J Ye Htet Kyaw
လက်ရှိ ချင်းပြည်မှာချင်းတော်လှန်ရေးအင်အားစု ၂ စု ဖြစ်တဲ့ ချင်းပြည်ကောင်စီ( Chinland Council )နဲ့ချင်းညီနောင်အဖွဲ့(Chin Brotherhood )တို့အကြား မ ပေါင်းစည်းနိုင် သေးတာဟာချင်းတော်လှန်ရေးအင်အားစု ၂ စုရဲ့ ချင်းပြည်တည်ဆောက်ရေးလမ်းပြမြေပုံချင်း (Road map of the Chin Constitution) ထပ်တူမကျသေးမှုပဲဖြစ်တယ် (ထပ်တူမကျသေးမှုလို့ပဲ သုံးနှုန်းပါတယ်)၊အင်အားစု ၂ စု အကြား ချင်းပြည်တည်ဆောက်ရေးလမ်းပြမြေပုံချင်း (Road map of the Chin Constitution) ထပ်တူကျလာဖို့အတွက် ညှိနှိုင်းဖို့လိုနေတာသာဖြစ်တယ်လို့ရှုမြင်ကြရမှာဖြစ်ပါတယ်။
ပုံ- CC နဲ့ CB ချင်းအင်အားစု ၂ စု တွေ့ဆုံဆွေးနွေးစဉ်
ဒါကို ချင်းပြည်သူတစ်ချို့က ချင်းတော်လှန်ရေးနှစ်ဖွဲ့အကြားက ချင်းပြည်တည်ဆောက်ရေးလမ်းကြောင်းအမြင်များ မစုစည်းနိုင်သေးမှုလို့ မမြင်ကြတော့ဘဲ အဲ့ထက်တစ်ဆင့်တာသွားတဲ့ အကွဲအပြဲအဆင့်အထိရောက်နေကြသလို ထင်နေကြတာ တွေ့ရတယ်။ တကယ်တမ်းမှာ ချင်းတော်လှန်ရေးအင်အားစုနှစ်ခုအကြား အကွဲအပြဲအဆင့်အထိမရောက်သေးပါဘူး။ အကွဲအပြဲအဆင့်အထိမရောက်ရအောင် အားပေးထိန်းကျောင်းဖို့အတွက်လဲ ချင်းပြည်သူအားလုံးမှာတာဝန်ရှိပါတယ်။ ဒါက အင်မတန်လဲအရေးကြီးပါတယ်။ အင်အားစုနှစ်ခုအကြား ပြန်လည်ပေါင်းစည်းလို့မရတော့တဲ့အကွဲအပြဲဖြစ်နေသယောင် လူထုအကြားနဲ့ အွန်လိုင်းမီဒီယာတွေမှာ ပြောဆိုရေးသားနေကြသူတွေက နှစ်ဖက်က လော်ဘီတွေပဲဖြစ်တယ်။ ကိုယ်က ချင်းတော်လှန်ရေးအင်အားစုနှစ်ခုထဲက ဘက်ဘယ်ဖက်ကဖြစ်နေပါစေ Chin Brotherhood နဲ့ Chinland Council အစုအဖွဲ့နှစ်ခုအကြားမှာ ရန်သူနဲ့ မိတ်ဆွေလို၊ တော်လှန်ရေးအင်အားစုဖက်နဲ့ စစ်ကောင်စီလို၊ အစ္စရေးနဲ့ ပါလက်စတိုင်းလို သဘောမထားမိဖို့ မရှုမြင်မိဖို့ အရေးကြီးပါတယ်။
ဘုံရန်သူဖြစ်တဲ့ စစ်ကောင်စီတစ်ဖွဲ့ကသာလျှင် ရန်သူအစစ်အမှန်ဖြစ်ပြီး ချင်းပြည်သူအချင်းချင်းသည် ယခင်ကရော ယခုရော နောင်ရော ရန်သူတွေမဟုတ်ဘူးဆိုတာ အမြဲတမ်းသိရှိနေဖို့ လိုအပ်ပါတယ်။ ဒီနေရာမှာ ရန်သူစစ်ကောင်စီတစ်ခုတည်းကို ရန်သူလို့မမြင်တော့ဘဲ ကိုယ့်အချင်းချင်းကိုပါ ရန်သူလို့မြင်လာတဲ့အပြင် နောက်အိမ်နီးချင်းတွေကိုပါ ရန်ရှာပြီး နောက်ထပ်ရန်သူတိုးလာနိုင်အောင်လုပ်ဆောင်နေခြင်းကို ကျွန်တော်တို့အားလုံးက သတိပြုရှောင်ကြဉ်နိုင်ကြဖို့လဲ အရမ်းအရေးကြီးပါတယ်။ ကျွန်တော့်အမြင်မှာတော့ မျက်မှောက် ချင်းပြည်တည်ဆောက်ရေးမှာChin Brotherhood (CB )ကိုချန်လှန်ပြီး Chinland Council (CC) ရဲ့ Manifesto တစ်ခုတည်းနဲ့ရှေ့ဆက်သွားလို့ ရနိုင်မှာမဟုတ်သလို CC ကိုဘေးဖယ်ပြီး CB အင်အားစုတစ်ခုတည်းနဲ့လဲ ချင်းပြည်တည်ဆောက်ရေးလုပ်လို့ရနိုင်မှာ မဟုတ်ဘူး။ တစ်ဖက်အဖွဲ့အစည်းကို အားနည်းသွားအောင် (သို့) လုံးဝကျရှုံးသွားအောင် ဖျက်လိုဖျက်ဆီးလုပ်ပြီး တစ်စုတစ်ဖွဲ့တည်းအနေနဲ့ ဆက်လက်ရှင်သန်ရပ်တည်မယ်စဉ်းစားနေရင်တော့ သာလို့တောင် မဖြစ်နိုင်သေးပါ။ သူမပါဘဲ ငါချည်းပဲ ချင်းပြည်တည်ဆောက်ရေးလုပ်မယ်၊ ငါတစ်ဦးတည်းပဲ ချင်းပြည်ကိုကယ်တင်နိုင်မယ်လို့ စဉ်းစားထားရင်တော့ ဒါဟာ ယုတ္တိမရှိ၊ ဖြစ်နိုင်ခြေမရှိတဲ့ အစွန်းရောက်အတွေးအခေါ် (Radical Thought) ကျမှုသာဖြစ်ပါလိမ့်မယ်။
အမိမြေတစ်ခုထဲက တစ်မွေးခြံပေါက်အချင်းချင်းလိုတာထက်ပိုပြီး ထိုးနှက်တိုက်ခိုက်ကြမယ်ဆိုရင် လက်သည်းဆိတ်တော့ လက်ထိပ်နာတယ်ဆိုသလို အားလုံးအတွက် အပျက်ပျက်နဲ့နှာခေါင်းသွေးထွက်ကြရမှာကလွဲပြီး တစ်ခြားသော တိုးတက်ဖြစ်ထွန်းမှုကိုဆောင်ကြဉ်းပေးလာနိုင်မည် မဟုတ်ပေ။ နိုင်သူအကုန်စားတမ်းပုံစံလုပ်ရအောင်ကလဲ ယခုလက်ရှိအခြေအနေက ပုံမှန်နိုင်ငံရေးအခြေအနေမှာ ရွေးကောက်ပွဲဝင်ပြိုင်ဖို့ မဲဆွယ်စည်းရုံးတဲ့အဆင့်တောင်မရောက်နိုင်သေးဘဲ စစ်အာဏာရှင်ကို လက်နက်ကိုင်စွဲ တိုက်ထုတ်တဲ့ လမ်းခုလတ်မှာပဲရှိနေကြသေးတာဖြစ်ကြောင်း အားလုံးက သိရှိပြီးသားပဲဖြစ်ပါတယ်။ တတ်နိုင်သမျှ တိုးတက်ဖြစ်ထွန်းတဲ့ ချင်းပြည်ပြန်လည်ထုဆစ်ပုံဖော်ရေးလုပ်ငန်းစဉ်မှာ CB နှင့် CC နှစ်ခုစလုံးရဲ့ စုပေါင်းလုပ်ဆောင်မှုနှင့်သာ အထမြောက် ပြီးမြောက်အောင်မြင်နိုင်မှာပါ။ ဒါဆိုရင် ဘာကလိုအပ်နေတာလဲ…။
CB နဲ့ CC နှစ်ခုစလုံး ဘုံနာမည်တစ်ခုအောက်ပြန်လည်ပေါင်းစည်းဖို့ သို့မဟုတ် ပလက်ဖောင်းတစ်ခုတည်းအပေါ်မှာ ရင်ဘတ်ချင်းယှဉ်ပြီး လက်ချင်းချိတ်ယှဉ်တွဲလျှောက်ကြဖို့က ချင်းပြည်တည်ဆောက်ရေးရဲ့ အဖြေဖြစ်ပါတယ်။ ဒါအတွက် ဘယ်သူတွေမှာတာဝန်ရှိသလဲ…အစုအဖွဲ့နှစ်ဖက်စလုံးက Stakeholders တွေနဲ့ ချင်းပြည်သူတွေအားလုံးမှာ တာဝန်ရှိပါတယ်။ နှစ်ဖက်ခေါင်းဆောင်တွေချင်းက စားပွဲဝိုင်းမှာ အပြန်အလှန်ဆွေးနွေးတိုင်ပင်မှုလိုအပ်သလို အောက်ခြေပြည်သူတွေတစ်ဦးချင်းက အချင်းချင်းကြား အမုန်းစကားတွေကို တတ်နိုင်သမျှရှောင်ရှားပြီး ပေါင်းစည်းရေးအတွက် လက်လှမ်းမှီရာ အဆင့်ဆင့်တာဝန်ရှိသူတွေကို အကြုံပြုတိုက်တွန်းကြဖို့လိုအပ်ပါတယ်။ CB နှင့် CC တစ်စုတစ်ဖွဲ့တည်းအဖြစ်ပေါင်းစည်းရေးမှာ ချင်းပြည်သူလူထုက လိုအပ်ရင် တတိယအစုအဖွဲ့ (Third Party) အနေနဲ့ ဖိအားပေးတိုက်တွန်းနိုင်ရင် အကောင်းဆုံးဖြစ်ပါတယ်။ ဒီလို လိုလားပြီး ပြောဆိုအားထုတ်တဲ့ချင်းပြည်သူတွေကို ခြံစည်းရိုးခွထိုင်တယ်လို့ ပြောလို့မရပါဘူး။ စစ်အာဏာရှင်နဲ့ တော်လှန်ရေးအကြား၊ ဓမ္မနဲ့ အဓမ္မဆိုတဲ့ အကြားမှာပဲ ခြံစည်းရိုးခွထိုင်လို့မရဘူး ပြောကြတာဖြစ်ပါတယ်။ ယခု CB နဲ့ CC ကိစ္စမှာ ဘယ်ဖက်က ဓမ္မ၊ ဘယ်ဖက်က အဓမ္မရယ်လို့ ပြောမရဘူးထင်တာပါပဲ။
ချင်းအမျိုးသားတပ်ဦး(CNF)အဖွဲ့ပေါ်ပေါက်လာတဲ့ ၁၉၈၈ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်ကြားက အခြေအနေတွေမှာလဲ ချင်းပြည်သူတွေအားလုံးကိုလွှမ်းခြုံပြီး ခွင့်လွှတ်လို့မရနိုင်လောက်တဲ့ကိစ္စတွေရှိမနေဘူးလို့ပဲ ထင်ပါတယ်။ အနည်းအကျဉ်း ရှိခဲ့ရင်တောင် ဒါက ၂၀၂၁ ခုနှစ် အရောက်အထိ တစ်ပိုင်းဖြတ်ရမည့် သမိုင်းတစ်ဖြတ်မျှသာဖြစ်ပါမယ်။ ယခုလိပ်ခဲတည်းလည်းအခြေအနေတွေက ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်းကနေစတဲ့ ၃ နှစ်ကျော်အတွင်းက တော်လှန်ရေးလုပ်ငန်းစဉ်တစ်ချို့ ထပ်တူမကျသေးမှုတွေမျှသာဖြစ်ပါတယ်။
