ဒီဇင်ဘာလ ၂၂ ရက်။
ချင်းညီနောင် စစ်ဆင်ရေး (Operation CB) အဖြစ် ကန်ပက်လက်မြို့သိမ်း စစ်ဆင်ရေးကို ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ စတင်ပြီဖြစ်တဲ့အကြောင်း ပြည်သူလူထုကို အသိပေးတယ်လို့ ချင်းညီနောင်အဖွဲ့က ဒီကနေ့ ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ချင်းညီနောင်စစ်ဆင်ရေး (Operation CB) အဖြစ် နိုဝင်ဘာလ ၉ ရက်နေ့ကစလို့ ဖလမ်းမြို့၊ မင်းတပ်မြို့တို့ကို မဟာမိတ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။
ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ လက်ရှိမှာစစ်ကောင်စီတပ်ဖွဲ့တွေ တပ်စွဲထားတဲ့ ဖလမ်းခရိုင်ရဲတပ်ဖွဲ့ရုံး၊ ဖလမ်းမြို့မရဲတပ်ဖွဲ့ရုံး၊ ဆောက်လုပ်ရေးရုံး၊ အထွေထွေအုပ်ချုပ်ရေးရုံးနဲ့ ဆေးရုံကုန်း နေရာတွေကို တိုက်ခိုက်သိမ်းပိုက်ထားသလို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၄၅ ဦးလည်း လက်နက်ခဲယမ်းတွေနဲ့ အတူ လက်နက်ချခဲ့တယ်လို့ ချင်းညီနောင်အဖွဲ့က ဒီဇင်ဘာလ ၂၀ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
မင်းတပ်မြို့သိမ်းတိုက်ပွဲမှာလည်း စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ စံမင်းသီရိစေတီကုန်း၊ ဝန်ထမ်းအိမ်ရာလိုင်းခန်း (စံပြရပ်ကွက်)၊ ခရိုင်ဆောက်လုပ်ရေးဝင်း၊ တာဝါတိုင်ကုန်း၊ ဟိုတယ် (မင်းတပ်)၊ မြလေးပွင့်စေတီကုန်း ၄ မိုင်ကုန်းတို့ကို သိမ်းပို်က်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့နဲ့ရဲတပ်ဖွဲ့ဝင် (၁၂၃) ဦး ၄င်းတို့မိသားစုဝင်တွေနဲ့အတူအလင်းဝင်ခဲ့တယ်လို့ ဒီဇင်ဘာလ ၂၀ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
မင်းတပ်မြို့မှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ နောက်ဆုံးလက်ကျန် တပ်စခန်းတစ်ခုဖြစ်တဲ့ ခလရ (၂၇၄) တပ်ရင်းကိုလည်း မနေ့ဒီဇင်ဘာလ ၂၁ ရက်နေ့ မနက်ပိုင်း ၃ နာရီလောက်မှာ CDF-Mindat နဲ့ချင်းညီနောင်ပူးပေါင်းတပ်ဖွဲ့ကသိမ်းပိုက်နိုင်ပြီလို့ သိရပြီး သက်ဆိုင်ရာအဖွဲ့အစည်းကတော့ တရားဝင်ထုတ်ပြန်ထားတာမျိုးတော့ မရှိသေးပါဘူး။
ချင်းလက်နက်ကိုင် ၆ ဖွဲ့ပါဝင်တဲ့ ချင်းညီနောင်ပူးပေါင်းတပ်ဖွဲ့ဟာ ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်က ကျင်ဒွေးမြို့၊ မတူပီမြို့နဲ့ မင်းတပ်မြို့တို့ကို တိုက်ခိုက်သိမ်းပိုက်ထားပြီး ဖလမ်းမြို့ကိုတော့ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်ပါတယ်။