Headlines

AA ထိန်းချုပ်ထားတာ ၁ နှစ်ပြည့်ပြီဖြစ်တဲ့ ချင်းပြည်နယ်၊ပလက်ဝမြို့နယ်ရဲ့ ရှေ့ရေး ဘယ်လိုလဲ ???

မိုင်မိုင်မန်းထာ

“ငါအင်အားရှိတယ် ငါအင်အားရှိတဲ့အတွက် ငါသိမ်းတယ်ကွာ မင်းတို့ဘာတတ်နိုင်လဲဆိုတာမျိုး သူတို့လည်း အဲ့တာခံခဲ့ရတယ် လေ ဗမာကအင်အားရှိတော့ မင်းတို့ရေနံတွေ ကြိုက်သလိုလုပ်မယ် ငါသုံးချင်သလိုသုံးမယ် မင်းတို့ ရော့အင့် တစ်ပြား/နှစ်ပြားပေးလိုက်တာ ဘယ်လောက်ခံပြင်းဖို့ကောင်းလဲ အဲ့တာ ကိုယ်ကိုတိုင်က အဲလိုဟာမျိုးခံလိုက်ရပြီးတော့ …. ကိုယ်ကအင်အားနည်းနည်းရှိလို့ဆိုပြီး အဲ့တာမျိုး ပြန်လုပ်မယ်ဆိုတာတော့ မသင့်တော်ပါဘူး ဒါကတော့ နောက်ပြီးတော့ ပြဿနာတွေက ကျနော်တို့မှာနည်းပါတယ်”

ဝါရင့်ချင်းနိုင်ငံရေးသမား Salai Kipp

နိုင်ငံရေးအကျဉ်းသားဟောင်း၊ ချင်းကျောင်းသားခေါင်းဆောင်ဟောင်း၊ ဝါရင့်ချင်းနိုင်ငံရေးသမားလည်းဖြစ်သူ ဒီမိုကရေစီအတွေးအခေါ်နဲ့ ဖက်ဒရယ်ကျွမ်းကျင်သူ Salai Kipp က အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်ပလက်ဝမြို့နယ်အရေးနဲ့ပတ်သက်ပြီး သူ့အမြင်တွေကို Chin World Media ဆီမှာ အခုလို ဖြေကြားခဲ့တာဖြစ်ပါတယ်။

အာရက္ခတပ်တော် (AA) ဟာ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်မှ စတင်ကာကုလားတန်မြစ်အထက်ပိုင်း ပလက်ဝမြို့နယ်ရှိ စစ် ကောင်စီတပ်စခန်းများကို စတင်ထိုးစစ်ဆင်ကာ စခန်းတစ်ခုပြီးတစ်ခု သိမ်းယူခဲ့ပြီး ၂ လ အကြာမှာ ချင်းလူမျိုးအများစု နေထိုင်တဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်ဒေသတစ်ခုလုံးကို ထိန်းချုပ်နိုင်ပြီလို့  အာရက္ခတပ်တော် (AA) က၂၀၂၄ ခုနှစ်ဇန်နဝါရီလ (၁၄) ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ချင်းပြည်နယ်၊ပလက်ဝမြို့နယ်ကို  အာရက္ခတပ်တော် (AA) သိမ်းပိုက်ထိန်းချုပ်ထားတာ အခုဆိုရင်  ၁ နှစ်ပြည့်ပြီဖြစ်ပါတယ်။

မနှစ် ၂၀၂၄ ခုနှစ်နှစ်စမှာ ပလက်ဝမြို့နယ်ကို AA သိမ်းပိုက်ထိန်းချုပ်နိုင်ပြီဆိုတဲ့သတင်းဟာ ချင်းလူမျိုးများအကြား ပွတ် လော ရိုက်ခတ်ခဲ့တဲ့သတင်းကြီး ၁ ပုဒ် ဖြစ်ခဲ့ပါတယ်။ AAရဲ့ မနှစ် ၂၀၂၄ ခုနှစ်၊ဇန်နဝါရီလ (၁၄) ရက်နေ့ ထုတ်ပြန်ချက်ထဲမှာ ပလက်ဝဒေသတစ်ခုလုံးမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းများကို တစ်ခုမကျန်၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တစ်ယောက်မကျန်အောင် ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် ပလက်ဝဒေသတစ်ခုလုံးမှာ စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရားနဲ့ စစ်ကောင်စီအာဏာစက် လုံးဝချုပ်ငြိမ်းသွားပြီလို့ ထုတ်ပြန်ခဲ့ပါတယ်။

ပလက်ဝမြို့နယ်ဟာ  လူဦးရေ ၁ သိန်းခန့် နေ ထိုင်ကာ ချင်းပြည်နယ်၏ တောင်ဘက်အစွန်တွင်ရှိ၍ ချင်းပြည်နယ် ၊ မင်းတပ်ခရိုင်တွင်တည်ရှိပါတယ်။ မြောက်လတ္တီကျူ (၂၀)ဒီဂရီ (၄၅)မိနစ်နှင့် (၂၂)ဒီဂရီ (၉)မိနစ်ကြား ၊ အရှေ့လောင်ဂျီတွဒ် (၉၂)ဒီဂရီ (၃၀)မိနစ် နှင့် (၉၃)ဒီဂရီ (၄၀)မိနစ်ကြားတွင် တည်ရှိပြီး အကျယ်အဝန်းမှာ (၂၀၀၁၃၀၄)စတုရန်း ဧကကျယ်ဝန်းပါတယ်။ အရှေ့မှအနောက်သို့(၅၉.၂၀)မိုင် ရှိပြီး တောင်မှမြောက်သို့ (၉၈.၄၀)မိုင်ရှည်လျားပါတယ်။

ပလက်ဝမြို့နယ်အတွင်း ေနထိုင်တဲ့ လူဦးရေ ၁ သိန်းဝန်းကျင်မှာ လူဦးရေအများစုက ခူမီးချင်းလူမျိုးဖြစ်ပြီး ခေါင်စိုချင်း၊ အနူးချင်း၊ မတူချင်း၊ မရာချင်းနဲ့ ဒိုင်ချင်းတွေလည်း နေထိုင်ကြကာ ရခိုင်လူမျိုး လူဦးရေက ၂ သောင်းနီးပါးခန့်သာရှိတဲ့ဒေသဖြစ်ပါတယ်။

ပလက်ဝမြို့နယ်ရဲ့ အရှေ့ဘက်မှာ မင်းတပ်ခရိုင် ၊ ကန်ပက်လက်မြို့နယ် ၊ မတူပီမြို့နယ်တို့နှင့် နယ်နိမိတ်ထိစပ်လျက်ရှိပြီး တောင်ဘက်မှာ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် ၊ မြောက်ဦးမြို့နယ် ၊ မင်းပြားမြို့နယ်တို့နှင့် ထိစပ်လျက်ရှိပါတယ်။ အနောက်ဘက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ရခိုင်ပြည်နယ် ၊ ဘူးသီးတောင်မြို့နယ်တို့နှင့် ထိစပ်လျက်ရှိပြီး မြောက်ဘက်မှာ အိန္ဒိယနိုင်ငံနှင့် နယ်နိမိတ် ထိစပ်လျက်ရှိပါတယ်လို့ ဒေသအချက်အလက်အရသိရပါတယ်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်ဟာ အာရက္ခတပ်တော်(AA) လက်နက်ကိုင်တော်လှန်ရေးလုပ်ဖို့အတွက်ပထမဆုံးခြေကုပ်ယူခဲ့တဲ့ အခြေချခဲ့တဲ့နေရာ ၊အချက်အခြာကျတဲ့ဒေသလည်းဖြစ်ပါတယ်။ချင်းပြည်နယ် ပလက်ဝမြို့နယ်ဟာ အိန္ဒိယနယ်စပ်၊ ဘင်္ဂလားဒေ့ရှ်နယ်စပ်တွေနဲ့ ရခိုင်ပြည်နယ်ကို ဆက်စပ်ထားပြီး ရေလမ်း၊ ကုန်းလမ်း တွေနဲ့ ကုန်စည်ကူးသန်းမှုအပိုင်းမှာ အဓိကကျတဲ့ ဒေသတစ်ခုလည်း ဖြစ်ပါတယ်။

အာရက္ခတပ်တော် (AA) ဟာ ၁၀၂၇ စစ်ဆင်ရေးစတင်ပြီး နောက်ပိုင်း ရခိုင်ပြည်နယ်ကမြို့နယ် တွေနဲ့ ချင်းပြည်နယ်ပလက်ဝမြို့နယ်တို့ကိုသိမ်းပိုက်ရရှိ ရေး ကြိုးပမ်းရာမှာ ပထမဆုံး ပလက်ဝမြို့နယ်၁ခုလုံးကိုသိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ပလက်ဝမြို့နယ်ဟာ အာရက္ခတပ်တော် (AA) အတွက် အ ရေးပါတဲ့ နေရာဖြစ်တယ်ဆိုတာ AA ခေါင်း ဆောင် တွေကလည်း မီဒီယာ တွေဆီမှာ ဖြေကြားဖူးပါတယ်။

ချင်းပြည်နယ်ပလက်ဝမြို့နယ်မှာ ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော် (CNF/CNA) နှင့် ပူးပေါင်း လှုပ်ရှားနေတဲ့ ချင်းဒေသကာကွယ်ရေးအဖွဲ့-ပလက်၀ (CDF-Paletwah) လည်း အခြေစိုက်သလို AA နှင့်အတူ ပူးပေါင်း တိုက်ခိုက်နေသော မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MDF) လည်း လှုပ်ရှားနေပါတယ်။

အိန္ဒိယ-မြန်မာ- ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံကုန်သွယ်ရေးမှာ အရေးပါသော အဓိကလမ်းကြောင်းဖြစ်တဲ့ ပလက်ဝမြို့နယ် ကုလားတန်မြစ်ရဲ့အနောက်ဘက်ခြမ်းကို ယခင်ကတည်းက AA က နယ်မြေစိုးမိုးမှု ရယူထားကာ အခု တော့ပလက်ဝမြို့နယ် ၁ ခု လုံးကိုထိန်းချုပ်ထားနိုင်ပြီဖြစ်ပါတယ်။

ချင်းပြည်နယ် ပလက်ဝမှ အိန္ဒိယနိုင်ငံနယ်စပ် မီဇိုရမ်ပြည်နယ်ကို ဆက်သွယ်မယ့် ၁၁၀ ကီလိုမီတာရှည်လျားတဲ့ ပလက်ဝ- ဇိုရမ်းပွီး အိန္ဒိယနယ်စပ် အဝေးပြေးလမ်းမ နဲ့ ကုလားတန်ဘက်စုံစီမံကိန်း တစ်ခုလုံး ဟာ AA ရဲ့ထိန်းချုပ်မှုအောက် လုံးလုံးလျားလျား ကျရောက်သွားပြီ ဖြစ်ပါတယ်။

ချင်းလူမျိုးအများစု နေ ထိုင်တဲ့ ချင်းပြည်နယ်ပလက်ဝမြို့နယ်ကို အာရက္ခတပ်တော် (AA) က ထိန်းချုပ်ပြီးတဲ့ နောက်မှာ  ချင်းလူမျိုးများအကြား ပလက်ဝမြို့နယ်ရဲ့ ရှေ့ ရေး အတွက် တွေးပူပန်မူ တွေအသံများစွာ ဖေ့ဘုတ်လူမူကွန်ရက်စာမျက်နှာ တွေ အပေါ်မှာထွက် ပေါ်လာပါတယ်။

AA လက်နက်ကိုင် အဖွဲ့အနေဖြင့် ၂၀၁၅ ခုနှစ်က စတင်ကာ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၌အခြေစိုက်ကာ နိုင်ငံရေး ရည်မှန်းချက်ကို စစ်ရေး နည်းလမ်းဖြင့် ပုံဖော်ခဲ့ကြောင်း၊ ချင်းနှင့် ရခိုင်တိုင်းရင်းသားများမှာ ရှေးယခင်ကပင် ချစ်ခင် ရင်းနှီးစွာ အတူတကွ ယှဉ်တွဲနေထိုင်ကြသည်ကို ချင်းတိုင်းရင်းသားများအနေဖြင့် အသိအမှတ်ပြုကာ ပလက်ဝ မြို့နယ် တွင် AA အဖွဲ့၏ လုပ်ရပ်များကို နားလည်သည်းခံခဲ့ကြကြောင်း ၂၀၁၉ ခုနှစ် ဧပြီလ၂၅ ရက်ကချင်းအရပ်ဖက်လူမှုအဖွဲ့အစည်းများကွန်ရက်ကထုတ်ပြန်ခဲ့ဖူးပါတယ်။

အာရက္ခတပ်တော် (AA) နဲ့ ချင်းအမျိူးသားတပ်ဦး(CNF) တို့ ပလက်ဝ အရေးနဲ့ပတ်သက်ပြီး ၂၀၂၁ စစ် အာဏာမသိမ်းခင်နှစ်များမှာ တခါတရံ တွေ့ဆုံဆွေးနွေးမူ တွေရှိခဲ့ပေမယ့် ပလက်ဝနဲ့ပတ်သက်ပြီး ဘာသဘောတူညီချက်မှမရှိခဲ့ပါဘူး။ လက်ရှိမှာ ၂၀၂၁ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမူနောက်ပိုင်းမှာ ချင်းပြည်မှာလက်နက်ကိုင်အဖွဲ့များစွာ ေပါ်ထွက်လာ ေပမယ့် ပလက်ဝအ ရေးနဲ့ပတ်သက်ပြီး AAနဲ့ ချင်းလက်နက်ကိုင်အဖွဲ့ တွေ အကြားဘာမှ ဆွေး နွေးတာမရှိခဲ့ပါ။

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ချင်းလူမျိုးအများစုနေထိုင်တဲ့ ချင်းပြည်နယ်၊ပလက်ဝမြို့နယ်မှာ ရခိုင်ဘာသာကို အခြေခံတဲ့ အာရက္ခပညာရေးစနစ်ကို ၂၀၂၅ – ၂၀၂၆ ပညာသင်နှစ်အတွက်အကောင်အထည်ဖော်ဖို့အခုအချိန်မှာပြင်ဆင်နေတဲ့အပေါ် ဒေသခံချင်းလူမျိုးတွေက မကြိုက်ကြဘူးလို့ ပလက်ဝဒေသခံတွေဆီကနေ သိရပါတယ်။

ပလက်ဝဒေသခံတစ်ဦးပြောတာက “၂၀၂၅ – ၂၀၂၆ ပညာသင်နှစ်အတွက် ပြင်ဆင်နေတယ်လို့ သိရတယ်။ အခုက AA ထိန်းချုပ်ပြီး အုပ်ချုပ်နယ်မြေမှာ ဒီနှစ်ကစတင်ပြီး အကောင်အထည်ဖော်ချင်တဲ့ သဘောရှိပါတယ်။ ဒေသခံပြည်သူတွေကတော့ မကြိုက်တာက အမှန်ဘဲ ဒီအချိန်မတတ်နိုင်လို့သာပေါ့ သူတို့စာပေ၊ သူတို့စကား၊ သူတို့မှုပေါ်လစီမကြိုက်ကြတာပါ လူမျိုးမတူ၊ တစ်ခြားလူမျိုးအုပ်ချုပ်ရေး အောက်ရောက်သွားတော့ မကြိုက်ပေမယ့် မတတ်နိုင်ဘူးပေါ့” လို့ပြောပါတယ်။

ချင်းလူမျိုးအများစုရှိတဲ့ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အာရက္ခပညာရေးစနစ်ပြဋ္ဌာန်းမှုအပေါ် ပလက်၀ကချင်းလူမျိုးများကသဘောမတွေ့ကြတာဖြစ်ပါတယ်။ အာရက္ခတပ်တော်(AA )ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တချို့မှာတော့ အာရက္ခပညာရေးစနစ်ကို စတင်အကောင်အထည်ဖော် သင်ကြားနေပြီဖြစ်ပါတယ်။

AA ဟာ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်ကိုသိမ်းပိုက်ထိန်းချုပ်ထားသလို ချင်းလက်နက်ကိုင် ၆ ဖွဲ့စုစည်းထားတဲ့ ချင်းညီနောင်အဖွဲ့နဲ့မဟာမိတ်ဖွဲ့ထားကာ ချင်းပြည်နယ် တောင်ပိုင်းမှာ စစ်ကောင်စီကင်းစင်ရေးအတွက် ကျင် ဒွေးမြို့၊မတူပီမြို့၊မင်းတပ်မြို့သိမ်းတိုက်ပွဲစစ်ဆင်ရေးတွေမှာ ချင်းညီနောင်အဖွဲ့ကို အောင်မြင်အောင် ကူညီပံ့ပိုး ပေးခဲ့ပါတယ်။

လက်ရှိမှာ အာရက္ခတပ်တော် (AA) နဲ့ Chinland Council အကြားမှာ ပလက်၀နဲ့ပတ်သက်ပြီးတွေ့ဆုံဆွေးနွေးမူ မရှိသလို AA နဲ့မဟာမိတ်ဖွဲ့ထားတဲ့ ချင်းညီနောင်အဖွဲ့နဲ့ AA တို့အကြားမှာလည်း ပလက်၀ အ ကြောင်းဘာမှ ဆွေးနွေးထားပုံမရပါ။

AA အ နေဖြင့် ချင်းနဲ့ရခိုင် တိုင်းရင်းသားအချင်းချင်းအကြားချစ်ကြည်ရင်းနှီးမူမပျက်ဖို့ ပလက်ဝနဲ့ချင်းအရေးကိုထည့်သွင်းစဉ်းစားပြီး ပလက်ဝ ေ ရှ့ ရေးနဲ့ပတ်သက်ပြီး ချင်းလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ဆွေးနွေးပွဲတွေ အခုကတည်းကပြုလုပ်ဖို့လိုတယ်လို့ ချင်းနိုင်ငံရေး သမား ၁ ဦးကပြောပါတယ်။

“AA နဲ့ပတ်သက်ပြီး ချင်းအရေး ဆွေးနွေးစရာဆိုလို့ ပလက်၀ရှေ့ရေးနဲ့ပတ်သက်ပြီးရှင်းရှင်းလင်းလင်း ဆွေး နွေးချင်တယ် ၊ ကျန်တာမရှိပါဘူး၊ချင်းနယ်မြေဖြစ်တဲ့ ပလက်ဝ ကို ချင်း တွေလက်ထဲအပ်ဖို့ AA ခေါင်း ဆောင်ပိုင်းတွေအ နေနဲ့ကြိုစဉ်းစားပေးဖို့လိုပါတယ်။ငါတို့တိုက်လို့ပလက်ဝရတာ ၊မင်းတို့လည်းငါတို့လက်ထဲက လိုချင်ရင်ပြန်တိုက်ဆိုတဲ့သဘောမဖြစ်ဖို့လိုမယ်” လို့သူက ပြောပါတယ်။

အခုအချိန်မှာ AA ထိန်းချုပ်ထားတာ ၁ နှစ်ပြည့်ပြီဖြစ်တဲ့ ချင်းပြည်နယ်၊ပလက်ဝမြို့နယ်ရဲ့ ရှေ့ရေး ဘယ်လိုလဲ ???နောင်တချိန်မှာ ပလက်ဝဟာ ချင်းပြည်မဟုတ် တော့မှာ ချင်းလူထုအကြားစိုးရိမ်မှုက ရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *