Headlines

အိမ်ပြန်မလာတော့မယ့် အဖေ၊ အိမ်ပြန်ချိန် မသေချာတဲ့ အစ်မ နှင့် အိမ်ပြန်နိုင်မယ့် အချိန်စောင့်နေတဲ့ သူမ

ကိုဇံ (ချင်းတောင်)

( ကလေးမြို့မှနိုင်ငံရေး အကျဉ်းသူ မကျိန်ဒွန်ကိမ်၏ ကောင်းမွန်စွာ ဆေးကုသမှု မရရှိခဲ့သည့် ကင်ဆာရောဂါသည် အဖေ ကွယ်လွန် အနိစ္စရောက်ခြင်း နှင့် သူမမိသားစု ကြုံတွေ့ရသည့် ဘဝအခြေအနေများ )

၂၀၂၃ ခုနှစ် ဧပြီလ ၁၆ ရက်နေ့က ကလေးမြို့မှာ ပုံမှန်အတိုင်း အင်တာနက်လိုင်း မကောင်းခဲ့ပါ။ သင်္ကြန်သပိတ် အဖြိုခွဲ ခံလိုက်ရပြီး အဖမ်းခံရတဲ့ သူ တချို့ ရှိလို့ အားလုံး သတိထားကြပါ ဆိုတဲ့ သတင်းက အွန်လိုင်းပေါ် တက်လာခဲ့သည်။ တရက်မှ မနားတဲ့ အစ်မတို့ရဲ့ ကလေးမြို့ လူထုသပိတ် အတွက် စိတ်ပူမိသည်။ အိမ်ရှိ ဆိုင်ကယ် တစ်စီးကို စီးပြီး သတင်းနားစွင့်ဖို့ သူမ အပြင်ထွက်လာခဲ့သည်။ သူမထွက်သွားပြီး တစ်နာရီလောက် ကြာတော့ သူမတို့အိမ်ကို စစ်သားများရောက်ချလာသည်။ အိမ်ကို ချိပ်ပိတ်တဲ့ စာကို အိမ်ပြင်ဘက် နံရံပေါ်တွင် ကပ်လိုက်ပြီး အိမ်တွင် တစ်ယောက်တည်း ကျန်နေသော အမေအို ကို ခေါ်သွားခဲ့ကြသည်။

သူမ၏ အဖေ ဖြစ်သူနှင့် မောင်လေးတို့သည် အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ် ဘက်တွင် နယ်လှည့် ဈေးရောင်းသည့် အချိန် ဖြစ်၍ သူတို့ နှစ်ယောက် အိမ် မရှိသည့် အခိုက် ဖြစ်သည်။ အိမ်နီးချင်းတွေက သူမကို ဖုန်းဆက်ပြီး အကျိုးအကြောင်း ပြောလိုက်တော့ သူမ၏ အစ်မ ဖြစ်သူလည်း အဖမ်းခံရသည့် အထဲ ပါသွားမှန်း သိလိုက်ရသည်။ အမေဖြစ်သူလည်း အဖမ်းခံရပြီး အိမ်ပါ ချိပ်ပိတ် ခံလိုက်ရတော့ အဲဒီည သူမအိမ်မပြန် နိုင်တော့ပါ။ လုံခြုံရာ တစ်နေရာတွင် ညအိပ်ခဲ့ရသည်။ မနက် မိုးလင်း တာနဲ့ အမေ့ အကြောင်းတွေ စုံစမ်းခဲ့သည်။ ဘာ သတင်း မှ မသိခဲ့ရ။ အချုပ်တွင် ဧည့်တွေ့လည်း လက်မခံ ဖြစ်နေသည်။ အစ်မရဲ့ အမှု ကိစ္စကိုတော့ တချက်မှ ထိလို့ မရ။ ဒီလိုနဲ့ ဧပြီလ ၁၉ ရက်နေ့ ညနေ ၃:၃၀ နာရီခန့်တွင် စစ်သားတွေနဲ့ JCB မြေထိုးစက်ကြီး ရောက်လာပြီး သူမတို့နေအိမ်ကို ပါ ဖြိုချ လိုက်သည်။ သူမ အနေနဲ့ ဘာမှ လုပ်လို့မရ။ အဝေးကနေ ငေးကြည့်ပြီး မျက်ရည် ကျရုံသာ။ အသံထွက် မငိုမိဖို့ သူမ အားတင်းခဲ့ရသည်။ သူမ၏ အစ်မ ဖြစ်သူသည် ၂၀၂၃ ခုနှစ် ဧပြီလ ၁၆ ရက်နေ့တွင် သင်္ကြန် သပိတ်၌ ဖြိုခွဲ အဖမ်းခံခဲ့ရသူတွေ ထဲတွင် တစ်ယောက် ဖြစ်သော ကလေးမြို့၊ တောင်ဖီလာ ရပ်ကွက်၊ နယ်မြေ (၆)တွင် နေထိုင်သူ ကိမ်နူး ခေါ် မကျိန်ဒွတ်ကိမ် ဖြစ်ပင် ဖြစ်သည်။

ကိမ်နူးသည် မူလတန်း နှင့် မူလတန်းလွန် ပညာကို အမှတ် (၁၄) မူလတန်းလွန် ကျောင်းတွင် တက်ခဲ့ရသည်။ ထူးချွန်ဆု မကြာခဏ ရရှိသူ တစ်ဦး ဖြစ်သည်။ အဌမတန်း တက်ဖို့ ကျောင်းပြောင်းလက်မှတ် ယူတော့ ပြဿနာတက်သည်။ အထက (၂)ကျောင်းအုပ်ကြီး နှင့် အမက (၁၄) ကျောင်းအုပ်ကြီးတို့ မတည့်သည့် အခိုက် ဖြစ်သည့် အတွက် ကျောင်းအပ် လက်ခံဖို့ ငွေကြေး အကုန်အကျ အလွန် များခဲ့သည်။ ကြားထဲတွင် မိသားစု ကျပ်တည်းမှုကြောင့် အလယ်တန်း အဆင့်နဲ့ ကျောင်းထွက် ဖို့ မိဘများ၏ တိုက်တွန်းချက်နဲ့ မိသားစု လိုအပ်ချက် အရ ရွေးချယ်ကာ မိဘ နှစ်ဦး နှင့်အတူ ညီမလေး နှင့် မောင်လေး၏ ပညာရေး အတွက် ရုန်းကန်ခဲ့သည်။ အစပိုင်းတွင် ကိမ်နူးသည် ပန်းရံ နောက်လိုက် အဖြစ် ဝင်လုပ်သည်။ ထို့နောက် ယက်ကန်း ယက်နည်း သင်ယူပြီး ယက်ကန်းစင်တွင် အလုပ်ဆက် လုပ်လိုက်သည်။ ထို့နောက် ချင်းတောင်ကို ပြေးဆွဲသော ကားဂိတ် တစ်ခုတွင် ဂိတ်စာရေး လုပ်လိုက်သည်။ အလုပ်မှ ပြန်လာလျှင် ကိုယ်ပိုင်ယက်ကန်း စင်လေးတွင် အထည် ယက်လုပ်သည်။ အဖေ ဖြစ်သူသည် မီဇိုရမ်ပြည်နယ်တွင် နယ်လှည့် ဈေးရောင်းခဲ့သည်။ အဖေရရှိသည့် အမြတ်ငွေ နဲ့ သူမ စုဆောင်းသည့် ငွေပေါင်းကာ အိမ်ဆောက် ပစ္စည်းတွေ စုဆောင်းသည်။ ညီမ နှင့် မောင်လေးကို ကျောင်းပို့ခဲ့သည်။ ကိမ်းနူး၏ ညီမ ဖြစ်သူ သည် ၂၀၁၄ ခုနှစ်တွင် မြန်မာစာ နှင့် ဝိဇ္ဖာဘွဲ့ ရခဲ့ပြီး ပညာ ရေးဌာနတွင် ဝင် အလုပ် လုပ်သည်။ မူလတန်းပြ ဆရာမ ကနေ အလယ်တန်းပြ ဆရာမ အဖြစ် ရာထူးတိုးခဲ့သည်။ အဖေ အတွက် တအား ဖြစ်လာပြီး သုံးယောက်ပေါင်းကာ အိမ် အသစ် ဆောက်လိုက်ကြသည်။ သို့သော် အပြီးတော့ မတတ်နိုင်ကြ။ ရှိသည့် ပိုက်ဆံလေးတွေ စုပြီး လှေကား၊ မျက်နှာကြက် စသဖြင့် အပိုင်းလိုက် ဆက်ဆောက်နေဆဲကာလ ဖြစ်သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် စစ်ကောင်စီမှ နိုင်ငံတော် အာဏာ သိမ်းလိုက်တော့ မိသားစု ၏ ဘဝအတွက် အလှည့် အ ပြောင်း တစ်ခု ရောက်လာသည်။ တက္ကသိုလ် တက်နေသည့် မောင်လေးဖြစ်သူလည်း CDM ဝင်လိုက်သည်။ ကျောင်းဆရာမ ဖြစ်သူလည်း CDM ဝင်လိုက်သည်။ မိသားစု စားဝတ်နေရေးသည် အဖေ နှင့် အစ်မကြီး ဖြစ်သည့် ကိမ်နူး၏ ဝင်ငွေ အပေါ်သာ မှီခိုခဲ့ရ ပြန်သည်။ ကိမ်နူးသည် အလုပ်အားရက်တိုင်းတွင် ကလေးမြို့ လူထု သပိတ်ကို ပူးပေါင်းခဲ့သည်။ ဘုရားကျောင်းတွင်လည်း Sunday School ဆရာမ လုပ်ခဲ့တော့ တနင်္ဂနွေနေ့ကို တောင် ရက်အပြည့် မနားရသည့်ကြားမှ စစ်ရှောင်များ အတွက် အဝတ်အစား၊ အစားအသောက် စသဖြင့် တတ်နိုင်သမျှ သွားရောက် လှူဒါန်းခဲ့သည်။ ကလေးမြို့ လူထု သပိတ်၏ အမာခံ အဖွဲ့ဝင် တစ်ဦး ဖြစ်လာခဲ့သည်။ ကလေးမြို့ ကလည်း နှစ်နှစ်ကျော် ကာလ အထိ တစ်ရက်မှ မနားပဲ လူထုသပိတ် စစ်ကြောင်း ထွက်ခဲ့သည်။ သို့သော် ၂၀၂၃ ခုနှစ် ဧပြီလ (၁၆) ရက်နေ့တွင် သင်္ကြန်သပိတ် ဖြိုခွဲ ခံလိုက်ရပြီး ကိမ်နူး ခေါ် မကျိန်ဒွတ်ကိမ် အပါအဝင် အဖွဲ့ဝင် လေးဦး အဖမ်းခံ လိုက်ရသည်။ အဲတာတွေက သူမ၏ အစ်မ ဖြစ်ကြောင်း ကုန်စင်ပင်။

သူမ အမဖြစ်သူအဖမ်းခံရသည့် အ ကြောင်း အလွန်းနှေးကွေးလွန်းသည့် အင်တာနက် ဖြင့် အဖေ နှင့် မောင်လေးကို ဖုန်းဆက်၊ စာပို့ပေးပြီး အကြောင်းစုံကို ပြောပြ ခဲ့ပေမယ့် တိုက်ပွဲ အခြေအနေ အရပ်ရပ်ကြောင့် လမ်းပိတ်သည့် ကာလ ဖြစ်နေပြီး သူတို့လည်း အိမ်ပြန် မရဖြစ်ခဲ့သည်။ သူတို့ ပါလာသည့် ပစ္စည်းတွေကလည်း ရောင်းမကုန်နိုင်တော့ စိတ်မကောင်း ပေမယ့် မီဇိုရမ်ပြည်တွင်သာ ထပ်နေခဲ့ရသည်။ သူမ တစ်ယောက်တည်း ကလေးမြို့တွင် ဗျာများ နေခဲ့ရတော့သည်။ အခြေအနေ တစ်ခု ထူးလာလို့ ငြား စုံစမ်းကြည့်တော့ အမေ့ အတွက် အကူအညီ တစ်ခု ရလာသည်။ ဦးစပ်အာ (အမည်လွှဲ) က ကူညီ ပေးလိုက်ပြီး တစ်လ အကြာတွင် အမေ ဖြစ်သူ လွှတ်လာခဲ့သည်။ အမေက လွှတ်လာတော့ အစ်မဖြစ်သူတို့ကို အင်ဒိုင်းလေး (ကလေးအကျဉ်းထောင်) ကို ပို့လိုက် ကြသည်။ အမှုစစ် စရာ ရှိလျှင် အင်ဒိုင်းလေး ထောင်ကနေ ကလေးမြို့ကို ခေါ်လာသည်။ အမှုစစ်သည့် ရက်များတွင် အစ်မ ဖြစ်သူ ကိမ်နူးကို အဝေးကနေ လှမ်းကြည့်ခွင့်သာ ရခဲ့သည်။ ရောင်းစရာ ပစ္စည်း နည်းနည်း ကုန်လာတော့ မောင်လေး ဖြစ်သူ အိမ်ပြန်လာခဲ့သည်။ လက်ကျန်ကုန်တွေကို အဖေ က ခရီး ဆက်ထွက်ပြီး ရောင်းနေခဲ့သည်။ သို့သော် အလုပ် ပင်ပန်း စိတ်ပင်ပန်း ဒဏ်တွေကြားတွင် အဖေ ကျန်းမာရေး ချူချာ လာခဲ့သည်။ မိသားစု အရေးကို လှည့်ကြည့်ပြီး ဆေးရုံတက် မကုရဲဘဲ ဆေးမီးတို တွေနဲ့ ကုခဲ့သည်။ အဆင်မပြေတော့ ကလေးမြို့ကို ပြန်လာခဲ့သည်။ ကလေးမြို့ရောက်တော့ အေးချမ်းမေတ္တာ ဆေးရုံကို ပို့ကြသည်။ ရောဂါက ကျွမ်းနေပြီ မို့ အိမ်တွင်သာ သက်တောင့်သက်သာ ပြုစု ကြဖို့ ဆရာဝန်တွေက မှတ်ချက်ပြုလာခဲ့သည်။ အဲသည်လိုနှင့် ဇွန်လ ၁၅ ရက်နေ့ ရောက်တော့ သူမလည်း မိသားစုကို ထားခဲ့ပြီး အစ်မ၏ အမှု ကွင်းဆက် မှ လွတ်ကင်း နိုင်ရန်အတွက် မလေးရှားကို သွားဖို့ ကလေးမြို့ကနေ ထွက်ခွာလိုက်သည်။ သူမ ထွက်ခွာပြီး ၃ လ နှင့် ၁၀ ရက် အကြာတွင် အစ်မဖြစ်သူကို ကိမ်နူးကို ပုဒ်မ ၅၀၅ (က)၊ ပုဒ်မ ၅၀ (ဈ) (ည) နှင့် ပုဒ်မ (က) တို့ကို တပ်ပြီး ထောင်ဒဏ် ၁၀ နှစ် ချမှတ် လိုက်ကြသည်။

အမဖြစ်သူ ကိမ်နူးသတင်း နဲ့အတူ အဖေ ဖြစ်သူ ချုံးချုံး ကျသွားသည်။ သို့တိုင် အဖေသည် သား၊ သမီးများ၏ နိုင်ငံရေးလှုပ်ရှားမှု အပေါ် ဘာတစ်ခု အပြစ်မပြော၊ မတင်ခဲ့ပေ။ သားသမီးများ၏ နိုင်ငံရေး ခံယူချက်ကို အသိအမှတ်ပြုပြီး သူပြန်နေကောင်းလျှင် ခြံအသစ် ဝယ်ပြီး၊ မိသားစု အတွက် အိမ် အသစ် ဝိုင်းကြိုးစားပြီး ဆောက်ကတာပေါ့ ဟုသာ တဖွဖွ ပြောခဲ့သည်။ အိမ်ငှားပြီး သီးသန့်နေဖို့ အခက်အခဲ ဖြစ်လာတော့ ဆွေမျိုးများအိမ်မှာ ကပ်နေရသည်။ အဖေ နှင့် အမေ ဖြစ်သူတို့၏ သားသမီးများ အတွက် ရုန်းကန်ရင်း ပင်ပန်း အိုမင်းလာခဲ့သည်မှာ သူမ မျက်စိတွင် အတော်သိသာလာခဲ့သည်။ အေးအေးချမ်းချမ်း ဖြင့် လက်ကျန်ဘဝကို အပန်းဖြေ၊ အနားယူ စေလိုမိသည်။ သူမ ကိုယ်တိုင် မလေးရှားတွင် ကြိုးစားပြီး အလုပ်လုပ်ကိုင် နေခဲ့သည်။ သို့တိုင် အစ်မ ဖြစ်သူကို လတိုင်း ထောင်ဝင်စာတွေ့ဖို့၊ အသုံးအဆောင်၊ အစားအသောက် ပို့ဖို့ နှင့် အဖေ့ ဆေးဖိုးဝါးခ အတွက် သူမ၏ ဝင်ငွေသည် မလုံလောက်ခဲ့။ နီးစပ်ရာ ဆွေမျိုးများ နှင့် မိတ်ဆွေများမှ ကူညီခဲ့ ကြလို့ အများကြီး သက်သာရာ ရခဲ့ကြသည်။ အဖေ့ တသက်လုံး ချွေးနည်းစာဖြင့် စုဆောင်း ခဲ့သမျှ ၂၀၂၁ စစ်အာဏာသိမ်းပြီး နောက်မှာ အားလုံးလက်လွှတ် ဆုံးရှုံး ခဲ့ရသည်။ ပိုင်ဆိုင်မှု ဘာတစ်ခုမျှ မရှိတော့။ သူပိုင်ဆိုင်တာ ကင်ဆာ ဝေဒနာ တစ်ခုသာ ဖြစ်သည်။

ဆွေမျိုးများ နေအိမ်တွင် အ ဖေသည် ခိုကပ် နေထိုင်ရင်း ကောင်းကင် အိမ်တော်သို့ ပြန်ချိန်ကို စောင့်နေခဲ့သည်။ ကင်ဆာရောဂါက ပေးခဲ့သည့် ဝေဒနာကို အန်တုရင်း သူ့ သမီးကြီး အတွက် နောက်ဆံတင်းရင်း စိတ်ပူမိ သမျှ အားတင်း ပြောနေရှာခဲ့သည်။ သူ၏ နောက်ဆုံး စကားသည်ပင် သူ့ သမီးကြီး အတွက်စိတ်ပူခဲ့မိသည့် အကြောင်းမျှသာ ပင်။ ယင်းနောက် သူ၏ ထွက်သက်ဝင်သက်ကို သာကြည့်ခဲ့ရ ပေတော့သည်။ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့တွင် အသက် ၆၄ နှစ် ရှိပြီ ဖြစ်သော အကြမ်းမဖက် အာဏာရှင် ဖီဆန်ခဲ့သူ၊ နိုင်ငံရေး အကျဉ်းသူ မကျိန်ဒွန်ကိမ်၏ အဖေ ဦးခုပ်ခင်းထန် သည် ကင်ဆာဝေဒနာ အပါအဝင် စစ်အာဏာရှင်များ၏ ဖိနှိပ်မှု အောက်က ကျပ်တည်းသည့် ဘဝ ကို ကျောခိုင်းလျက် နောက်ဆုံးထွက်သက် နှင့်အတူ ကောင်းကင် အိမ်တော်ကို ပြန်သွားခဲ့သည်။

သူမခမျာ……ဖုန်းဖန်သားပြင်ထက်ကနေသာ အဖေ့နာရေးကို ကြည့်ခဲ့ရသည်။ မိသားစုအတွက်ထွတ်သက်ကုန်တဲ့ထိ ကြိုးစားတာဝန်ကျေခဲ့သောအဖေ၊ အိမ်ပြန်လာမယ့် အချိန် မသေချာတဲ့ အစ်မ အတွက် ပူပန်နေခဲ့တဲ့အဖေ၊ ချွေးနှင့်သွေးနှင့်ဆောက်ခဲ့တဲ့သူ့အိမ်တွင် ချွေးမသိပ်ခဲ့ရသေးတဲ့အဖေ၊ သူမ ခဏလောက်တောင်ပြုစုခွင့်မရခဲ့တဲ့အဖေ၊ မိသားစုအားလုံးကျန်းမာစွာပြန်ဆုံနိုင်ဖို့ အမျှော်လင့်ကြီးမျှော်ခဲ့တဲ့အဖေဟာ အိမ်ပြန်မလာတော့မယ့် ထွက်ခွာခြင်းနှင့် နှုတ်ဆက်ခဲ့တော့ သူမမှာရင်ကွဲမတတ်ဖြစ်ခဲ့ရသည်။စိတ်ကိုပြန်ထိန်း အားတင်းသည့်ကြားမှ ကျလာသော မျက်ရည် တို့သည် ခေါင်းအုံးလေးလဲစိုကုန်ပြီ၊ ပုဝါလေးလည်း ရွဲနေပြီ။ စိုရွဲသွားသော ပုဝါလေးကို ကြည့်ရင်း မျက်ရည်တွေ ထပ်ကျလာခဲ့သည်။ သူမ၏ စိတ်တွင်လည်း အမှောင်ညတွေ မလွန်ခင် ပုဝါလေးလည်း ခြောက်သွားမည် မထင်။

ကိုဇံ (ချင်းတောင်)

(မလေးရှား နိုင်ငံမှာ ခိုလှုံနေသော မ San Kalay ၏ ပြောပြချက်ကို အခြေခံ ရေးသားထားခြင်း ဖြစ်ပါသည်)

Leave a Reply

Your email address will not be published. Required fields are marked *