Headlines

ကန်ပက်လက်မြို့ကနေ စွန့်ခွါထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လိုက်ဖမ်းနေတယ်လို့ သိရ

ဒီဇင်ဘာလ ၂၂ ရက်။

ချင်းပြည်နယ် ကန်ပက်လက်မြို့ပေါ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ချင်းညီနောင်ပူးပေါင်းအဖွဲ့က တိုက်ခိုက်ဖို့ ချဉ်းကပ်စဉ် စစ်ကောင်စီတပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ယမန်နေ့ ဒီဇင်ဘာလ ၂၁ ရက်နေ့ညမှာဘဲ မြို့ကိုစွန့်ခွာထွက်ပြေးကုန်တာကြောင့် အခုလိုက်ဖမ်းနေတယ်လို့ ချင်းညီနောင်အဖွဲ့ ရဲ့ပြောခွင့်ရ ကိုယောမာန်က ပြောပါတယ်။

ချင်းညီနောင် စစ်ဆင်ရေး (Operation CB) အဖြစ် ကန်ပက်လက်မြို့သိမ်း စစ်ဆင်ရေးကို ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ စတင်ပြီဖြစ်တဲ့အကြောင်း ပြည်သူလူထုကို အသိပေးတယ်လို့ ချင်းညီနောင်က ဒီကနေ့ ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

ချင်းညီနောင်ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်က “ ကျနော်တို့ ကန်ပက်လက်ကို တိုက်ခိုက်ဖို့ ချဉ်းကပ်ထားပြီး ပြင်ဆင်တာတော့ကြာပြီ ဒီဇင်ဘာလ ၂၁ ရက်ညမှာ ဝင်တိုက်ဖို့ လုပ်နေတုန်းမှာ စစ်ကောင်စီတွေက စွန့်ခွာထွက်ပြေးသွားတာပါ။ အခုပြေးသွားတဲ့ စကစ တွေနောက်လိုက်နေပါတယ်။ ကျနော်တို့ တရားဝင် သတင်းမထုတ်ပြန်သေးပါဘူးခဗျ မကြာခင် တရားဝင် ထုတ်ပြန်ဖို့ရှိပါတယ်” လို့ပြောပါတယ်။

ချင်းညီနောင် စစ်ဆင်ရေး (Operation CB) ကို နိုဝင်ဘာလ ၉ ရက်နေ့ကစလို့ ဖလမ်းမြို့၊ မင်းတပ်မြို့တို့ကို ချင်းညီနောင်အဖွဲ့နဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး မင်းတပ်မြို့ကို ယမန်နေ့ ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပြီး သက်ဆိုင်ရာအဖွဲ့အစည်းဘက်ကတော့ တရားဝင်ထုတ်ပြန်တာမျိုးတော့ မရှိသေးပါဘူး။

ချင်းလက်နက်ကိုင် ၆ ဖွဲ့ပါဝင်တဲ့ ချင်းညီနောင်ပူးပေါင်းတပ်ဖွဲ့ဟာ ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်က ကျင်ဒွေးမြို့၊မတူပီမြို့၊မင်းတပ်မြို့၊ ကန်ပက်လက်မြို့တို့ကို တိုက်ခိုက်သိမ်းပိုက်ထားပြီး ဖလမ်းမြို့ကိုတော့ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *