ဒီဇင်ဘာလ ၂၄ ရက်။
မီဇိုရမ်၊ မဏိပူရ်နဲ့ နာဂလန်းပြည်နယ်များတွင် အိမ်နီးချင်းနိုင်ငံများမှ လူအများအပြား ဝင်ရောက်လာမှုကြောင့် လုံခြုံရေးစိုးရိမ်မှုများ တိုးပွားလာနေသည့်အတွက် ကာကွယ်ထိန်းချုပ်နယ်မြေ ( Protect Area Regime – PAR ) အဖြစ်ပြန်လည်သတ်မှတ်ပြီး နိုင်ငံခြားသားများကို ခွင့်ပြုမိန့်၊ အထူးခွင့်ပြုမိန့်များ ဖြင့်သာ ပြည်နယ်တွင်းဝင်ခွင့်ပေးရန် အိန္ဒိယဗဟိုအစိုးရက ဒီဇင်ဘာလ (၂၁) ရက်နေ့က ပြန်လည်ပြဌာန်းလိုက်တဲ့အပေါ် ပြန်လည်စဉ်းစားသုံးသပ်ရန် မီဇိုရမ်ပြည်နယ်အနိုင်ရပါတီ Zoram People’s Movement (ZPM) က တိုက်တွန်းလိုက်ပါတယ်။
ယခုကဲ့သို့ PAR စနစ်ကိုပြန်လည်ပြဌာန်းထားခြင်းဟာ ပြည်နယ်အတွင်း မီဇိုလူမျိုးများရဲ့ လုပ်ငန်းများအပေါ် ထိခိုက်မှုရှိမည်ကိုစိုးရိမ်ကြောင်း၊ ထိုသို့ကန့်သတ်မှုကြောင့် အိန္ဒိယနိုင်ငံရဲ့ အရှေ့မြောက်ပိုင်းဒေသများတွင် ခရီးသွားလုပ်ငန်းများထိခိုက်လာနိုင်မယ့် အလားအလာများကို ZPM ပါတီ မှ အိန္ဒိယဗဟိုအစိုးရကို တိုက်တွန်းရာမှာ အလေးပေးဖော်ပြထားပါတယ်။
ZPM က ဗဟိုအစိုးရကို တိုက်တွန်းတဲ့ ကြေညာချက်မှာ “ ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆီ ဦးတည်ရွှေ့လျားနေတဲ့ နိုင်ငံအတွင်း အငြိမ်းချမ်းဆုံးသော ပြည်နယ်တစ်ခုဖြစ်တဲ့အတွက် မီဇိုရမ်ပြည်နယ်ကို PAR ပြန်လည်ပြဌာန်းခြင်းဟာ မလိုအပ်ကြောင်း၊ PAR ကိုပြန်လည်အသက်သွင်းခြင်းဟာ နိုင်ငံခြားသားများကို ခရီးသွားလာရေးလုပ်ငန်းများအတွက် ဆွဲဆောင်ရာတွင် ပြည်နယ်အစိုးရရဲ့ ကြိုးပမ်းအားထုတ်မှုကို အဟန့်အတားဖြစ်စေတဲ့အတွက် ဗဟိုအစိုးရအနေနဲ့ ပြန်လည်သုံးသပ်ရန်” လို့ဖော်ပြထားပါတယ်။
ထို့အပြင် အိန္ဒိယအစိုးရက မီဇိုရမ်ပြည်နယ်တွင်းသို့ ဝင်ရောက်နိုင်ရန်အတွက် PAR ပြန်လည်သတ်မှတ်ခြင်းဟာ ပြည်ပနိုင်ငံရှိမီဇိုလူမျိုးများ အထူးသဖြင့် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံမှာရှိနေတဲ့ မီဇိုလူမျိုးများကိုကန့်သတ်ရာရောက်တာကြောင့် အခုလို ဆန့်ကျင်ကန့်ကွက်ခြင်းဖြစ်ကြောင်း ဖော်ပြရေးသားထားပါတယ်။
၂၀၁၁ ခုနှစ်တွင် အိန္ဒိယဗဟိုအစိုးရအနေနဲ့ တရုတ်နိုင်ငံ၊ အာဖဂန်နစ္စတန်၊ ပါကစ္စတန်နိုင်ငံများမှလွဲပြီး ခရီးသွားလာရေးမြှင့်တင်ရန်ရည်ရွယ်လျက် နိုင်ငံခြားသားများကို မီဇိုရမ်၊ မဏိပူရ်နဲ့ နာဂလန်းပြည်နယ်များတို့ မှာဝင်ရောက်ခွင့်ကိုကန့်သတ်မှုကို ဖြေလျှော့ခဲ့ရာမှ ယခု ၂၀၂၄ နှစ် ဒီဇင်ဘာလ မှာ PAR စနစ်ကိုပြန်လည်သတ်မှတ်လာခြင်းဖြစ်ပါတယ်။
PAR ဖြေလျှော့မှုကို တစ်ကြိမ်လျှင် ငါးနှစ်အထိ တိုးမြှင့်ခဲ့ပြီး နောက်ဆုံးအမိန့်မှာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလက ကန့်သတ်ချက်ဖြေလျှော့မှုကိုထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ထုတ်ပြန်ချက်အရ ၂၀၂၇ အထိသက်တမ်းရှိရမှာဖြစ်ပါတယ်။
သို့သော် အိန္ဒိယ ဗဟိုအစိုးရက လုံခြုံရေးအကြောင်းပြချက်ဖြင့် ယခုချိန်မှစပြီး PAR ဖြေလျှော့ထားတဲ့ ပြည်နယ်သုံးခုလုံးမှာ ၁၉၅၈ ခုနှစ် နိုင်ငံခြားသားများ အကာအကွယ်ပေးရေး အမိန့်အရ PAR (သို့) Restricted Area Permits – RAP ကိုကြိုတင်ခွင့်ပြုချက်ရယူရမှာဖြစ်ပါတယ်။
မီဇိုရမ်ပြည်နယ် ပြည်ထဲရေးဝန်ကြီး Vanlalmawia က ဗဟိုအစိုးရရဲ့ ညွှန်ကြားချက်ကို အကောင်အထည်ဖော်လုပ်ဆောင်နေတယ်လို့ ပြောကြားခဲ့ပြီး Lungpui ရှိ ပြည်နယ်ရဲ့ တစ်ခုတည်းသောလေဆိပ်နဲ့ ပြည်နယ်ရဲ့အခြားအဝင်အထွက်နေရာများမှာ စတင်အကောင်အထည်ဖော်နေပြီလို့ တရားဝင်ပြောကြားခဲ့ပါတယ်။
အွန်လိုင်းပေါ်ကနေ ပါမစ်ထုတ်ပေးခြင်းအပါအဝင် အဆိုပါကိစ္စနဲ့ပတ်သက်ပြီး မီဇိုရမ်ပြည်နယ်မြို့တော် အိုင်ဇောလ်မြို့ရှိ နိုင်ငံခြားရေးမှတ်ပုံတင်ရုံးမှ ဝန်ထမ်းများကို သင်တန်းပို့ချပေးလျက်ရှိကြောင်း မီဇိုရမ်ပြည်နယ်ပြည်ထဲရေးဝန်ကြီးက ပြောကြားထားပါတယ်။