လက်ရှိမှာ ချင်းအမျိုးသားတပ်ဦး(CNF)ဦးဆောင်တဲ့ ချင်းပြည်ကောင်စီ( Chinland Council )နဲ့ချင်းညီနောင်အဖွဲ့(Chin Brotherhood )တို့အကြား အစုအဖွဲ့နှစ်ခုအကြား လုံးဝ အခဲမကြေဘဲ ပြန်လည်ပေါင်းစပ်လို့မရတော့လောက်အောင် ကြီးကျယ်လွန်းတဲ့ ကျောင်းတော်ကရန်စ ပြဿာနာတွေလဲ ရှိနေတာမဟုတ်ပါဘူး။ ဒါကြောင့် ယခုချင်းပြည်ပြန်လည်တည်ဆောက်ရေးအတွက် တော်လှန်ရေးအင်အားစုနှစ်ခုအကြားက အယူအဆနဲ့ အမြင်သဘောထားတွေကို ပေါင်းစပ်ရာမှာ လုပ်ယူ ညှိယူလို့မရနိုင်လောက်တဲ့ အခက်အခဲအတားအဆီးဆိုတာ မတွေ့မိသလောက်ပါဘဲ။ ပြဿာနာတစ်ခုကိုဖြေရှင်းရတော့မည့်နေရာမှာ ဖြစ်နိုင်ခြေနည်းလမ်း အနည်းဆုံး ၂ ခု ၃ ခုကို ကြိုတင်စဉ်းစားပြီးချဉ်းကပ် လုပ်ဆောင်ကြလေ့ရှိပါတယ်။
အဲ့ဒီထဲကမှ ကျွန်တော်စဉ်းစားမိတဲ့ ပထမနည်းလမ်းကတော့ ဒီလိုပါ။ – ဒီနေရာမှာတစ်ခု ကြိုပြောရမှာကတော့…..စစ်တပ်က သူ့ဟာနဲ့သူရေးချင်သလိုရေးထားခဲ့တဲ့ ၂၀၀၈ ခြေဥအပေါ်မှာထိုင်ပြီး တိုင်းရင်းသားပါတီတွေနဲ့ လက်နက်ကိုင်အဖွဲ့ တွေကို မင်းတို့ ပြင်ချင်တာ၊ ထည့်သွင်းချင်တာရှိရင် ရွေးကောက်ပွဲ လမ်းကြောင်းကနေ လွှတ်တော်ထဲဝင်လာပြီးပြင်ဆင်နိုင်ကြပါတယ်ဆိုပြီး သူတို့ကပဲ နိုင်ငံတော်ရဲ့ ပဲ့ကိုင်ရှင် ဘိုးဘေးဘီဘင်တွေလိုပြုမူခဲ့ကြပါတယ်။ ထိုသို့သော စစ်အာဏာရှင်ရဲ့လုပ်ရပ်ပုံစံကို အတုယူထားပြီး ဘယ်အစုအဖွဲ့ကမှ ချင်းပြည်မှာပြုမူလို့မရနိုင်ဘူးဆိုတဲ့အချက်က နောက်ထပ်ပြောဆိုရေးသားရှင်းပြစရာမလိုသော တော်လှန်ရေးသမားတစ်ဦးချင်းရဲ့ အန္တိမပန်းတိုင်တွေထဲကတစ်ခုဖြစ်တယ်လို့ အားလုံးက နားလည်ထားပြီးသားပဲဖြစ်ပါတယ်။ ကျွန်တော့်အမြင်မှာတော့ CC ရဲ့ Chinland Constitution 2023 ဆိုတာက ယနေ့အထိ အစုအဖွဲ့တစ်ခုက ရေးဆွဲထားတဲ့ မူကြမ်းဥပဒေပဲ ဖြစ်ပါတယ်။ တကယ့်မြေပြင် ချင်းပြည်သူတွေအများစုကထောက်ခံအတည်ပြုတဲ့ Constitution မဟုတ်သေးပါဘူး။ တစ်ဖက်မှာ CB ဖက်ကနေလဲ CC ကဲ့သို့ Constitution မူကြမ်း ရေးဆွဲတင်သွင်းရပါမယ်။ ဒါကို ပူးပေါင်းကော်မီတီတစ်ခုက မူကြမ်းနှစ်ခုကို ပေါင်းစည်းပြီး Single Draft အဖြစ်ပြီး ရေးဆွဲရပါမယ်။ ပြီးမှ CB နဲ့ CC က ရွေးချယ်စေလွှတ်လာတဲ့ (ချင်းပြည်တစ်ဝှမ်းလုံးက တော်လှန်ရေးအင်အားစုတွေအားလုံးပါဝင်ပြီး) ကောင်စီ(လွှတ်တော်) ကနေ အတည်ပြုရပါမယ်။ ဒါဆိုရင် ချင်းပြည်နဲ့ ချင်းပြည်သူလူထုအားလုံးကို လွှမ်းခြုံတဲ့ အခြေခံဥဒေတစ်ခု ထွက်ပေါ်လာမှာဖြစ်ပါတယ်။
