Headlines

မင်းတပ်မြို့ကို ချင်းညီနောင်ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်းသိရ

ဒီဇင်ဘာလ ၂၁ ရက်။

ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ စစ်ကောင်စီတပ်ရဲ့ နောက်ဆုံးလက်ကျန် ခလရ (၂၇၄) တပ်ရင်းကို CDF-Mindat နဲ့ချင်းညီနောင်ပူးပေါင်းတပ်ဖွဲ့က ဒီကနေ့ ဒီဇင်ဘာလ ၂၁ ရက် မနက် ၃ နာရီဝန်းကျင်လောက်မှာ သိမ်းပိုက်နိုင်ပြီလို့ စစ်ရေးအခြေအနေသိရှိသူတွေဆီကသိရပါတယ်။

မင်းတပ်မြို့က စစ်ကောင်စီရဲ့ ခလရ (၂၇၄) ကိုဒီကနေ့ မနက်ပိုင်း ၃ နာရီဝန်းကျင်လောက်မှာ သိမ်းပိုက်ခဲ့တာဖြစ်ပြီး ဗိုလ်မှုးကြီးအဆင့်ရှိသူတစ်ဦးကိုလည်း အရှင်ဖမ်းမိထားသလို လက်နက်ခဲယမ်းအမြောက်အများကိုလည်း သိမ်းဆည်းရမိတယ်လို့ စစ်ရေးအခြေအနေ သိရှိသူတွေက ပြောဆိုထားပြီး ဒီသတင်းနဲ့ ပတ်သက်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ် ပြောရေးဆိုခွင့်ရှိသူ ကိုယောမန်ကို Chin World က ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။

မင်းတပ် ခလရ (၂၇၄) တပ်ရင်းကနေ ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ ရှိနေတာကြောင့် မင်းတပ်မြို့နယ်အတွင်းမှာရှိတဲ့့ ဒေသခံတွေအနေနဲ့ လူစိမ်းတွေ့ပါက နီးစပ်ရာအဖွဲ့အစည်းတွေကို ဆက်သွယ်ပေးကြဖို့ကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူတွေ ပြောဆိုချက်အရ သိရပါတယ်။

ချင်းညီနောင်စစ်ဆင်ရေး (Operation CB) အဖြစ် ချင်းညီနောင်အဖွဲ့က မင်းတပ်နဲ့ဖလမ်းမြို့သိမ်းတိုက်ပွဲတွေကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်နေ့စလို့ စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး မင်းတပ်ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ဝင်းမှ စစ်သားနှင့်ရဲ စုစုပေါင်း ၁၂၃ ဦးနှင့်အတူ ၎င်းတို့၏ မိသားစုဝင်များ လက်နက်ချ အညံ့ခံခဲ့တယ်လို့ ချင်းညီနောင်အဖွဲ့က မနေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မင်းတပ်မြို့ပေါ်က စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ စံမင်းသီရိစေတီကုန်း၊ ဝန်ထမ်းအိမ်ရာလိုင်းခန်း (စံပြရပ်ကွက်)၊ ခရိုင်ဆောက်လုပ်ရေးဝင်း၊ တာဝါတိုင်ကုန်း၊ ဟိုတယ်(မင်းတပ်)၊ မြလေးပွင့်စေတီကုန်းနဲ့ ၄ မိုင်ကုန်းတွေကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့ပြီး နောက်ဆုံး ခလရ (၂၇၄) တပ်ရင်းသာ ကျန်နေတာလို့ မနေ့ ဒီဇင်ဘာလ ၂၀ ရက်က ချင်းညီနောင်အဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

ချင်းလက်နက်ကိုင် ၆ ဖွဲ့ပါဝင်တဲ့ ချင်းညီနောင်ပူးပေါင်းတပ်ဖွဲ့ဟာ ချင်းပြည်နယ်မှာ ကန်ပက်လက််မြို့နယ်က ကျင်ဒွေးမြို့၊မတူပီမြို့နဲ့မင်းတပ်မြို့တွေကိုတိုက်ခိုက်သိမ်းပိုက်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *