ဒီဇင်ဘာလ ၂၉ ရက်။
ချင်းပြည်နယ် ပလက်ဝမြို့နယ် နှင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်ပေါင်း ၁၄ခု ကို သိမ်းပိုက်ခဲ့ပြီ ဖြစ်တဲ့ အာရက္ခတပ်တော် (ULA/AA) အနေဖြင့် လက်ရှိမြန်မာနိုင်ငံ၏ ပြည်တွင်းရေး အခင်းအကျင်း၊ အဖြစ်အပျက် များကိုစစ်ရေးဖြင့် ဖြေရှင်းသည်ထက် နိုင်ငံရေးနည်းလမ်းများဖြင့်ဖြေရှင်းရန် အမြဲတမ်း အသင့်ရှိပါကြောင်း ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ ULA/AA က သဘောထားထုတ်ပြန်ပါတယ်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA) ၏ လက်ရှိ မြန်မာ့ နိုင်ငံရေး နဲ့ ပတ်သက်ပြီး “၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့မှစတင်ခဲ့သည့် အာရက္ခဒေသအတွင်းမှ အာရက္ခတပ်တော်၏ ထိုးစစ်များသည် မိမိတို့ အာရက္ခဒေသအတွင်းနေ ပြည်သူလူထုတစ်ရပ်လုံး၏ လိုလားသောဆန္ဒနှင့် အာရက္ခ ဒေသနေ လူမျိုးပေါင်းစုံ လွတ်မြောက်ရေးကို အဓိကရည်ရွယ်” တယ် လို့ ဖော်ပြထားပြီး “အဖိနှိပ်ခံ မြန်မာပြည်သူလူထုတစ်ရပ်လုံး၏ လိုလား တောင့်တသော နိုင်ငံရေးမျှော်မှန်းချက်များ တစ်လုံးတစ်ဝတည်း ရရှိစေရေးအတွက် မားမားမတ်မတ် ဆက်လက် ရပ်တည်ပြီး မြန်မာပြည်အတွင်းမှ တိုင်းရင်းသားညီအစ်ကိုများ၏ အကောင်းဆုံးသော ညီအစ်ကို မိတ်ဆွေအဖြစ် ဆက်လက်ရပ်တည်သွားမည်” လို့ဖော်ပြ ထား ပါတယ်။
လွန်ခဲ့သောနှစ်ကာလများ၌လည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ တက်ကြွသော ဦးဆောင်မှုအောက်တွင် တရုတ်-မြန်မာ နယ်စပ်ဒေသတည်ငြိမ်ရေး၊ အကြမ်းဖက်မှုများပပျောက်ရေး၊ အွန်လိုင်းလောင်းကစား (ကျားဖျင်) တိုက်ဖျက်ရေး စတဲ့ ကဏ္ဍရပ်များတွင် မိမိတို့အဖွဲ့အစည်းသာမက ကိုးကန့်၊ တအာင်း အဖွဲ့အစည်းများနှင့်အတူ “ဟိုင်ဂင်သဘောတူညီချက်” ရရှိသည်အထိ မိမိတို့သည် စိတ်အားထက်သန်စွာဖြင့် တက်တက်ကြွကြွ ပူးပေါင်း ပါဝင်ခဲ့တယ် လို့လည်း ယင်း ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။
ယင်း အပြင် အာရက္ခဒေသအတွက် အကျိုးစီးပွားဖြစ်ထွန်းပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသော မည်သည့် နိုင်ငံခြား ရင်းနှီး မြှပ်နှံမှုမျိုးကို မဆို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ အနေဖြင့် အသိအမှတ်ပြု ကြိုဆိုကြောင်း၊ စီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံလုပ်ကိုင်ကြသောသူများ၏ လုံခြုံရေး၊ အသက်အန္တရာယ်တို့ကို မိမိတို့အနေဖြင့် အထူးဂရုစိုက် ကာကွယ်စောင့်ရှောက်သွားမည် ဖြစ်ကြောင်း၊ စီမံကိန်းများ လည်ပတ် နိုင်ရန် အတွက် ကုမ္ပဏီများနဲ့ ပူးပေါင်း ဆောင်ရွက်ရန် နှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ရန် လိုလားပါကြောင်းစတဲ့ အချက် များလည်း ပါရှိပြီး နိုင်ငံ တစ်ခုခု နာမည်ကို သီးသန့်ထည့်သွင်း ဖော်ပြခဲ့ခြင်း မရှိတာကို လည်း တွေ့ခဲ့ရ ပါတယ်။
ရခိုင်ပြည်နယ်မှာ တရုတ် နိုင်ငံမှ ရင်နှီးမြှပ်နှံသည့် သဘာဝဓာတ်ငွေ ဆိုင်ရာ စီမံကိန်း မှအစ ဒေါ်လာ ဘီလီယံချီ တန်သော စီမံကိန်းများ ရှိသလို ရခိုင်ပြည်နယ် နဲ့ ချင်းပြည်နယ် ကို ဖြတ်သန်းတဲ့ အိန္ဒိယနိုင်ငံရဲ့ကုလားတန် ဘက်စုံ စီမံကိန်း ကြီးလည်း ရှိပါတယ်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှာ စတင်ခဲ့တဲ့ AA ရဲ့စစ်ဆင်ရေးကြီးမှာ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အပါအဝင် ရခိုင်ပြည်နယ်မှာ မြို့နယ် ၁၄ ခု ၊စုစု ပေါင်း မြို့နယ် ၁၅ ခု ကို AA က သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ပါတယ်။
ဇန်နဝါရီလ (၁၄) ရက် – ပလက်ဝမြို့နယ်
ဇန်နဝါရီလ (၁၉) ရက် – ပေါက်တောမြိုနယ်
ဖေဖော်ဝါရီလ (၈) ရက် – မြောက်ဦးမြို့နယ်
ဖေဖော်ဝါရီလ (၁၃) ရက် – ကျောက်တော်မြို့နယ်
ဖေဖော်ဝါရီလ (၁၅) ရက် – မြေပုံမြို့နယ်
ဖေဖော်ဝါရီလ (၂၆) ရက် – မင်းပြားမြို့နယ်
မတ်လ (၄) ရက် – ပုဏ္ဏားကျွန်းမြို့နယ်
မတ်လ (၁၁) – ရမ်းဗြဲမြို့နယ်
မတ်လ (၁၇) ရက် – ရသေ့တောင်မြို့နယ်
မေလ (၁၈) ရက် – ဘူးသီးတောင်မြို့နယ်
စက်တင်ဘာလ (၅) ရက် – သံတွဲမြို့နယ်
ဒီဇင်ဘာလ (၈)ရက် မောင်တောမြို့နယ်
ဒီဇင်ဘာ (၁၄) ရက် – တောင်ကုတ်မြို့နယ်
ဒီဇင်ဘာလ (၂၀) ရက် – အမ်းမြို့နယ်
ဒီဇင်ဘာလ (၂၉) ရက်- ဂွမြို့နယ်