြို့ကိုသွားဖို့ လေယာဉ်စီစဉ်ပေးရမယ်ပြောတယ်။ ဂျာမဏီရဲတွေက ပြန်ပေးတွေတောင်းဆိုတဲ့အတိုင်း ရဟတ်ယာဉ်တွေ လေယာဉ်တွေစီစဉ်ပေးသလိုလိုနဲ့ လေဆိပ်မှာ ဝင်စီးတာ အလွဲလွဲအချော်ချော်ဖြစ်ပြီး ပါလက်စတိုင်းပြန်ပေးသမားတွေဟာ ဖမ်းထားတဲ့ ဓါးစားခံ အစ္စရေးတွေ အကုန်လုံးသတ်ပစ်လိုက်တယ်။ အစ္စရေး အကုန်သေသလို ပြန်ပေးဆွဲတဲ့ ပါလက်စတိုင်းတွေလည်း ငါးယောက်သေပြီး သုံးယောက် အဖမ်းခံရတယ်။

နောက်လကျတော့ ပါလက်စတိုင်းအဖွဲ့တွေက ဂျာမန်လေယာဉ်ကို ပြန်ပေးဆွဲပြီး အဲ့ဒီပြန်ပေးသုံးယောက်ကို ပြန်လွှတ်ဖို့ တောင်းဆိုလို့ ဂျာမာန်ထောင်ထဲက သုံးယောက်ကို လစ်ဗျားနိုင်ငံထရစ်ပိုလီ မြို့ကို ပို့ပေးလိုက်ရတယ်။ အာရပ်လူမျိုးတွေဟာ ပြန်ပေးသမားတွေ ထရစ်ပိုလီရောက်လာတာကို သူရဲကောင်တွေလို သောင်းသောင်းဖျဖျ ကြိုကြတယ်။ အစ္စရေးတွေဟာ တောက်တခေါက်ခေါက်နဲ့ အတော်ခံပြင်းကြတယ်။ မော့ဆက်က ငါတို့အစ္စရေးလူမျိုးတွေကို ဘယ်နိုင်ငံကမှ မကယ်ဘူး၊ ငါတို့လုပ်မှပဲရမယ်လို့ သန္နိဌာန် ချတယ်။ အဲ့ဒီနောက် ဥရောပတခုလုံးက PLO တွေကို မော့ဆက်လိုက် လက်စားချေတာတွေ တွေ့လာတယ်။ မော့ဆက်ဟာ ဒီသုံးယောက်ကို ပြန်လက်စားချေဖို့ မဆုတ်မနစ်ကြိုးစားတာကိုတွေ့ရတယ်။ သုံးယောက်ထဲက နှစ်ယောက် မော့ဆက်က ပြန်သတ်ခဲ့ကြောင်းသိရပြီး တယောက်ကတော့ သေလားရှင်လားမသိတော့ဘူး။

၁၉၇၀ ကနေ ၁၉၈၈ ကြားထဲ PLO နဲ့ အစ္စရေးတပ်ဖွဲ့တွေ၊ မော့ဆက် နဲ့ BSO ကြားထဲ အပြန်အလှန် ချကြတာတွေ အများကြီးတွေ့ရတယ်။ ၁၉၇၃ မှာ BSO ဟာ ဘန်ကောက်က အစ္စရေးသံရုံးကိုစီးပြီး မောဆက်ကိုအလုပ်ရှုပ်အောင်အာရုံလွှဲထားပြီး အစ္စရေး အမျိုးသမီးဝန်ကြီးချုပ် ဂိုဒါမေရာ ရဲ့လေယာဉ် အီတလီလေဆိပ်အဆင်းမှာ ဆိုဗီယက်ရော့ကက်နဲ့ထုဖို့ပြင်တယ်။ မော့ဆက်က အကြံအစည်တွေ သိသွားလို့ အစ္စရေးတွေ ကက်ဘိနက်တခုလုံးပြုတ်မယ့်အရေးက သက်သာသွားတယ်။ သမိုင်းတလျောက် အာရာဖတ်ရဲ့ ပါလက်စတိုင်းတော်လှန်ရေးဟာ အင်အားကြီးလာတယ်၊ အသေခံတွေ၊ ကားဗုံးထောင်တာတွေ၊ လေယာဉ်ပြန်ပေးဆွဲတာတွေ အပါအဝင် တကမ္ဘာလုံး နေရာအနှံ့ လှုပ်ရှားတာတွေ တွေ့ရတယ်။ ကမ္ဘာကလည်း PLO နဲ့ အာရာဖတ်ကိုအကြမ်းဖက်လို့ စွတ်စွဲတယ်၊ ဒါပေမယ့် တော်လှန်ရေးဟာ ရပ်မသွားဘူး။

အာရာဖတ်ဟာ ကုလသမဂ္ဂမှာလည်း အစိုးရမဟုတ်တဲ့အဖွဲ့အစည်း ခေါင်းဆောင်အဖြစ် တက်ပြီးစကားပြောခွင့် ရလာတယ်။ သူတို့တောင်းဆိုချက်တွေ လိုက်လျောပြီး သံလွင်ခက် ယူမလား? သေနတ်ရွေးမလား လို့ အစ္စရေးကိုကုလသမဂ္ဂမှာ မေး တယ်။ ဘယ်နိုင်ငံဖြစ်ဖြစ် တော်လှန်တဲ့ အဖွဲ့အစည်းနောက်မှာ လူထုပါတယ်၊ နိုင်ငံတကာအကူအညီရတယ်ဆို ပျောက်ကွယ်ဖို့ အတော်ခက်ခဲပြီး တဖြည်းဖြည်း ကြီးလာတာ အာရာဖတ်တို့ PLO ကိုကြည့်ရင်သိနိုင်တယ်။

အစ္စရေးဟာ အာရာဖတ်ကို လုပ်ကြံဖို့ကြိမ်ဖန်များစွာကြိုးစားပါတယ်။ အာရာဖတ်ဟာ သာမန်ခရီးသည်တင်လေယာဉ်ပဲစီးတယ်၊ အဲ့ဒီလေယာဉ်တောင်ပစ်ချဖို့ အစ္စရေးဝန်ကြီးချုပ်က ခိုင်းတယ်၊ မော့ဆက်က ပစ်ချရင် နိုင်ငံတကာကြားထဲ အရုပ်ဆိုးမှာမို့မလုပ်ခဲ့ဘူး။ တခေါက်ကလည်း ဘေရွတ်မြို့ထဲက အားကစားရုံထဲ အာရာဖတ်လာမှာသိလို့ ဗုံးခွဲမလို့၊ အားကစားရုံတခုလုံးက မဆိုင်တဲ့လူတွေ သေကုန်မှာစိုးလို့ မလုပ်တော့တာ။ တခေါက်က အစ္စရေးသတင်းထောက်သုံးယောက်ကို လွှတ်ပြီး အာရာဖတ်နဲ့ တွေ့ပြီး သတင်းယူတဲ့ပုံ ဟန်ပြလုပ်တယ်။ အာရာဖတ်က မင်္သကာလို့ အတွေ့မခံရာကနေ လွတ်သွားပြန်တယ်။ တခေါက်က သူ့ဌာနချုပ်ကိုသိသွားပြီး လေယာဉ်နဲ့ ဗုံးကြဲတာ အာရာဖတ်က လမ်းလျောက်ထွက်နေလို့ လွတ်သွားတယ်။ ၁၉၇၆ ခုနှစ် အာရာဖတ်ကိုလုပ်ကြံဖို့ကြိုးစားတဲ့အထဲမှာ အစာထဲအဆိပ်ထည့်တာတွေပါ ကြံစည်ဖူးတယ်လို့ သိရတယ်။ မော့ဆက်ဟာ အာရာဖတ်ရဲ့ အစားထဲမှာ ထမင်းစေ့ပုံစံအဆိပ်ကို သူတို့ရဲ့ ပါလက်စတိုင်းသားအေးဂျင့် အဘူဆာရတ်ကို ပေးပြီး လုပ်ကြံခိုင်းတယ်။ နောင်အဘူဆာရတ်က ပြန်ပြောတာက သူဟာ ပါလက်စတိုင်းသားတယောက်ဖြစ်နေတဲ့စိတ်က အာရာဖတ်ကို အဆိပ်ခတ်ဖို့ မလုပ်ရဲခဲ့ဘူး တဲ့။ အစ္စရေးဟာ အာရာဖတ်ကိုလုပ်ကြံဖို့အားသန်ခဲ့သလို သူလုပ်ကြံခံရပြီးသေသွားရင် ပါလက်စတိုင်းတခုလုံးရဲ့ သူရဲကောင်း ဖြစ်သွားပြီး မပြီးနိုင်မစီးနိုင် နှစ်ဖက်သွေးချောင်းစီးမှာလည်း စိုးရိမ်ပုံရတယ်။ အာရာဖတ်ဟာ တော်လှန်ရေးစကတည်းက အစ္စရေးလုပ်ကြံမှာကိုကာကွယ်ဖို့ သူဟာ အိပ်ရာတခုမှာ နှစ်ညမအိပ်တဲ့အကြောင်း ပြန်ပြောခဲ့ဖူးတယ်။

၁၉၈၈ နောက်ပိုင်း အီရတ် အမေရိကန် ပင်လယ်ကွေ့စစ်ပွဲ ပြဿနာတွေနဲ့ အာရပ်နိုင်ငံတွေဟာ ဓနအင်အား ချိနဲ့လာတယ်။ ကံဆိုးစွာပဲ အာရာဖတ်ဟာ အီရတ်သမ္မတ ဆာဒန်ဟူစိတ် ဖက်က ရပ်မိလို့ အာရပ်ကမ္ဘာက အာရာဖတ်ကို စိတ်ဆိုးကြတယ်။ အပြောင်းအလဲအတက်အကျတွေ နဲ့ သူ့ပါလက်စတိုင်းဟာ အစ္စရေးလက်က မလွတ်မြောက်တဲ့အတွက် အသက်အရွယ်ရလာတဲ့ အာရာဖတ်ဟာ ငြိမ်းချမ်းရေးဖက်ကိုယိမ်းလာတာလည်း တွေ့ရပါတယ်။သမိုင်းတလျောက် အစ္စရေး နဲ့ အမေရိကန်ကလည်း မဟာမိတ်အရင်းအချာ ဖြစ်လာတယ်။ သူ့တော်လှန်ရေးက ငွေနည်းလာတယ်။ ပါလက်စတိုင်း နဲ့ အစ္စရေးပြဿနာ ဘယ်တော့မှ ပြီးမှာမဟုတ်ဘူး တွက်မိဟန်တူတယ်။ ၁၉၈၈ မှာပဲ ပါလက်စတိုင်းအာရပ်တွေဟာ အစ္စရေးကို ဆန္ဒပြကြသလို PLO ကိုလည်း ကန့်ကွက်ကြတယ်။ အာရာဖတ်ဟာ သူ့ကိုထောက်ခံမှုကျလာတာ အတော်အံ့အားသင့်သွားတယ်။ အစ္စရေးက အင်အားသုံး နှိပ်နှင်းတဲ့အခါ ကမ္ဘာက အစ္စရေးကို အပြစ်တင်ကြတယ်။

၁၉၉၀၊ အသက် ၆၁ နှစ်မှာ အာရာဖတ်ဟာ အသက် ၂၇ နှစ်အရွယ် ပါလက်စတိုင်းခရစ်ယာန်အမျိုးသမီး ဆူဟာတဝယ် ဆိုတဲ့ အမျိုးသမီးကို လက်ထပ်လိုက်တယ်။ ၁၉၉၅ မှာ သမီးလေးတယောက်မွေးတယ်။

၁၉၉၃ မှာ နော်ဝေးအစိုးရက ကြားဝင်စီစဉ်ပေးတဲ့ အစ္စရေး၊ ပါလက်စတိုင်း ဆွေးနွေးပွဲကို အာရာဖတ်က လက်ခံလိုက်တယ်။ နော်ဝေးအစိုးရ က အဲ့ဒီခေတ် အစ္စရေးဝန်ကြီးချုပ် ရော်ဘင်နဲ့ အာရာဖတ် ကို ညှိနှိုင်းပေးခဲ့တယ်။ အဓိကကတော့ ငြိမ်းချမ်းရေး နိုင်ငံနှစ်ခုခွဲရေး ဆိုတာထက် အစ္စရေးတပ်တွေ ပါလက်စတိုင်း​အများစုနေကြတဲ့ West Bank နဲ့ ဂါဇာကဆုတ်ပေးပြီး အာရာဖတ်လက်ထဲ လွှဲပေးတာပါ။ West Bank နဲ့ ဂါဇာကလည်း တခုနဲ့တခု မြေ ဆက်စပ်နေတာ မဟုတ်ဘူး။ အစ္စရေး ရဲ့ အရှေ့ဖက် နဲ့ တောင်ဖက်မှာ။ နှစ်ခုပေါင်းရအောင်လည်း မြေမဆက်စပ်၊ တနေရာစီ။

ဘာပဲပြောပြော အစ္စရေးဝန်ကြီးချုပ် ရစ်ဇတ် ရော်ဘင် နဲ့ ပါလက်စတိုင်းခေါင်းဆောင် ယာဆာ အာရာဖတ်ရဲ့လက်ထက်မှာ နှစ်ပေါင်းများစွာတိုက်ခိုက်လာတဲ့ ရန်ဘက်မျိုးနွယ်စုနှစ်စုဟာ ပထမဆုံးအကြိမ် ကမ္ဘာသိ ငြိမ်းချမ်းရေး လုပ်နိုင်ခဲ့တော့ ကမ္ဘာက ဝမ်းသာကြတယ်။ ၁၉၉၄ မှာ သူတို့နှစ်ယောက် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရကြတယ်။

၁၉၉၄ နှောင်းပိုင်းကာလမှာ မပြီးပြတ်တဲ့ ငြိမ်းချမ်းရေးကို ဆက်ဆွေးနွေးကြတယ်။ အာရာဖတ်ဟာ ပါလက်စတိုင်းတမျိုးသားလုံးရဲ့ထောက်ခံမှုရခဲ့ပြီး ပါလက်စတိုင်း ဝန်ကြီးချုပ်ဖြစ်လာတယ်။ သူတို့ငြိမ်းချမ်းရေးကို ဆက်ဆွေးနွေးကြပေမယ့် အကောင်အထည်မဖေါ်နိုင်ဘဲ အတော်ကြန့်ကြာလာတယ်။ ပါလက်စတိုင်းတွေဟာ အစ္စရေးညစ်တယ်လို့ထင်လာသလို ဟားမတ်စ်လို အစွန်းရောက် အဖွဲ့သစ်တွေအများကြီး ပေါ်လာတယ်။ အစ္စရေးကတော့ အာရာဖတ်ဟာ မီးစတဖက်ရေမှုတ်တဖက်နဲ့ စွတ်စွဲတယ်။ လေးငါးနှစ် ငြိမ်းချမ်းနေတဲ့ ပါလက်စတိုင်းဒေသဟာ ၂၀၀၂ ခုနှစ်မှာ ဟားမတ်စ်အကြမ်းဖက်တွေရဲ့ အသေခံဗုံးခွဲတာတွေကြောင့် အစ္စရေး ၂၉ ယောက်သေပြီး အစ္စရေး နဲ့ အာရာဖတ်ပြဿနာပြန်တက်တယ်။ အစ္စရေးက အာရာဖတ်ကိုမယုံဘူး။ စစ်သွေးကြွတွေကို နောက်ကနေမြှောက်ပေးတယ်၊ ငြိမ်းချမ်းရေး ကတိမတည်ဘူး၊ ပါလက်စတိုင်းတွေရတဲ့ ထောက်ပံ့တဲ့ငွေ ဘီလီယံနဲ့ချီလိမ်ယူတယ်လို့ စွတ်စွဲတယ်။ အာရာဖတ်အစား ပျော့ပြောင်းတဲ့ ပါလက်စတိုင်းခေါင်းဆောင်တဦးနဲ့ လဲဖို့ကြိုးစားတယ်။ ၂၀၀၃ မှာ အာရာဖတ်ဟာ အမေရိကန်ရဲ့ ဖိအားကြောင့် မာမွတ်ဘာဘတ်ကို ဝန်ကြီးချုပ်ရာထူးလွှဲပေးရတယ်။

ငြိမ်းချမ်းရေးမပြီးပြတ်၊ West Bank အစ္စရေးရဲ့ကန့်သတ်မှုအောက်မှာ အကျယ်ချုပ်လိုပုံစံနဲ့ နေရတုန်း အာရာဖတ်ဟာ ကျမ်းမာရေးရုတ်တရက်ချို့ယွင်းလာတယ်။ အာရပ်နိုင်ငံတွေက ဆရာဝန်မျိုးစုံလွှတ်ပေးပေမယ် မသက်သာလို့ သူ့ကို ပြင်သစ်နိုင်ငံကိုပို့ပြီးဆေးကုသပေမယ့် နိုဝင်္ဘာ ၂၀၀၄ မှာ သေဆုံးသွားတယ်။ ပါလက်စတိုင်းတော်လှန်ရေးကို စတင်ခဲ့တဲ့ ခေါင်းဆောင်တဦး ကျဆုံးသွားတာမို့ အာရပ်ကမ္ဘာတခုလုံးက ဝမ်းနည်းကြတယ်။ အစ္စရေးက အာရာဖတ်ကို ဂျေရုဆလင်က ရွှေကျောင်းဗလီဘေးမှာလာပြီး အုတ်ဂူလုပ်ပြီး သူရဲကောင်းဗိမ္မာန် လုပ်မှာ ကြောက်တယ်၊ အလောင်းကို အသယ်မခံဘူး။ အီဂျစ်မှာ သင်္ဂြိုလ်ပြီး ယာယီလုပ်ထားတယ်။ တနေ့ ပါလက်စတိုင်းနိုင်ငံတည်ထောင်ပြီးတဲ့အခါ အရှေ့ဂျေရုဆလင်မှာ ခမ်းခမ်းနားနား သင်္ဂြိုလ် မယ်လို့ ကြုံးဝါးထားကြတယ်။

ယာဆာအာရာဖတ်သေပြီးတဲ့နောက် PLO ဟာ West Bank ကိုအုပ်ချုပ်ပြီး ၂၀၀၇ ခုနှစ် ဂါဇာမှာတော့ ဟာမတ်စ်တို့ အာဏာရသွားတယ်။ ဂါဇာမှာ ယာဆာအာရာဖတ် လေဆိပ်ဆိုပြီး ဆောက်ဖို့ကြိုးစားပေမယ့် အစ္စရေးက ဗုံးကြဲထားလို့မဆောက်နိုင်သေးဘူး။ ပါလက်စတိုင်း၊ အစ္စရေးလူမျိုးရေး ဘာသာရေး မုန်းတီးမှုဟာ သံသရာတကြော့ပြန်လည်ပြီး တိုက်ခိုက်မှု၊ မကျေနပ်မှု၊ အိမ်နီးချင်းနဲ့အဆင်မပြေမှုတွေက ဆက်ဖြစ်နေဆဲ….ဟစ်ဇဘိုလာပြောက်ကြား၊ ဟားမတ်စ်၊ အယ်အာဆာ တပ်တွေအပါအဝင် ပါလက်စတိုင်းလွတ်မြောက်ရေး အမျိုးစုံသော အဖွဲ့တွေဟာ အစ္စရေး ကို လစ်ရင် လစ်သလိုဝင်ဆော်ဖို့ကြိုးစားဆဲ…..

အာရာဖတ်သေဆုံးတာဟာ ရောဂါအခံကြောင့်လိုလို၊ AIDS ကြောင့်၊ မော့ဆက်ရဲ့အဆိပ်ကြောင့်လိုလို သံသယပေါင်းများစွာနဲ့ ယနေ့အထိ အဖြေရှာမရပါဘူး။ အာရာဖတ်ကတော့ မွေးကတည်းက သေတဲ့အထိ တိုက်သွားခဲ့ပေမယ့် အောင်မြင်တဲ့အသီးအပွင့်မပေးခဲ့နိုင်ဘူးဆိုတဲ့ သမိုင်းတခုချန်ထားခဲ့တယ်။

ငြိမ်းချမ်းရေးဟာ လူတွေရဲ့ ဆန္ဒ၊ နောက်ကတွန်းအား၊စိတ်အခြေခံပြောင်းလဲလာမှု၊ နိုင်ငံတကာ ပံ့ပိုးမှုတွေနဲ့ ဖြစ်လာနိုင်ပေမယ့် အလွန်ရှားကြောင်း၊ လက်နက်ကိုင်တွေ ခိုင်ခိုင်မာမာတည်ဆောက်နိုင်သွားတဲ့အခါ တဦးကိုတဦး ဘယ်လိုမှ ရှင်းထုတ်လို့ မရနိုင်ပဲ ပြဿနာတွေ ပိုဆိုးဆိုးလာတာ တွေ့ကြရတယ်။ ပြဿနာတွေထဲမှာ ဘာသာရေးအခြေခံ၊ လူမျိုးရေးပြဿနာဟာ ရှင်းရအခက်ဆုံး ဖြစ်တယ်ဆိုတာ တွေ့ရတယ်။ လက်ရှိအခြေအနေဟာ ဘယ်သူမှ အောင်မြင်မှာမဟုတ်ဘူး၊ ငကန်းသေ ငစွေပေါ်တဲ့ကမ္ဘာမှာ အစ္စရေး၊ ပါလက်စတိုင်းအာရပ်တွေတိုက်ပွဲဟာ နှစ်ဖက် ပြည်သူတွေအသက်တွေသာ ထပ်ပေးကြပြီး ငြိမ်းချမ်းရေးတော့ ဝေးနေဆဲဆိုတာ မြင်နေရပါတယ်။

ကျော်စွာမင်း (ပုဂံ)

မှတ်ချက်။ ၂၀၂၃ ခုနှစ်၊အောက်တိုဘာလမှာ ဆရာကျော်စွာမင်း ရေးသားခဲ့တဲ့ “အစ္စရေးအကြောင်း” (၁-၁၀) မှာ (၈-၁၀) ကို အပိုင်း-၄ ဇာတ်သိမ်းခန်းအဖြစ် ဖော်ပြလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *