ဒီဇင်ဘာလ ၁၂ ရက်။
ချင်းပြည်နယ် မင်းတပ်မြို့ပေါ်ကို စစ်ကောင်စီက လေကြောင်းကနေ နေ့စဉ်နီးပါး တောက်လျှောက် ဗုံးကြဲတိုက်ခိုက်နေတယ်တဲ့အကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ်( CDF-Mindat) ကပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်ကပြောပါတယ်။
ဒီကနေ့ ဒီဇင်ဘာလ ၁၂ ရက်နေ့မနက်ပိုင်း ၈ နာရီဝန်းကျင်ကနေ ၉ နာရီခွဲအထိ မကွေးလေတပ်က တိုက်လေယာဉ် Y – 12 နဲ့ မင်းတပ်မြို့ပေါ်နေရာတွေကို တစ်နာရီကျော် ပတ်ပျံပြီး ၁၂၀ မမ ဗုံးသီး ၁၀ လုံးတွဲ၊ (၇)လုံးတွဲ၊ ၅ လုံးတွဲတွေနဲ့ ဗုံး ၇၅ လုံးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။
ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ် ကပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်က “စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ တောက်လျှောက်လုပ်နေပါတယ်။ မင်းတပ် – ဆော – ကျောက်ထု လမ်းပိုင်းကို ဖြတ်သန်းသွားလာခွင့် ပိတ်ပင်တာမျိုးမရှိပါဘူး”လို့ ပြောပါတယ်။
ချင်းညီနောင်အဖွဲ့က ဖော်ဆောင်လျက်ရှိတဲ့ ချင်းညီနောင်စစ်ဆင်ရေး (Operation CB) ကို ဖလမ်းမြို့နဲ့ မင်းတပ်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေအားလုံးကို နိုဝင်ဘာလ ၉ ရက်နေ့ကစလို့ တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်နေပြီး လက်ရှိအချိန်အထိ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်လျက်ရှိတယ်လို့လည်းသိရပါတယ်။
လက်ရှိ ထိုးစစ်ဆင်တိုက်ခိုက်တာ ၁ လနီးပါးရှိလာပြီဖြစ်တဲ့ မင်းတပ်မြို့နဲ့ ဖလမ်းမြို့ကို အလုံးစုံထိန်းချုပ်ထားနိုင်ခြင်းမရှိသေးပေမယ့် ချင်းညီနောင်ပူးပေါင်းတပ်ဖွဲ့အနေနဲ့ မင်းတပ်နဲ့ ဖလမ်းမြို့က စစ်ကောင်စီစခန်း တော်တော်များများကိုတော့ သိမ်းပိုက်ထားနိုင်ပြီဖြစ်တဲ့ကြောင်းကိုလည်း တာဝန်ရှိသူတွေပြောပြချက်အရ သိရပါတယ်။