Headlines

ကမ္ဘာမှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုအများဆုံးနိုင်ငံအဖြစ် မြန်မာဆက်လက်ရပ်တည်၊ချင်းပြည်နယ်မှာဘိန်းစိုက်ပျိုးမှု ၁၈ ရာခိုင်နှုန်းတိုးလာ

ဒီဇင်ဘာလ ၁၃ ရက်။

၂၀၂၄ ခုနှစ် မြန်မာနိုင်ငံရဲ့ဘိန်းစိုက်ပျိုးမှုဟာ မနှစ်နဲ့ နှိုင်းယှဉ်ရင် ၄ ရာခိုင်နှုန်းကျဆင်းသွားပေမယ့်လည်း
ကမ္ဘာမှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံး နိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေ ကြောင်း၊မြန်မာနိုင်ငံမှာ ရှမ်းပြည်နယ်ဟာ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု အများဆုံးဒေသ ဖြစ်ကာ ၊အခုနှစ်မှာ ချင်းပြည်နယ်မှာတော့ ဘိန်းစိုက်ပျိုးမှု ၁၈ ရာခိုင်နှုန်းတိုးလာတယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု နှိမ်နင်းရေးအဖွဲ့ (UNODC) က ဒီဇင်ဘာလ ၁၂ ရက်က ထုတ်ပြန်တဲ့အစီရင်ခံစာမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ ဒီနှစ်အတွင်း ဘိန်းစိုက်ပျိုးတဲ့ ဧရိယာ ၄၅,၂၀၀ ဟက်တာ ရှိခဲ့တယ်လို့လည်း UNODC ထုတ်ပြန်တဲ့အစီရင်ခံစာမှာပါရှိပါတယ်။

မြန်မာနိုင်ငံမှာ ရှမ်းပြည်နယ်ဟာ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု အများဆုံးဒေသအဖြစ် ၈၈ ရာခိုင်နှုန်းအထိ ရှိနေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ တောင်ပိုင်းမှာ အခုနှစ် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အနည်းငယ်ကျဆင်းခဲ့ပေမဲ့ ရှမ်းပြည်နယ် အရှေ့ပိုင်းမှာတော့ ဘိန်းစိုက်ပျိုးမှု ၁၀ % ရာခိုင်နှုန်း မြင့်တက်လာတယ်လို့ ဆိုပါတယ်။
ကချင်ပြည်နယ်မှာလည်း အခုနှစ်ဘိန်းစိုက်ပျိုးမှုဟာ ၁၀ ရာခိုင်နှုန်းလျော့ကျခဲ့ပေမဲ့ ချင်းပြည်နယ်မှာတော့ ဘိန်းစိုက်ပျိုးမှု ၁၈ ရာခိုင်နှုန်းတိုးလာပြီး ကယား ပြည်နယ်မှာလည်း ၈ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။

ယခုနှစ်၂၀၂၄အတွင်း ချင်းပြည်နယ် တီးတိန်မြို့နယ်နှင့် တွန်းဇံမြို့နယ်တို့မှာ ဘိန်းစိုက်ပျိုးမှု အရင်နှစ်ထက် ပိုမိုများပြားလာကြောင်း ဒေသခံတောင်သူတွေရဲ့ပြောကြားချက်အရသိရှိရပါတယ်။

ပြီးခဲ့တဲ့နှစ် ၂၀၂၂ ခုနှစ်က အာဖဂန်နစ္စတန်မှာ တာလီဘန်တွေက မူးယစ်ဆေးဝါး တားဆီးပိတ်ပင်လိုက်ပြီးနောက် ၂၀၂၃ ခုနှစ်မှာ မြန်မာနိုင်ငံက ကမ္ဘာ့ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံးနိုင်ငံဖြစ်လာခဲ့ပါတယ်။

၂၀၂၄ ခုနှစ်မှာတော့ မြန်မာနိုင်ငံရဲ့ ဘိန်းစိုက်ပျိုးမှုဟာ လေးရာခိုင်နှုန်းအထိ အတန်အသင့် ကျဆင်းခဲ့ပေမယ့် အရင်က ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံးဖြစ်ခဲ့တဲ့ အာဖဂန်နစ္စတန်နိုင်ငံဟာ မူးယစ်ဆေးဝါးကို ဆက်လက်တားမြစ်နေတာ ကြောင့် ကမ္ဘာ့ဘိန်းဈေးကွက်မှာ မြန်မာဈေးကွက်က အချက်အချာ ကျလာတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ဘိန်းစိုက်ပျိုးမှု ပိုမိုမြင့်တက်လာခဲ့ပြီး လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားမှုဟာ တရားမဝင် ဘိန်းစိုက်ပျိုးမှုရဲ့ အဓိကအကြောင်းအရင်းဖြစ်တယ်လို့ UNODC ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ချင်းပြည်နယ်မှာ PDF Zoland တပ်ဖွဲ့နဲ့ဇိုလဲန်းပြည်သူ့ရဲတပ်ဖွဲ့ (People’s Police Force-Zoland) တို့ပူးပေါင်းပြီး တီးတိန်မြို့နယ်ထဲမှာ ဘိန်းစိုက်ထားတဲ့ စိုက်ခင်းဧက(၂၀) ကျော်ကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၂-၂၃ ရက် မှာ ၂ ရက်ဆက်တိုက် ဘိန်းပင်တွေဖျက်ဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

Source- UNODC

Leave a Reply

Your email address will not be published. Required fields are marked *