Headlines

မင်းတပ်မြို့နယ်တစ်ခုလုံးကို ထိန်းချုပ်နိုင်ပြီလို့ ချင်းညီနောင်အဖွဲ့ထုတ်ပြန်

ဒီဇင်ဘာလ ၂၂ ရက်။

ချင်းပြည်နယ် မင်းတပ်မြို့နယ်တစ်ခုလုံးကို အလုံးစုံထိန်းချုပ်နိုင်ခဲ့ပြီး စစ်ကောင်စီကင်းစင်တဲ့ မြို့နယ်တစ်ခုဖြစ်သွားပြီလို့ ချင်းညီနောင်အဖွဲ့က ဒီကနေ့ ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

ချင်းညီနောင် စစ်ဆင်ရေး (Operation CB) ကို နိုဝင်ဘာလ ၉ ရက်နေ့ကစလို့ ဖလမ်းမြို့၊ မင်းတပ်မြို့တို့ကို မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး မင်းတပ်မြို့က စစ်ကောင်စီရဲ့နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ ခလရ(၂၇၄) ခြေလျင်တပ်ရင်းကို ဒီဇင်ဘာလ ၂၁ ရက်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် မင်းတပ်မြို့နယ်တစ်ခုလုံးကို ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

ချင်းညီနောင် စစ်ဆင်ရေး (Operation CB) အဖြစ်ဖော်ဆောင်တဲ့ မင်းတပ်မြို့သိမ်းတိုက်ပွဲမှာ ချင်းညီနောင်နဲ့ မဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့ Yaw Defense Force (YDF)၊ Yaw Army (YA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မုံရွာခရို်င်တပ်ရင်း (၃) တို့က ဟန်ချက်ညီညီဆင်နွှဲခဲ့ကြပြီး အာရက္ခတပ်တော် (AA) ကလည်း စစ်လက်နက်၊ ခဲယမ်း၊ စစ်ကူတွေအပြင် စစ်ရေးဆိုင်ရာအကြံအညဏ်တွေ နဲ့လိုအပ်တဲ့ အကူအညီတွေ ပံ့ပိုးကူညီခဲ့တာကြောင့် ချင်းညီနောင်အဖွဲ့က မင်းတပ်မြို့နယ်တစ်ခုလုံးကို ထိန်းချုပ်ထားနိုင်ခဲ့တာလို့လည်း ထုတ်ပြန်ထားပါတယ်။

မင်းတပ်မြို့သိမ်းစစ်ဆင်ရေးအတွင်း စစ်ကောင်စီမှ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် မတရားဖမ်းဆီး အကျဉ်းချထားတဲ့ နိုင်ငံရေးအကျဉ်းသား (၁၃) ဦးကိုလည်း အောင်မြင်စွာကယ်ထုတ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း အသက်ပေးသွားတဲ့ အာဇာနည်သူရဲကောင်းတွေ ကိုယ်လက်အင်္ဂါပေးဆပ်ခဲ့တဲ့ ရဲဘော်တွေကို လေးစားဂုဏ်ပြုကြောင်းနဲ့ ချင်းပြည်နယ်မှာ ကျန်နေသေးတဲ့ စစ်ကောင်စီတပ်စခန်းတွေကို သိမ်းပိုက်နိုင်ရေးအတွက် မဟာမိတ်တပ်တွေနဲ့အတူ ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့လည်း ချင်းညီနောင်က ထုတ်ပြန်ထားပါတယ်။

ချင်းညီနောင် စစ်ဆင်ရေး (Operation CB) အဖြစ်ဖော်ဆောင်တဲ့ ဖလမ်းမြို့သိမ်းတိုက်ပွဲမှာလည်း စစ်ကောင်စီတပ်ဖွဲ့တွေ တပ်စွဲထားတဲ့ ဖလမ်းခရိုင်ရဲတပ်ဖွဲ့ရုံး၊ ဖလမ်းမြို့မရဲတပ်ဖွဲ့ရုံး၊ ဆောက်လုပ်ရေးရုံး၊ အထွေထွေအုပ်ချုပ်ရေးရုံးနဲ့ ဆေးရုံကုန်း နေရာတွေကို တိုက်ခိုက်သိမ်းပိုက်ထားသလို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၄၅ ဦးကလည်း လက်နက်ခဲယမ်းတွေနဲ့ အတူ လက်နက်ချခဲ့တယ်လို့ ချင်းညီနောင်အဖွဲ့က ဒီဇင်ဘာလ ၂၀ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ချင်းလက်နက်ကိုင် ၆ ဖွဲ့ပါဝင်တဲ့ ချင်းညီနောင်ပူးပေါင်းတပ်ဖွဲ့ဟာ ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်က ကျင်ဒွေး၊ မတူပီမြို့၊မင်းတပ်မြို့၊ ကန်ပက်လက်မြို့တို့ကို တိုက်ခိုက်သိမ်းပိုက်ထားပြီး ဖလမ်းမြို့ကိုတော့ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *