ဒီဇင်ဘာလ ၇ ရက်။
ချင်းပြည်နယ် လောက်တူဒေသအတွင်း တရားမဝင် ဓာတ်သတ္ထုထုတ်လုပ်ရောင်းချနေတဲ့သူတွေ လုပ်ငန်းလိုင်စင် လျှောက်ထားဖို့ လောက်တူနယ်ဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီဇင်ဘာလ ၅ ရက်နေ့က အသိပေးထုတ်ပြန်ထားပါတယ်။
လုပ်ငန်းလိုင်စင်ခွင့်ပြုချက်မရှိဘဲ လုပ်ကိုင်ဆောင်ရွက်နေသူတွေအနေနဲ့ ထုတ်ပြန်အသိပေးတဲ့နေ့ကနေ ဆယ်ရက်အတွင်း ဥပဒေပါ သတ်မှတ်ပြဌာန်းချက်အတိုင်း လုပ်ကိုင်ဆောင်ရွက်ခွင့်လျှောက်ထားကြဖို့နဲ့ သတ်မှတ်ကာလကျော်လွန်တဲ့အထိ လိုက်နာဆောင်ရွက်ခြင်းမရှိသူတွေကို ဥပဒေပါသတ်မှတ် ပြစ်ဒဏ်တွေအတိုင်း အရေးယူဆောင်ရွက်သွားမယ်လို့ နောက်ဆုံးအသိပေးထားပါတယ်။
လောက်တူနယ်ဒေသ ဓာတ်သတ္ထုဆိုင်ရာ ဥပဒေကို ၂၀၂၄ မေလ ၁၃ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့တဲ့ ပထမအကြိမ် လောက်တူပြည်သူ့ရေးရာကောင်စီ၏ တတိယအကြိမ်မြောက် အစည်းအဝေးမှာ အတည်ပြုပြဌာန်းခဲ့တာလို့လည်း လောက်တူနယ်ဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဓာတ်သတ္ထုထုတ်လုပ်ရောင်းချခွင့် လိုင်စင်အမျိုးအစားအလိုက် အုတ်ခဲထုတ်လုပ်ခွင့်လိုင်စင် အတွက် ၁၀ သိန်းသတ်မှတ်ထားပြီး သဲထုတ်လုပ်ခွင့်လိုင်စင် ၁၀ သိန်း နဲ့ ကျောက်ထုတ်လုပ်ခွင့်လိုင်စင်အတွက် ၈ သိန်း လို့သတ်မှတ်ထားတဲ့ကြောင်းကိုလည်း လောက်တူနယ်ဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
လုပ်ငန်းလိုင်စင်လျောက်ထားခြင်းမရှိသော နယ်မြေများမှာ မည်သူကမျှ စီးပွားဖြစ် ဓာတ်သတ္ထုထုတ်လုပ်ရောင်းချခွင့်မရှိကြောင်းနဲ့ အကယ်၍ခွင့်ပြုချက် လုပ်ငန်းလိုင်စင်ရှိသောနယ်မြေတွင်ဖြစ်စေ ၊ လုပ်ငန်းလိုင်စင်မရှိသော နယ်မြေတွင်ဖြစ်စေ စီးပွားဖြစ်မဟုတ်ဘဲ မိမိသုံးအတွက် သော်လည်းကောင်း၊ အသင်းအဖွဲ့တွက်သော်လည်းကောင်း ရယူထုတ်လိုပါက သက်ဆိုင်ရာ ရပ်ရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ၏ ခွင့်ပြုချက်နဲ့ ၂ ကျင်းထက်မပိုတဲ့ ပမာဏအတိုင်း ထုတ်လုပ်ခွင့်ရှိမယ်လို့လောက်တူနယ်ဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
လောက်တူမျိုးနွယ်စုဟာ ချင်းပြည်နယ်မှာ ထန်တလန်မြို့နယ်၊ ဟားခါးမြို့နယ် နဲ့ မတူပီမြို့နယ်စတဲ့မြို့နယ် ၃ ခု မှာစုစည်းနေထိုင်ကြပါတယ်။