Headlines

မြန်မာ နဲ့ အိန္ဒိယနိုင်ငံကြား လွတ်လပ်စွာသွားလာခွင့်ကန့်သတ်ပေးမှုအတွက် တာဝန်ရှိသူများကိုကျေးဇူးတင်ကြောင်း မဏိပူရ်ဝန်ကြီးချုပ်ပြော

မြန်မာနိုင်ငံ နဲ့ အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်အကြား နယ်စပ်ဖြတ်ကျော်ကာလွတ်လပ်စွာသွားလာခွင့်ကို ကန့်သတ်လိုက်ပြီး နယ်စပ်ခြံစည်းရိုးခတ်နိုင်ရေးအတွက်ပါကူညီအကောင်အထည်ဖော်ပေးနေတဲ့ အိန္ဒိယနိုင်ငံ၊ ပြည်ထောင်စု ပြည်ထဲရေးဝန်ကြီးဌာနကိုကျေးဇူးတင်ကြောင်း မဏိပူရ်ဝန်ကြီးချုပ် N Biren Singh က ဇန်နဝါရီလ (၉) ရက်နေ့တွင်မီဒီယာများကိုပြောကြားခဲ့ပါတယ်။


မဏိပူရ်ဝန်ကြီးချုပ်က “ အရင်တုန်းက ဘယ်သူမှ နိုင်ငံတွင်း ဝင်၊ ထွက်တာကို ဂရုမစိုက်ဘူး။ဒီလိုစည်းမျဉ်းမျိုးချပေးတဲ့ ပြည်ထောင်စု ပြည်ထဲရေးဝန်ကြီးဌာနကို ကျေးဇူးတင်ပါတယ်။အကောင်အထည်ဆောင်ရွက်ပေးနေတဲ့ အာသံရိုင်ဖယ်များသာမက၊ ပြည်နယ်ရဲများ၊ကျန်းမာရေးဌာနတာဝန်ရှိသူများ၊ နယ်စပ်ရှိပြည်ထဲရေးရုံးဝန်ထမ်းအားလုံးကိုကျေးဇူးတင်ပါတယ်။ တရားမဝင်ဝင်ထွက်သွားလာတာကိုကြီးကြပ်ဖို့ လူတိုင်းဂရုစိုက်ပြီး စနစ်တကျလိုက်နာဖို့ တိုက်တွန်းပါတယ်” လို့ပြောပါတယ်။


နှစ်နိုင်ငံကြားနယ်စပ်ဖြတ်ကျော်ပြီး အကန့်အသတ်မရှိ သွားလာမှုများကြောင့် မလိုလားအပ်တဲ့လူမျိုးစုပဋိပကဖြစ်ပွားခြင်း၊ မြန်မာနိုင်ငံဖက်ကနေ လူပေါင်းများစွာဝင်လာပြီးသစ်တောနယ်မြေများကျူးကျော်ကာ နေအိမ်တည်ဆောက်ခြင်း၊ နေထိုင်ခြင်းများကြောင့်သဘာ၀ပတ်ဝန်းကျင်ထိခိုက်မှုများရှိလာခြင်းစတဲ့ အကြောင်းပြချက်တွေနဲ့နှစ်နိုင်ငံရဲ့တစ်ဖက်စီနယ်စပ်ဖြတ်ကျော်ကာ ၁၀ ကီလိုမီတာအကွာအထိသာသွားလာနိုင်ပြီး ရက်ပိုင်းခေတ္တသာနေထိုင်ခွင့်ပြုရေး၊ ထိုသို့ခေတ္တသွားလာနေထိုင်သူများအနေနဲ့လည်းနယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်နဲ့သာ သွားလာခွင့်ရရှိရေးအတွက်ယခုစတင်အကောင်အထည်ဖော်နေပြီဖြစ်ပါတယ်။

အကြောင်းပြချက်ခိုင်လုံစွာနဲ့ မြန်မာနိုင်ငံဖက်က နိုင်ငံတကာနယ်စပ် ၁၀ကီလိုမီတာအကွာအတွင်း နေထိုင်ပြီး မဏိပူရ်ပြည်နယ်ဖက်ကို လာရောက်လိုသူများအတွက်ယခုလဆန်းကစတင်ပြီး အာသံရိုင်ဖယ်က နယ်စပ်ဖြတ်ကျော်ခွင့်
လက်မှတ်များကိုလည်းစတင်ထုတ်ပေးနေပြီဖြစ်ပါတယ်။


အိန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော်ခွင့်ကဒ်ကို ဇန်နဝါရီ ၈ရက်နေ့က မဏိပူရ်ပြည်နယ် မိုးရေးမြို့မှာ စတင်ထုတ်ပေးနေပြီလို့သိရပါတယ်။

ယင်းကဒ်ကို မိုးရေးမြို့ နှစ်နိုင်ငံတရားဝင် နယ်စပ်အမှတ် (၂) စစ်ဆေးရေးဂိတ်နဲ့ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ဂိတ်(ICP) မှာ မနက် ၆နာရီကနေ ညနေ ၃နာရီအတွင်း ပြုလုပ်ပေးနေတာဖြစ်ပြီး ပတ်စပို့ရိုက်ခြင်း၊ ဖခင်အမည်၊ မွေးသက္ကရာဇ်၊ နိုင်ငံသားစီစစ်ရေးကဒ်ပြား ယူဆောင်ပြီး ဝင်ခွင့်ကဒ်မှာ ထည့်သွင်းပြီးမှ ထုတ်ပေးတာလို့သိရပါတယ်။

အိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်ကလည်း၎င်းနဲ့ နယ်နိမိတ်ချင်းထိစပ်ပြီးချင်းဒေသကာကွယ်ရေးတပ်များထိန်းချုပ်ထားတဲ့ မြန်မာနိုင်ငံဖက်ခြမ်းက ကျေးရွာနဲ့ မြို့တွေမှာစစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှုတွေကို ဆက်တိုက်လုပ်နေတာကြောင့် ဇန်နဝါရီလ (၁)ရက်ကတည်းက နယ်စပ်ဖြတ်ကျော်တဲ့ တံတားဂိတ်ကို ပြန်လည်ပိတ်ထားပါတယ်။ အဲသလိုနယ်စပ်ဂိတ်ကို ပြန်လည်ပိတ်လိုက်တာကြောင့် မြန်မာနိုင်ငံဖက်က အိန္ဒိယဖက်ကိုကျောင်းလာတက်တဲ့ ကလေးတွေ ကျောင်းဖွင့်ချိန်အမီပြန်မလာနိုင်တာကြောင့်အမြန်ဆုံးပြန်လည်ဖွင့်လှစ်ဖို့ မီဇိုရမ်ပြည်နယ် အခြေစိုက် အရပ်ဖက်အဖွဲ့အစည်းတွေကတောင်းဆိုထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *