ဒီဇင်ဘာလ ၂၆ ရက်။
ဘိန်းစိုက်ပျိုးမှုနဲ့ ပတ်သက်သော အခွန်များ ကောက်ခံခြင်းသည် ဘိန်းစိုက်ပျိုးမှုကို တရားဝင် ခွင့်ပြုရာ ရောက်သည့် အတွက် မိမိတို့ ထိန်းချုပ်နယ်မြေ အတွင်း မိမိတို့ အဖွဲ့အစည်း အပါအဝင် မည့်သည့် အဖွဲ့အစည်းကိုမျှ ဘိန်းခွန် ကောက်ခံခြင်းကို ခွင့်ပြုမည် မဟုတ်ဘဲ ၃ နှစ်အတွင်း ဘိန်းစိုက်ပျိုးမှု ကင်းစင်ရေး စီမံကိန်းကို ချမှတ် ထားသည် အတိုင်း ဆောင်ရွက်သွားမယ် လို့ တီးတိန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ CDF-CDM-Siyin ကဒီဇင်ဘာလ ၂၅ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ ပါတယ်။
ဘိန်းစိုက်ခင်း နဲ့ ပတ်သက်သည့် စီမံကိန်း၊ စီမံချက်များကို CDF-CDM-Siyin ရဲ့၂၀၂၄ ခုနှစ် ပုံမှန်အစည်းအဝေးတွင် ချမှတ်ခဲ့ခြင်းဖြစ်ပြီး ယင်း ဆုံးဖြတ်ချက်အရ မိမိတို့ ထိန်းချုပ်နယ်မြေ အတွင်း ဘိန်း စိုက်ခင်း ၃ ဧကခန့်ကို ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ဖျက်ဆီး ရှင်းလင်းခဲ့တယ် လို့လည်း ယင်း ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။
ဘိန်းခင်းပိုင်ရှင်များ ဟာ ပြည်သူများဖြစ်ကြပြီး နိုင်ငံရေး အခြေအနေအရ စားဝတ်နေရေးခက်ခဲလွန်းခြင်းကြောင့် စိုက်ပျိုးရခြင်း ဖြစ်တယ်လို့ ပြောခဲ့ပေမယ့် နိုင်ငံရေးမတည်မငြိမ်မှုကို အခွင့်ကောင်း ယူကာ စားဝတ်နေရေးအတွက်သာ မဟုတ်ပဲ ကိုယ့်ကောင်းကျိုးကိုသာ ကြည့်သော စီးပွါးရေးသမား တချို့၏ သွေးထိုးအားပေးမှုကြောင့်သာ ဖြစ်သည်ကို တွေရှိရတယ် လို့လည်း CDF-CDM-Siyin အဖွဲ့ကဆိုထား ပါတယ်။
ယင်းအပြင် “မူးယစ်ဆေးဝါးနှင့် ပိုက်ဆံကိုလွယ်ကူစွာရသော နည်းလမ်းသည် ကျနော်တို့ အသက်စွန့်ကာကွယ်သော နောင်လာနောက်သားများ၏ အနာဂတ်အတွက် ကောင်းကျိုးထက် ဆိုးကျိုးများသာ အကျိုးအဆက် အဖြစ် ရရှိမှာ ဖြစ်တဲ့အတွက် ဘိန်းခင်းများကို အခုလို ဖျက်ဆီး ရှင်းလင်း ရတာဖြစ်ကြောင်း၊ မိမိတို့ ထိန်းချုပ်နယ်မြေဒေသအတွင်း ဘိန်းတိုးချဲ့စိုက်ပျိုးခြင်း ကိုလည်း လုံးဝတားမြစ်ထားကြောင်း၊ မိမိတို့ ထိန်းချုပ်နယ်မြေဒေသအတွင်းရှိ ကျန်နေသေးသော ဘိန်းခင်းများကိုလည်း အလျင်းသင့်တလို တစ်ခင်း ပြီး တစ်ခင်း ဆက်လက် ဖျက်ဆီးရှင်းလင်း သွားမည် ဖြစ်ကြောင်း” ကိုလည်း CDF-CDM-Siyin ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြ ပါတယ်။
CDF-CDM-Siyin အဖွဲ့ဟာ ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ကို အခြေပြုကာ၂၀၂၁စစ်အာဏာသိမ်းမှု အပြီး ဖွဲ့စည်းသော လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။
ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု နှိမ်နင်းရေးအဖွဲ့ (UNODC)ရဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့ ထုတ်ပြန်ချက်မှာ ယခုနှစ်အတွင်းချင်းပြည်နယ်မှာ ဘိန်းစိုက်ပျိုးမှု ၁၈% မြင့်တက်ခဲ့တယ် လို့ ဖော်ပြထား ပါတယ်။