Headlines

မင်းတပ်၊ဖလမ်းမြို့သိမ်းတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သား နဲ့ ရဲတပ်သား စုစုပေါင်း ၁၆၈ ဦး လက်နက်ချအညံ့ခံတယ်လို့ ချင်းညီနောင်အဖွဲ့ထုတ်ပြန်

ဒီဇင်ဘာလ ၂၀ ရက်။

ချင်းညီနောင်စစ်ဆင်ရေး (Operation CB) အဖြစ်ဖော်ဆောင်လျက်ရှိတဲ့ မင်းတပ်မြို့နဲ့ ဖလမ်းမြို့သိမ်းတိုက်ပွဲတွေမှာ လက်ရှိမှာ မင်းတပ်နဲ့ဖလမ်းကစစ်ကောင်စီစခန်းအတော်များများကိုသိမ်းပိုက်ထားနိုင်ပြီး မင်းတပ်နဲ့ဖလမ်းက ရဲတပ်ဖွဲ့ဝင်နဲ့ စစ်ကောင်စီတပ်သား ၁၆၈ ဦး လက်နက်ချ အညံ့ခံတာတွေရှိတဲ့အကြောင်း ချင်းညီနောင်အဖွဲ့က ဒီကနေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာလ ၁၅ ရက်နေ့က မင်းတပ်ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ဝင်းအတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ရဲတပ်ဖွဲ့ဝင် စုစုပေါင်း (၁၂၃) ဦး ဟာ ၎င်းတို့မိသားစုဝင်တွေနဲ့ အတူလက််နက်ချအညံ့ခံတာတွေရှိခဲ့သလို ဖလမ်းမြို့က ဖလမ်းခရိုင်ရဲတပ်ဖွဲ့ရုံး၊ ဖလမ်းမြို့နယ်ရဲတပ်ဖွဲ့ရုံး၊ ဆောက်လုပ်ရေးရုံး၊ ထွေအုပ်ရုံးနဲ့ဆေးရုံကုန်းတွေကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၄၅ ဦး လက်နက်ခဲယမ်းတွေနဲ့အတူ နိုဝင်ဘာလ ၁၂ ရက်နေ့က လက်နက်ချ အညံံ့ခံခဲ့တယ်လို့ ချင်းညီနောင်အဖွဲ့ကထုတ်ပြန်ထားပါတယ်။

မင်းတပ်မြို့သိမ်းစစ်ဆင်ရေးမှာ မြို့ပေါ်က စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ စံမင်းသီရိစေတီကုန်း၊ ဝန်ထမ်းအိမ်ရာလိုင်းခန်း(စံပြရပ်ကွက်)၊ ခရိုင်ဆောက်လုပ်ရေးဝင်း၊ တာဝါတိုင်ကုန်း၊ ဟိုတယ်(မင်းတပ်)၊ မြလေးပွင့်စေတီကုန်းနဲ့ ၄ မိုင်ကုန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ကျန်နေတဲ့ မင်းတပ်ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ဝင်းနဲ့ ခလရ (၂၇၄) တပ်ရင်းတို့ကို ဆက်လက်ထိုးစစ်ဆင်လျက်ရှိတယ်လို့ ချင်းညီနောင်အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဖလမ်းမြို့နဲ့ မင်းတပ်မြို့က နောက်ဆုံးကျန်ရှိနေတဲ့ စစ်ကောင်စီတပ်စခန်းတွေကို အပြီးသတ်သိမ်းပိုက်နိုင်သည်အထိ ပြင်းပြင်းထန်ထန် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်သွားမှာဖြစ်တဲ့အပြင် မဟာမိတ်အင်အားစုတွေနဲ့အတူ ချင်းပြည်အတွင်းစစ်ကောင်စီကင်းစင်ရေး အကြမ်းဖက်အာဏာရှင်ကို ဆက်လက်တိုက်ထုတ်သွားမယ်လို့ ချင်းညီနောင်အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ချင်းညီနောင်အဖွဲ့အနေနဲ့ မင်းတပ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲကို ပြီးခဲ့တဲ့ နိုဝင်ဘာလ (၉) ရက်နေ့က စလို့ မြို့သိမ်းစစ်ဆင်ရေးကို မဟာမိတ်အင်အားစုတွေနဲ့ ပူးပေါင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *