Headlines

မီဇိုရမ်ပြည်လောင်တလိုင်မြို့က ချင်းစစ်ဘေးရှောင်တွေ စားနပ်ရိက္ခာအကူအညီတွေ လိုအပ်နေ

မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်မြို့ကို မြန်မာနိုင်ငံ၊ ချင်းပြည်နယ် ထန်တလန်၊ ဟားခါး ဘက်ကနေ စစ်ဘေးရှောင်လာတဲ့ ချင်းစစ်ဘေးရှောင်တွေ စားနပ်ရိက္ခာ အထောက်အပံ့ အကူအညီတွေ လိုအပ်နေကြတယ်လို့ လောင်တလိုင်မှာ နေထိုင်သူတွေဆီကနေ သိရပါတယ်။

လောင်တလိုင်မြို့ စစ်ဘေးရှောင်စခန်းမှာ နေထိုင်တဲ့သူရော မြို့ပေါ်အိမ်ဌားနေထိုင်သူတွေထဲကလည်း စားသောက်ရေးပိုင်းမှာ အရေးပေါ်ထောက်ပံ့ကူညီမှုတွေ လိုအပ်နေကြသလို နိုင်ငံခြားမှာ ဆွေမျိုးမရှိတဲ့သူတွေဆိုရင် ပိုပြီး အခက်အခဲဖြစ်ကြတယ်လို့ လောင်တလိုင်မှာ နေထိုင်သူ တစ်ဦးကပြောပါတယ်။

လောင်တလိုင်မှာ နေထိုင်သူတစ်ဦးပြောတာက “လောင်တလိုင်မှာတော့ မီဇိုရမ်ပြည်နယ် အခြားနေရာတွေထက်တော့ စစ်ဘေးရှောင်တွေအတွက် စိတ်ပိုင်းဆိုင်ရာအရ ပိုပြီးလုံခြုံမှုရှိတယ်လို့ ခံစားကြတယ်။ ဒီကဒေသခံတွေ၊ အဖွဲ့အစည်းတွေကလည်း စစ်ဘေးရှောင်တွေအပေါ် သည်းခံနားလည်နိုင်မှုပိုပြီး မြင့်မားတယ်လို့ခံစားရတယ်။ စားဝတ်နေရေးအတွက်တော့ စိန်ခေါ်မှုတွေများပါတယ် အထူးသဖြင့် နိုင်ငံခြားမှာ ဆွေမျိုးမရှိတဲ့သူတွေအတွက် ပိုပြီးခက်ခဲကြတယ်။ စစ်ဘေးရှောင်စခန်းမှာ မနေတဲ့ လောင်တလိုင်မြို့ပေါ် အိမ်ဌားနေသူတွေထဲကတောင်မှ အိမ်ထောင်စု ၂၀ ဝန်းကျင်ဟာ လစဉ် အရေးပေါ်ထောက်ပံ့ကူညီမှု လိုအပ်သူတွေရှိကြတယ်။ စစ်ဘေးရှောင်စခန်းမှာ နေထိုင်သူတွေထဲမှာ လစဉ်အကူအညီလိုအပ်သူ အရေအတွက် ပိုများတယ် အဓိက စားသောက်ရေးပိုင်းပေါ့” လို့ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားနေတဲ့ တိုက်ပွဲပဠိပက္ခတွေကြောင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်မြို့ကို ချင်းပြည်နယ်၊ ထန်တလန်၊ ဟားခါးနဲ့ စစ်ကိုင်းတိုင်း ကလေးမြို့စတဲ့ဒေသကနေ လာရောက် စစ်ဘေးရှောင်နေတဲ့ အိမ်ထောင်စု ၉၀ ခန့်ရှိပြီး လူဦးရေအားဖြင့် ၃၅၀ ဝန်းကျင်လောက် ရှိတယ်လို့လည်း သိရပါတယ်။

မီဇိုရမ်ပြည်နယ်အစိုးရရဲ့ နိုဝင်ဘာလ ၂၅ ရက်ထုတ်ပြန်ချက်အရ အိန္ဒိယဗဟိုအစိုးရက မီဇိုရမ်ပြည်နယ်မှာ ခိုလှုံနေကြတဲ့ စစ်ဘေးရှောင် ၄ သောင်းကျော်အတွက်ပေးအပ်တဲ့ ရူပီးသိန်း ၅၀၀ တန်ဖိုးရှိသော ဆန်မက်ထရစ်တန်ချိန် ၁၃၇၉ တန်ဟာ စစ်ဘေးရှောင်များနေထိုင်ရာ မီဇိုရမ်ပြည်နယ်က ခရိုင် ၁၁ ခုမှာ ရောက်ရှိသွားပြီဖြစ် ကြောင်း၊ တချို့ခရိုင် တွေမှာ ဆန် အကူအညီ များ ဖြန့် ေ၀ ပေးအပ်နေပြီဖြစ် ပေမယ့် လောင်တလိုင်မြို့က ချင်းစစ် ဘေး ရှောင် တွေ အကူအညီ ကောင်းစွာ မရ သေး ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *