
ရဲဘော်ကျော်သန်း
မြောက်ပိုင်းမဟာမိတ်တွေရဲ့ ၁၀၂၇ နိုးထလှုပ်ရှားမှု (Insurrection) ကို မျဉ်းသတ်ခွဲခြားလိုက်ရင် နွေဦးတော်လှန်ရေးရဲ့ မတိုင်မှီနဲ့ နောက်ပိုင်းကို ပထမဆင်နဲ့ ဒုတိယဆင့်လို့ သတ်မှတ်နိုင်ပါတယ်။
ပထမပိုင်းကာလ စစ်အာဏာရှင်တိုက်ဖျက်ရေးမှာ လူထုအတွက် စိတ်ဓါတ်ခွန်အားဖြစ်စေတဲ့ တိုက်ပွဲတွေမှာ စံနမူနာထား လေးစားရတဲ့ လူမျိုးစုအဖွဲ့တွေက ဗမာပြည်ထောင်စုမှာ အငယ်ဆုံးပြည်နယ် လူမျိုးစုတွေဖြစ်တဲ့ ချင်းနဲ့ ကယားတို့ဖြစ်တယ်။ ဒီအကြောင်းကို အကြောင်းဆိုက်တိုင်း မိတ်ဆွေကြားမှာပြောဖြစ်ပါတယ်။ ပြောရရင် သူတို့ဟာ ပထမပိုင်းကာလမှာ တိုက်ပွဲကို ဦးဆောင်သူ၊ တိုက်ပွဲရဲ့ ဝိညာဉ်အလံကိုင်လို့တောင် ကျနော်ရှုမြင်မိပါတယ်။
ခုတော့ ကျနော်အလေးထား စောင့်ကြည့်အားပေးနေတဲ့ သူတို့ ချင်း ညီနောင်တွေဆီက စိတ်မချမ်းမြေ့စရာ ပူပန်သောကရောက်စရာ သတင်းတွေကြားနေရတယ်။ ချင်းအမျိုးသားတပ်ဦး (Chin National Front) ဦးစီးတဲ့ ချင်းလန်းကောင်စီ( (Chinland Council) လက်အောက်ခံ CDF ချင်းကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ချင်းညီနောင်အဖွဲ့( Chin Brotherhood) လက်အောက်ခံ ချင်းကာကွယ်ရေးအဖွဲ့တွေအကြား တီးတိန်မြို့သိမ်းရေးနဲ့ ပါတ်သက်ပြီး သူတိုက်မယ် ငါတိုက်မယ်နဲ့ အငြင်းပွားအချင်းများနေကြတယ်။ သွေးထွက်သံယိုဖြစ်မည့် အလားအလာနဲ့ စကားသံတွေကိုတွေ့လာ ကြားလာ ရတော့ ညီနောင်မိတ်ဆွေ ချင်းအမျိုးသားတို့အတွက် စိတ်ပူသောကရောက်မိသလို အတိတ်က မဏိပူရမှာနေထိုင်စဉ် ကြုံတွေခဲ့ရတဲ့ ညီနောင်ချင်းသတ်ပွဲများ (fratricides) များကို အမှတ်ရနေမိတယ်။
သက္ကရာဇ် ၂၀၀၀ ကျော်ကာလက နှစ်တခုမှာ ထိုင်း-ဗမာနယ်စပ်က ကရင့်အမျိုးသားအစည်းအရုံးရဲ့ ဌာနချုပ်မှာ ကျင်းပတဲ့ပွဲတခုကို တက်ရောက်ခဲ့ရတယ်။ အဲဒီပွဲကို အဖွဲ့အစည်းပေါင်းစုံက ခေါင်းဆောင်တွေ၊ တတိယနိုင်ငံရောက် လူပုဂ္ဂိုလ်တွေ အတော်စုံစုံညီညီကြတယ်။ ကျနော်ညနေစောင်းရောက်ချိန် ရောက်နှင့်သူတွေစုထိုင်နေတဲ့ စကားဝိုင်းကို အဆင်သင့်ဝင်ထိုင်လိုက်တယ်။ ဝိုင်းထဲက ချင်းမိတ်ဆွေသူငယ်ချင်းက ကျေနာ်မသိသူတွေနဲ့ ကျနော့ကို အိန္ဒိယကလို့ မိတ်ဆက်ပေးရင်း၊ ခင်ဗျား အိန္ဒိယမှာနေခဲ့တော့ ကုလားတွေကိုအတုယူပြီး တချိန်မှာ ကျနော်တို့ချင်း သတ်ခိုင်းတာတွေ မလုပ်ပါနဲ့နော်လို့ စနောက်ပါတယ်။ ကျနော်က ဒါက ခင်းဗျားတို့အပေါ်မူတည်ပါတယ်။ နွားမကွဲရင် ကျားမဆွဲပါဘူးလို့ တုန့်ပြန်ကျီစယ်ခဲ့တယ်။ ခုအခြေအနေက တချိန်က စနောက်ခဲ့တဲ့သူ့စကားအတိုင်း ဖြစ်တော့မည့်အခြေအနေကို ဆိုက်ရောက်နေပြီ။ သူကိုယ်တိုင်လဲ အဲဒီပြဿနာထဲရောက်နေပြီ။ ကျနော့်ရဲ့ သွေးချင်းညီနောင် ချင်းလူထုအတွက် ပူပန်သောကဖြစ်မိပါတယ်။
ကျနော်အိန္ဒိယ အရှေ့မြောက်ဒေသ မဏိပူရမှာ ၁၉၉၅ ခုနှစ်ကနေ ၂၀၀၀ ခုအထိ ငါးနှစ်နေထိုင်ခဲ့တယ်။ မဏိပူရပြည်နယ်က ဗမာပြည် စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်တို့နဲ့ နယ်ချင်းဆက်စပ်နေပါတယ်။ အရွယ်အစားကတော့ ချင်းပြည်နယ်နဲ့ အရွယ်တူလောက်ဖြစ်ပါတယ်။ လူဦးရေက ကျနော်နေထိုင်စဉ်က နှစ်သန်းလောက်သာရှိပေမယ့် လူမျိုးကတော့ အတော်စုံပါတယ်။ အဓိကကတော့ Meitei (မိုက်သဲ) ခေါ် ကသည်း၊ နာဂ၊ ကူကီးနဲ့ ချင်းမျိုးနွယ်ဝင် တောင်ပေါ်သားတွေဖြစ်ပါတယ်။ မိုက်သဲ ခေါ် ကသည်းတွေက ပြည်နယ်အလယ်ကွက်ကွက်လေးက မြေပြန့်မှာနေထိုင်ကြပြီး ကျန်လူမျိုးစုတွေက တောင်တန်းတွေမှာ နေထိုင်ကြပါတယ်။
ကျနော်နေထိုင်ခဲ့စဉ်က အိန္ဒိယ အရှေ့မြောက်ဒေသမှာ ပြည်နယ်အားလုံးနီးပါးက လူမျိုးစု အတော်များများ လက်နက်ကိုင်တော်လှန်ပုန်ကန်နေကြတယ်။ အဲဒီအထဲမှာ နာဂလန်း အမျိုးသာ ဆိုရှယ်လစ်ကောင်စီ ( National Socialist Council of Nagaland-NSCN) က သက်တမ်းအရှည်ဆုံးဖြစ်သလို တိုက်ရည်ခိုက်ရည်ကောင်းပြီး ခိုင်မာကျစ်လစ်တဲ့ အဖွဲ့အစည်းဖြစ်ပါတယ်၊ ဒေသတွင်းမှာ ဦးဆောင်အဖွဲ့လို့တောင်ဆိုနိုင်ပါတယ်။ အိန္ဒိယထောက်လှမ်းရေးအဖွဲ့များက NSCN ကို ကျားကန်ရင်ဆိုင်ဖို့ တခြားမျိုးနွယ်မတူတဲ့ လူမျိုးစုတွေကို မြောက်ပေးခဲ့တယ်။
ဒီလိုနဲ့ ၉၀ ခုနှစ်လွန်ကာလတွေမှာ တရွာကြား တရွာဆိုသလိုကြားညှပ်နေထိုင်နေကြတဲ့ တောင်ပေါ်သား ကွဲပြားတဲ့မျိုးနွယ်စုတွေကြား စစ်ပွဲ သတ်ပွဲတွေပေါ်လာတယ်။ ကူကီး-နာဂ အဓိကရုဏ်းတွေ သတ်ပွဲတွေပေါ်လာတယ်။ ကူကီး-ပိုက်သဲ(paite) အဓိကရုဏ်းတွေ သတ်ပွဲတွေပေါ်လာတယ်။ ခုနောက်ဆုံး ကသည်း ကူကီးတောင်ပေါ်သား အဓိကရုဏ်းတွေ သတ်ပွဲတွေပေါ်လာတယ်။ မဏိပူရလဲ ပျက်သလောက်ဖြစ်သွားတယ်။ ကျနော်ကတော့ သူတို့ကြားမှာ ကွဲပြားမှု သိပ်မမြင် မျိုးနွယ်တူတွေလို့ ရှုမြင်တော့ ညီနောင်ချင်းသတ်ပွဲ (fratricides)တွေအဖြစ်ပဲ ရှုမြင်ပါတယ်။ ဒီသတ်ပွဲတွေကြောင့် နှစ်သန်းလောက်ရှိတဲ့ ပြည်နယ်တွင်းမှာ လူထောင်သောင်းချီ အသက်ဆုံးရှုံးခဲ့ရတယ်၊ ထောင်ချီတဲ့ အိုးအိမ်တွေပျက်စီးရသလို ရာချီတဲ့ ရွာတွေ ပျက်ခဲ့ရတယ်။
တကယ့်လောကငရဲကို ခံစားရတာက တောင်ပေါ်ကျေးလက်နေ ဆင်းရဲသားရွာသားတွေ၊ တနယ်နဲ့တနယ်မကူးရဲ၊ တရွာ တရွာမသွားရဲ ငတ်မွတ်ကြရတယ်။ ဒီပဋိပက္ခတွေမှာ အသက်ဆုံးရှုံးရသူ ဆယ်ဦးရှိရင် တဦးသာလက်နက်ကိုင်ဖြစ်ပြီး ကျန်သူတွေက အပြစ်မဲ့ရွာသားတွေပါ။ လူမျိုးရေး ပဋိပက္ခတွေ အဓိကရုဏ်းတွေဖြစ်လာရင် အထိခိုက် အနစ်နာဆုံး ဓားစာခံမြေဇာပင် ဖြစ်ရတာက အပြစ်မဲ့ဆင်းရဲသား တောသားနင်းပြားတွေသာဖြစ်ပါတယ်။
ကျနော့နှလုံးအိမ်မှာ ခုထိစွဲနေတဲ့ ကြေကွဲစရာအဖြစ်အပျက်တခုရှိပါတယ်။ ခရီးသည်တင်ဘတ်စကားတစီးကို လူမျိုးစုလက်နက်ကိုင်တစုက လမ်းမှာတားပြီး လူတွေကို စစ်ဆေးရွေးထုတ်နေတယ်။ ရန်ဖက်မျိုးနွယ်စုက ယောင်္ကျားတွေဆိုသတ်ဖို့ဖြစ်ပါတယ်။ ကားမှာ ရန်ဖက်မျိုးနွယ်စုက အဖေအမေ ခေါ်တတ်စ လသားအရွယ်ကလေးကို ကျောပိုးထားတဲ့ ဇနီးနဲ့ခင်ပွန်းပါလာတယ်။ သူတို့ကိုလဲစစ်ဆေးပြီး လွှတ်ပေးလိုက်တယ်။ အဲအချိန် မထင်မှတ်တာ ဖြစ်သွားတယ်၊ ကလေးက သူ့အဖေကို သူတို့စကားနဲ့ အဖေလို့ခေါ်လိုက်တယ်။ ဒါကိုကြားလိုက်တဲ့ လက်နက်ကိုင်တယောက်က အဖေဖြစ်သူကို လှမ်းပြန်ဆွဲခေါ် သတ်ပစ်လိုက်တယ်။ သားရဲ့ခေါ်သံက သေမင်းငင်သံဖြစ်သွားရတဲ့ ကြေကွဲစရာအဖြစ်ပါ။
သူတို့ချင်းက ဘယ်လိုကွဲပြားတယ်ဆိုဆို အပြည့်အစုံမဟုတ်တောင် ဆက်သွယ်ရလောက်အောင် မျိုးနွယ်တမျိုးရဲ့စကားကို တခြားမျိုးနွယ်တခုက နားလည်တဲ့အထိ စကားပေါက်ကြ၊ အမျိုးနီးစပ်ကြပါတယ်။ ညီအစ်ကိုချင်းထိုးတဲ့ဒါး၊ ဆွေမျိုးချင်းထိုးတဲ့ဒါးချက်က ပိုနက်ပါတယ်။
ကိုယ်တွေ့ကြုံခဲ့ရတဲ့ အဖြစ်ဆိုးတခုရှိပါသေးတယ်။ တောင်ပေါ်မြေပြန့်အစပ်မှာ တောင်ပေါ်သား ချင်းမျိုးနွယ်ဝင်တွေအခေါ် လမ်ကား(Lamka) မြေပြန့်သား ကသည်းတွေအခေါ် ချူရာချန်ပူ(Churachandpur) ဆိုတဲ့မြို့တခုရှိပါတယ်။ မဏိပူရရဲ့ ဒုတိယအကြီးဆုံးမြို့လဲဖြစ်ပါတယ်။ နေထိုင်သူ လူမျိုးကအတော်စုံပါတယ်။ အဲဒီမြို့လေးမှာ ကျနော်တို့ရဲဘော်တယောက်က မိသားစုနဲ့အတူ ဒေသခံ ယက္ကန်းထောင်တယောက်ဆီမှာ အလုပ်လုပ်နေတယ်။ တိုက်ပွဲတွေကြောင့် လမ်းတွေပိတ်နေတော့ သူတို့လဲ ပိတ်မိနေတယ်။ သူတိုနေနေတာက တံခါးမရှိ ပြတင်းပေါက်တောင် မတပ်ရသေးတဲ့ ဆောက်လက်စတန်းလန်းရပ်ထားတဲ့ အုတ်တိုက်ကို ယက္ကန်းရုံလုပ်ထားတဲ့ အဆောက်အဦထဲမှာ ဖြစ်တယ်။ သူတို့အတွက် ဒါအလုပ်ရုံ ဒါပဲအိမ်။ သူတို့ ယက္ကန်းရုံက မျိုးနွယ်စုအလိုက်နေကြတဲ့ ရပ်ကွက်အစပ်တည်ရှိနေတယ်။
သူတို့ကိုခေါ်ထုတ်ဖို့ ညနေစောင်းရောက်သွားတော့ ရပ်ကွက်အဝင်မှာ လူငယ်၃-၄ ယောက်ရဲ့ စစ်မေးတာခံရတယ်။ တယောက်ကလုပ်သေနတ်လေးနဲ့၊ ကျန်သူတွေက ဒါးတွေကိုင်ထားတယ်။ ငါဗမာပါလို့ပြောတော့ ဘာပြဿနာမှ မရှိ။ သူတို့တိုက်ပွဲတွေက နေ့ဘက်နား ညဖက်ကျပစ်ကြခတ်ကြနဲ့ တိုက်နေကြတာ။ ညကျတော အပြန်အလှန်ပစ်ကြခတ်ကြတယ်။ ကျနော့ရဲဘော်နေတဲ့ ယက္ကန်းရုံက ရပ်ကွက်အစပ်ဆိုတော့ ဟိုဖက်ကပစ်လဲ မှန်၊ ဒီဖက်ကပစ်လဲ မှန်။ အုတ်အကာအရံမို့သာ ချမ်းသာရာရတော့တယ်။ မဟုတ်ရင် လွတ်လမ်းမရှိ။ မနက်မှာကြည့်လိုက်တော့ နံရံတွေမှာ ကျည်ဆံရာတွေကဗလပွ၊ များလွန်းလို့ ရေတွက်တောင်မကြည့်ခဲ့၊ ရာဂဏန်းလောက်တောင်ရှိမယ်။ ဒီလိုနဲ့ ရဲဘော်မိသားစုကိုခေါ်ပြီး အိမ်ကအထွက် လမ်းထိပ်ရောက်ရောက်ချင်း တွေ့လိုက်ရတာက လူသေအလောင်းတလောင်း၊ အနားကပ်ကြည့်လိုက်တော့ မနေ့က ကျနော့ကို စစ်မေးခဲ့ကြတဲ့ထဲက လုပ်သေနတ်ကိုင်လူငယ်လေးဖြစ်နေတယ်။ အရွယ်က ဆဲ့ခြောက် ဆဲ့ခွန်လောက်သာ ရှိပါလိမ့်ဦးမယ်။ အတော်ထိခိုက်ကြေကွဲ ခံစားလိုက်ရပါတယ်။
မဏိပူရပြည်နယ် မိုးရေး(Moreh)မြို့ကနေ မီဇိုရမ်(Mizoram)ပြည်နယ် ကျန်ဖိုင်း(Champhai) အထိ အိန္ဒိယ-မြန်မာ နယ်စပ်မျဉ်းအတိုင်း ၄-၅ ကြိမ် ကျနော်လမ်းလျောက်ခဲ့တယ်။ အေးအေးချမ်းချမ်း ကြည်နူးစရာ လွမ်းမောစရာအပြည့်နဲ။ နွေဦးရာသီမှာဆို လမ်းတလျောက် တောင်ကြောကြီးတခုလုံး နေကြာရိုင်းတွေနဲ့ ဝင်းဝါထိန်နေတဲ့မြင်ကွင်းက ခုထိအာရုံမှာအထင်အရှားရှိနေဆဲ။ ကိုယ်မရောက်ဖူးတဲ့ဒေသက ကိုယ့်ကိုလူချင်းတောင်မသိတဲ့ ရွာတွေကလဲ အဝေးဧည့်သည်ကို ဧည့်ခံရတာ ဂုဏ်ရှိတယ်၊ ဝေးလေ ဂုဏ်ရှိလေဆိုတဲ့ အယူသဘောထားနဲ့ ဧည်ဝတ်ပြုခဲ့ကြတာ တသက်တာ မမေ့စရာ။ ဒါတွေက လူမျိုးရေး အဓိကရုဏ်းတွေ မဖြစ်ခင်ကာလကဖြစ်ပါတယ်။
ခုတော့ မဏိပူဖက်ခြမ်းမှာ ဒီလိုမသွားမလာနိုင်ကြတော့၊ မျိုးနွယ်မတူရင် တရွာနဲ့ တရွာ ဘယ်လောက်ပဲ နီးနီး အကူးအသန်းမရှိကြတော့။ လူစိမ်းရင် သတိနဲ့ ကြည့်နေရပြီ၊ ရန်သူအမြင်နဲ့ကြည့်နေကြပြီ။ ဘယ်သူ ဘယ်မျိုးနွယ်စုမှ အရင်ကလို သွားရေးလာရေး မလွယ်ကူတော့၊ စိတ်အေးသက်သာ မသွား မလာနိုင်ကြတော့။ လုပ်ငန်းဆောင်တာ မချောမွေ့တော့။ သေနတ်သံတွေ မကြားရတော့သော်လဲ ကိုယ့်သူမယုံ သူ့ကိုယ်မယုံ၊ ကျီးလန့်စာစား ဆင်းဆင်းရဲရဲ ပင်ပင်ပန်းပန်း၊ ၁၉၉၀ မတိုင်မှီကာလ အေးချမ်းတည်ငြိမ်မှုနဲ့ ကိုယ်စိတ်နှစ်ပါးလုံခြုံမှုက ပျက်စီးသွားခဲ့ပြီ။ ဒီအခြေအနေကို ပြန်ရောက်ဖို့အလားအလာက မှုန်မှုန်ပင်မမြင်ရသေးပါ။ ညီနောင်ချင်းသွေးစွန်းခဲ့ရင် ပြင်ရခက်ပါတယ်။
မူလတန်းသင်ဖတ်စာထဲက ခြင်္သေ့နဲ့ တောဝက်ပုံပြင်ကို ကြားဖူးမှတ်ဖူးကြမှာပါ။ ရေသောက်ဖို့အရေး သူအရင်သောက်မယ် ငါအရင်သောက်မယ် အငြင်းပွားသတ်ပုတ်တာနဲ့ သူတို့ရဲ့အသေသားကိုစားဖို့ လင်းတ(ဠင်းတ) တွေရောက်လာကြတယ်။ ခုလဲ ချင်းညီနောင်တို့ တီးတိန်ကို သူတိုက်မယ် ငါတိုက်မယ်လုပ်နေကြတာနဲ့ တီးတိန်မြို့ထဲက စစ်ခွေးတွေက လွတ်လပ်အေးချမ်းနေကြတဲ့အဖြစ်ကို သတိပြုကြည့်ကြပါ။
ဒါ့ကြောင့် ဘက်အသီးသီးက ကျနော့ရဲ့ ညီနောင်သွေးချင်း ချင်းအမျိုးသားများကို အလေးအနက် မေတ္တာရပ်ခံပါတယ်။ အထက်မှာတင်ပြခဲ့တဲ့ မဏိပူရက အခြေအနေဆိုးတွေကို သင်္ခန်းစာယူပြီး ညီနောင်အချင်းချင်းရဲ့ သွေးတစက် မထွက်အောင် အတတ်နိုင်ဆုံးချုပ်တည်းကြပါ၊ စိတ်ရှည်သည်းခံကြပါ။ ညီအစ်ကိုချင်းထိုးတဲ့ဒါး၊ ဆွေမျိုးချင်းထိုးတဲ့ဒါးချက်က ပိုနက်ပါတယ်။ ညီနောင်ချင်းသွေးစွန်းရင် ပြင်ရခက်တယ် ဆိုတာကို သတိချပ်ကြစေလိုပါတယ်။
အောက်ချင်းငှက်တို့ ရွှင်မြူးတွန်ကျူးနိုင်ပါစေ
ချင်းညီနောင်အပေါင်း အောင်ကြပါစေ
ချင်းတောင်တန်းကြီး အေးချမ်းပါစေ။
ရဲဘော်ကျော်သန်း