အိန္ဒိယနိုင်ငံမှာ ထောင်ကျနေတဲ့ မြန်မာစစ်ဘေးဒုက္ခသည်တွေရဲ့ ကလေးငယ်တွေဟာ ကာကွယ်ဆေးထိုးမယ့်အရွယ်မှာ ကာကွယ်ဆေးထိုးခွင့်မရကြတာကြောင့် ကူးစက်ရောဂါနဲ့ တခြားပြင်းထန်ရောဂါတွေ အလွယ်တကူခံစားရနိုင်တဲ့ အန္တရယ်ရှိနေတယ်လို့ အိန္ဒိယ – မြန်မာအရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ ဖြစ်တဲ့ India for Myanmar ရဲ့ စက်တင်ဘာလအတွင်းဖော်ပြတဲ့ အစီရင်ခံစာအရ သိရပါတယ်။
လက်ရှိမှာ အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်(မဏိပူရ်ထောင်) နဲ့ အာသံပြည်နယ် (အာသံထောင်) မှာဖမ်းဆီးအကျဉ်းချခံရတဲ့ မြန််မာဒုက္ခသည်အရေအတွက်ဟာ ထောင်ထဲမှာ မွေးဖွားခဲ့တဲ့ ကလေးငယ် ၇ ဦး အပါအဝင် အသက် ၁၅ နှစ်အောက် ကလေးက (၂၆)ဦး၊ အသက် ၁၅ နှစ်ကနေ ၂၇ နှစ်အရွယ် က (၆၇) ဦး၊ အသက် ၂၈ ကနေ ၅၀ အရွယ်က (၁၀၉)ဦးနဲ့ ရောဂါခံရှိတဲ့သူအပါအဝင် အသက် ၅၀ ကျော်အရွယ်က ၂၈ ဦး အားလုံးစုစုပေါင်း ၁၇၃ ဦးရှိတယ်လို့ သိရပါတယ်။
ဖမ်းဆီးထိန်းသိမ်းခံရတဲ့ မြန်မာစာဘေးဒုက္ခသည်တွေထဲမှာ အသက် ၁၅ နှစ်အောက် ကလေးငယ် ၂၆ ဦးရှိပါတယ်။ အပြစ်လုံးဝမရှိတဲ့ ကလေးငယ်တွေကို အိန္ဒိယအစိုးရက တစ်သက်လုံး လူညွှန့်တုံးစေရန် ထောင်ထဲမှာ နှစ်နဲ့ချီ စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ နှိပ်ကွပ်မှုတွေကြားမှာ ဆက်လက်ဒဏ်ခတ်ထားတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
ထောင်ထဲမှာ အသက် ၅၀ အထက်သက်ကြီးရွယ်အို (၂၈)ဦး ရှိပါတယ်။ သက်ကြီးပိုင်း ဖမ်းဆီးခံဒုက္ခသည်တွေဟာ ထောင်က တင်းကျပ်တဲ့ ထောင်တွင်းစည်းကမ်းတွေကြောင့် ၎င်းတို့အတွက် ပိုခက်ခဲစေသလို စိတ်မရှည်တဲ့ ထောင်ဝန်ထမ်းတွေရဲ့ ကြမ်းတမ်းတဲ့ ပြစ်တင်ဆဲဆိုခြင်းကို အများဆုံး ခံနေရတယ်လို့လည်း ဖော်ပြထားပါတယ်။
သက်ကြီးပိုင်းဖမ်းဆီးခံဒုက္ခသည်တွေဟာ နာတာရှည်ရောဂါ အများဆုံးခံစားနေရသူတွေဖြစ်ပြီး ထိုသို့ရောဂါခံတွေ ရှိနေချိန်မှာ ဆေးကုသခွင့် ပိတ်ပင်ခံရတာကြောင့် ထောင်တွင်းသေဆုံးလုမတက် ဖျားနာမှုတွေ့ကြုံရလေ့ ရှိတယ်လို့လည်း အစီရင်ခံစာဖော်ပြချက်အရ သိရပါတယ်။
မဏိပူရ်ပြည်နယ် အင်ဖာထောင်က မြန်မာစစ်ဘေးဒုက္ခသည်အများစုဟာ မဏိပူရ်ပြည်နယ် ရဲတပ်ဖွဲ့၏ မြန်မာစစ်ဘေးဒုက္ခသည်တွေ ဖမ်းဆီးနှိမ်နင်းရေးစီမံချက်အတွင်း ဖမ်းဆီးခံရသူနဲ့ UNHCR အသိမှတ်ပြု အထောက်အထားရရှိရန် မဏိပူရ်ပြည်နယ်ကနေ UNHCR ရုံးစိုက်တဲ့ နယူးဒေလီမြို့အသွားလမ်းမပေါ် ဖမ်းဆီးခံရသူ အများအပြားရှိခဲ့ပြီး အာသံပြည်နယ်မှာ ဖမ်းဆီးခံရမြန်မာဒုက္ခသည်တွေဟာလည်း UNHCR အသိမှတ်ပြုကဒ်ပြုလုပ်ဖို့ နယူးဒေလီမြို့အသွား အာသံပြည်နယ်ဖြတ်စဉ် အဖမ်းခံရခြင်းဖြစ်တယ်လို့ India for Myanmar ရဲ့ အစီရင်ခံစာမှာဖော်ပြပါတယ်။
မဏိပူရ်အကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့ မြန်မာဒုက္ခသည်တွေဟာ ထောင်ကနေ အမြန်ဆုံးပြန်လွှတ်ပေးဖို့ စစ်ကောင်စီထံ ပြန်လွှဲပြောင်းတာတွေ မလုပ်ဖို့ ဇွန်လ ၁၆ ရက်နေ့ကနေ ဇူလိုင်လ ၃ ရက်နေ့အထိ အစာငတ်ခံဆန္ဒပြခဲ့ကြပြီး ထောင်အာဏာပိုင်တွေဘက်က တစ်စုံတစ်ရာ တုံပြန်မှုမရှိတာကြောင့် သြဂုတ်လ ၂၆ ရက်နေ့ကနေ သြဂုတ်လ ၃၀ ရက်နေ့အထိ နောက်တစ်ကြိမ်အစာငတ်ခံဆန္ဒပြခဲ့ကြပါတယ်။