ကျွန်တော်ကိုယ်တိုင်လဲ အရင်က လော်ဘီလိုလို၊ အမုန်းသမားလိုလိုနဲ့ သူများမျက်ချေးကို ရန်ရှာတတ်တဲ့ အပြောအဆို အရေးအသားတွေ Facebook မှာ ပြောဆိုရေးသားခဲ့ဖူးပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းမှာ ကျွန်တော်ဉာဏ်မှီသလောက်နဲ့ စဉ်းစားလာမိတာက လက်ရှိတော်လှန်ရေးအတွင်းရော၊ တော်လှန်ရေးအလွန် ချင်းပြည်ပြန်လည်ထူထောင်ရေး၊ ဖယ်ဒရယ်နိုင်ငံတော်သစ်တည်ဆောက်ရေးတွေအတွက်မှာ ဒီလိုမျိုး အမုန်းစကား၊ အတိုက်အခိုက် အပုတ်အခတ်တွေက တော်လှန်ရေး တည်ဆောက်ရေးအတွက် အပေါင်းလက္ခဏာမဆောင်ဘူး ဆိုတာပါပဲ။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့တော့ ချင်းပြည်မှာ အစုအဖွဲ့တစ်ခုတည်း (ဒါမှမဟုတ်) အားလုံးပါဝင်တက်ရောက်ကြတဲ့ Platform တစ်ခုကိုပဲ အမြန်ဆုံးဖြစ်ပေါ်စေချင်ပါတယ်။
J Ye Htet Kyaw
ချင်းပြည်ကောင်စီ(Chinland Council) မှာ ချင်းလက်နက်ကိုင်အဖွဲ့များဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး/တပ်မတော်(CNF/A) ၊ CDF-Matupi တပ်မဟာ (၂)၊ ၊CDF-Lautu ၊ CDF-Zotung ၊CDF- Paletwa ၊ CDF-Hualngoram ၊ CDF-Tonzang၊ CDF-Hakha, CDF-Thantlang, CDF-KKG ၊ CDF-Zophei ၊ CDF/ CDM SIYIN ၊ PDA-Tedim၊ CDF-Mara ၊ CDF-Zanniatram နဲ့ Mindat Council စတဲ့အဖွဲ့များ ပါဝင်ပါတယ်။
Chinland Council ကို လက်မခံတဲ့ ချင်းလက်နက်အဖွဲ့များက ချင်းညီနောင်အဖွဲ့ ( CB)ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်မှာ ဖွဲ့စည်းခဲ့ပြီး CB အဖွဲ့မှာ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO)၊ ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU)၊ ချင်းကာကွယ်ရေးတပ် (မင်းတပ်)၊ ချင်းကာကွယ်ရေးတပ် (ကန်ပက်လက်)၊ ချင်းလဲန်းကာကွယ်ရေးတပ် (မတူပီ) တပ်မဟာ (၁) နဲ့ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC/MDF) အဖွဲ့ ၆ ဖွဲ့ပါဝင်ပါတယ်။
ချင်းညီနောင်အဖွဲ့ဟာ နိုင်ငံရေးပိုင်းဆိုင်ရာမှာ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) မှာပါဝင်ထားပြီး လက်တွဲဆောင်ရွက်နေပါတယ်။