(ယခုစာစု သည် မြေမြှပ်မိုင်း၏ သားကောင် ဖြစ်ခဲ့ရသော Pa Sum Khan Lian ကိုယ်တိုင်ရေး အတ္ထုပတ္တိ စာအုပ်မှ မေလ ၂ ရက်နေ့ မနက် မှ မေလ ၃ ရက်နေ့ မနက် အထိ တစ်ရက်တာ အတွင်း ကြုံတွေ့ခဲ့ရသည့် အပိုင်းကို တီးတိန်ဘာသာ စကားမှ သင့်လျော်အောင် မြန်မာဘာသာ သို့ ပြန်ဆိုရေးသား ခဲ့ခြင်း ဖြစ်ပါသည်)
Pa Sum Khan Lian ဟာ ချင်းပြည်နယ် တီးတိန်မြို့နယ် လိုင်တွီးရွာမှာ မိသားစုနဲ့ အေးချမ်းစွာနေထိုင်သူ တဦးဖြစ်ပြီး ကားမောင်းခြင်း၊ နွားနောက်မွေးမြူခြင်းနဲ့ အသက်မွေးဝမ်းကျောင်းသူတစ်ဦးလည်း ဖြစ်ပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အင်မတန်မှ အေးချမ်းသာယာတဲ့ ချင်းပြည်ကြီးမှာလည်း အရင်က မကြားဖူးတဲ့ သေနတ်သံတွေ၊ ဗုံးသံတွေနဲ့အတူ မြေမြှုပ်မိုင်းအန္တရာယ်ကလည်း အင်မတန်မှ ကြီးလာခဲ့ရပါတယ်။
၂၀၂၂ ခုနှစ် မေလမှာ Pa Sum Khan Lian ဟာ ဦးလေးဖြစ်သူဖြစ် Pa Zen Than Lian နဲ့အတူ မိသားစု စားဝတ်နေရေးအတွက် နွားနောက်ဆွဲဖို့ Tuitawh ရွာဘက်ကို ထွက်လာခဲ့ကြပါတယ်။
မသွားခင် ညရောက်တော့ ပြတ်သွားမယ့် ဘယ်ခြေထောက်က အတော်လေး ယားလာခဲ့တယ်။ လက်နဲ့ ကုတ်တာ အားမရတော့ အိမ်လယ်တိုင်နဲ့ ခြစ်ပစ်လိုက်ရတယ်။ ပါးစပ်ကနေလည်း “ငွေ ရကိန်းဟေ့၊ ငွေရကိန်းဟေ့” လို့ အော်ပြီး မြူးတူး နေခဲ့မိပါတယ်။ ယောက္ခမ ဖြစ်သူ Nu Kim အလည်လာတဲ့ အချိန် ဖြစ်ပြီး မိန်းမလည်း ရှိနေတယ်။ ယောက္ခမ က “အရူးမထနဲ့… အေးဆေး ထိုင်နေ လိုက်စမ်းပါ” လို့တောင် ပြောခဲ့ရတဲ့ အထိ အူမြူး မိခဲ့တယ်။။ (သြော်…ကံဆိုးမှာ မိုးမှောင် ကျတော့မှာ မသိပေမယ့်…)
အဲ့ဒီလိုလာကြရင်းနဲ့ Nahtangzang ချောင်းဖက်ရောက်တော့ မိုးက သည်းကြီးမဲကြီးကို ရွာချလာတယ်။ တကိုယ်လုံးလည်း ရွှဲရွှဲစိုလို့… ကျနော်က “Pu Lian ရေ.. ဒီနေ့တော့ တအားအေးတယ်ကွာ.. အိမ်ပြန်ကြရအောင်” လို့ပြောတော့..သူက “သူက ပြန်ဖို့ မစဉ်းစားနဲ့ဦး၊ အိမ်မှာနေရင် မနက်စာတောင် စားဖြစ်အုံးမှာ မဟုတ်သေးဘူး။ ခဏလောက် ထပ်ရှာကြရအောင်” လို့ ပြန်ပြောလာပါတယ်။
အဲ့ဒီလို မိုင်းတွေရှိလောက်မလားဆိုပြီး စိုးရိမ်တဲ့နေရာတွေကို ရှောင်ကွင်းသွားရင်း Tuitawh ရွာရောက်ခါနီးလောက်မှာ တပြိုင်နက် မိုင်းပေါက်ကွဲလာခဲ့ပြီး၊ ဦးလေးဖြစ်သူ Pu Lian ကတော့ နေရာမှာတင် သေဆုံးခဲ့ရပါတယ်။
မိုင်း ပေါက်ကွဲသွားတာနဲ့ ကျွန်တော်လည်း သတိ လစ်သွားခဲ့တယ်။ သတိ ပြန်ရတော့ နားထဲတွင် “ဝီ…. ဝီ…. ဝီ…” ဟူသော အသံသာ ပဲ့တင်ထပ်ပြီး ကြားခဲ့ရတယ်။ ကျွန်တော်ကတော့ ပက်လန်ကျ သွားမိတယ်လို့ ထင်တယ်။ ခေါင်းက မြေနိမ့်ပိုင်းမှာ ရှိနေပြီး၊ နားကနေ သွေးယိုကျလာခဲ့တယ်။ မျက်နှာကို စမ်းကြည့် လိုက်တော့ စုတ်ပြတ်သတ် နေတယ်။ မျက်စိကို ဖွင့်ကြည့်လိုက်တော့ ဘာ တစ်ခုမှ မမြင်ရတော့ပေ။ မျက်စိများ ပေါက်ထွက်သွားပြီလားဟု စမ်းကြည့်လိုက် တော့ ပေါက်ထွက်တာမျိုးတော့ မရှိပေ။ ဒါပေမယ့် ဘာဆို ဘာတစ်ခုမှ မမြင်ခဲ့ရတော့ပေ။
ခြေထောက် နှင့် မြေထောက် မရ
ဒီလိုနဲ့ မိမိ ဝဲဘက် ခြေထောက်က စပ်ဖြန်းဖြန်း ဖြစ်လာခဲ့သည်။ လက်နဲ့ စမ်းကြည့် လိုက်တော့ ခြေကောက်ဝတ် တွဲလွဲလေး ကျလာခဲ့သည်။ ခြေသလုံးလည်း ပွင့်ထွက် နေခဲ့သည်။ “အမလေး၊ ကိုယ်တော်… ကျုပ် ခြေထောက် ပွင့်ထွက် ပေါက်ပြဲ နေပါလား” ဟု မြည်တမ်းခဲ့မိတယ်။ တစ်ယောက်ယောက် ကြားလို့ ကြားငြား အသံကုန် အော်ဟစ်ခဲ့ ပေမယ့် ဘယ်သူမှ ရောက်မလာခဲ့ပါ။ ကျွန်တော်လည်း အဲလိုနဲ့ ခဏ နေမိခဲ့တယ်။
ဘယ်သူမှ ရောက်မလာတော့ စိတ်ထဲတွင် အကြံ တစ်ခု ပေါ်လာခဲ့တယ်။ “ဒီလို နေ နေခဲ့ရင်၊ ဘယ်သူမှ ကျုပ်ကို တွေ့မိမှာ မဟုတ်ဘူး။ တွေ့မိရင်တောင် လာကယ်ရဲ ကြမှာ မဟုတ်ဘူး” ဆိုတဲ့ အတွေး ဝင်လာခဲ့တယ်။ အဲလိုနဲ့ လမ်းမကြီး ထိ ရောက်အောင် အားယူပြီး ကုန်းဆင်း အတိုင်း လျှောချ လိုက်မယ် ဆိုပြီး ဆုံးဖြတ်မိ ခဲ့တယ်။ မျက်စိလည်း မမြင်၊ ခြေထောက်နဲ့လည်း သွားမရတဲ့အဆုံး ဝမ်းလျားမှောက်ပြီး တွားသွားသွားရင်း လျှောဆင်းလာခဲ့ပါတယ်။
လမ်းမကြီး မရောက်ခင် သစ်ငုတ်တို တစ်ခုကို တိုက်ခဲ့မိတယ်။ မူးနောက် သွားခဲ့ရတဲ့ အတွက် ခဏ နားခဲ့ရပါသည်။ နည်းနည်း သက်သာ လာတော့ ထွားတွားပြီး ဆက်ဆင်းခဲ့တယ်။ ခဏနေတော့ လမ်းပုခုံး ထက် ကနေ လမ်းမဘက်ကို ပြုတ်ကျ သွားခဲ့ရပြီး လမ်းဘေး ရေလွှဲမြောင်းထဲ ရောက်သွားခဲ့ရပြန်တယ်။ ကိုယ့်ကိုယ်ကို ပြန် မထနိုင်တော့ ခဏ ပြန်နားခဲ့ရ ပြန်နယ်။
အားယူပြီး ပြန်ထ နိုင်တော့ လမ်းမလယ် ဖြစ်မယ်လို့ ထင်တဲ့ ဘက်ကို လှိမ့်ပြီး ရွေ့ခဲ့ပါသည်။ တစ်ယောက်ယောက် လာခဲ့ရင် နွားနောက် သွားရှာတဲ့သူ မှန်း သိရှိနိုင်အောင် ဆိုပြီး မိမိမှာ ပါလာတဲ့ ပစ္စည်းတွေကို ကျောပိုးအိတ် ထဲကနေ လမ်းမကြီး ပေါ်ကို ထုတ်ချခဲ့ပါတယ်။
အဲလိုလုပ်ပြီး သိပ်မကြာဘဲ ဆိုင်ကယ် တက်လာသံကို ကြားခဲ့ရသည်။ စိတ်အား ပြန်တက်လာပြီး အတော် ဝမ်းသာ မိသည်။ မိမိ အနားကို ရောက်လာတော့ “ဟေ့၊ ယောင်းရင်း ကျေးဇူးပြုပြီး ကျုပ်ကို ကယ်လိုက်ပါနော်” လို့ ပြောလိုက်တော့ အဲလူလည်း ကြောက်လို့ ဖြစ်မည် ထင်သည်။ အလန့်တကြား တချက် အော်ပြီး ထွက်သွားခဲ့သည်။ ကျွန်တော်လည်း သူ့ကို “ငါက လိုင်တွီး ရွာသားပါ။ ရွာဘက်ကို ပြောပေး လိုက်ပါအုံး” ဆိုပြီး ပြန်အော်ခဲ့ပါတယ်။
အဲလူ လာပြီးနောက် အတော်ကြာသည် အထိ ဘယ်သူမှ ပေါ်မလာတော့ ပါ။ ကြာလာတာနဲ့ အမျှ ဒဏ်ရာတွေက တဖြည်းဖြည်း ပိုနာလာခဲ့သည်။ အစောပိုင်းမှာတော့ ဒဏ်ရာတွေက သိပ်မနာ၊ ထုံနေပြီး နာမှန်းတောင် သတိ မထားမိ ခဲ့ပါ။ ဘာလုပ်ရမှန်း မသိတော့ လမ်းမကြီး အပေါ်တစ်ယောက်တည်း လှိမ့် နေခဲ့ ရပါတယ်။ လှိမ့် လိုက်တိုင်း အရိုးပြတ်ပြီး အရေခွံ နဲ့သာ ဆက်ထားသည့် ခြေဖမိုး ကလည်း ဒရွတ်တွဲ ပါလာတော့ အတော်နာလာ ခဲ့တယ်။အဲလိုနဲ့ ဘုရားကို အပြစ်တင်ပြီး “ကိုယ်တော်၊ ကျွန်တော် ဒီလောက်ထိ ကြုံရလောက်အောင် ဘာ အပြစ်ကို များ ကျူးလွန်ခဲ့မိ လို့လဲ၊ ဘာဖြစ်လို့ သေမှာ ချင်း အတူတူ ချက်ချင်း သေ နိုင်မယ့် နေရာကို ပေးမှန်ခွင့် မပေးခဲ့တာလဲ” လို့ တယောက်တည်း မြည်တမ်းလျက် လူးလှိမ့် နေခဲ့ ပါတယ်။
အသားတွေ တုန်လာပြီး ခေါင်းမူး လာခဲ့ရာ “အော် အခု ငါတကယ် သေရတော့မှာ ပါလား” ဆိုတဲ့ စိတ် ဝင်လာခဲ့တယ်။ အိမ်မှာ ကျန်ခဲ့တဲ့ မိန်းမ နှင့် သားသမီးတွေကို စကား ပါးချင်စိတ်တွေ ပေါ်လာခဲ့တယ်။ ဘာ ဖြစ်ဖြစ် စာတိုလေး တစ်ကြောင်း ဖြစ်ဖြစ် ရေးထားခဲ့ ချင် မိလာတယ်။ မိမိပါးချင်သည့် စကားတွေကို မြေကြီး ပေါ် ရေးထား လိုက်မယ် ဆိုပြီး မိမိ ဘေး တစ်နေရာကို လက်နဲ့ လှည်းကျင်း ခဲ့ တယ်။ ရေးချင်သည့် စာက “ငါ့ညီတို့ ကျုပ်သား Khup Hau Mung နှင့် သမီး Man Sian Sung တို့ မောင်နှမကို ဖတဆိုးလို မထားပဲ ကောင်းကောင်း စောင့်ရှောက်ပေးကြပါ” ဟူ၍ ဖြစ်သည်။ ရေးဖို့ ကြိုးစား လိုက်တော့ သားရဲ့ နာမည် “Khup” ကိုသာ ရေးနိုင်ခဲ့ပြီး ကျန်တာကို ဘယ်လိုမှ မရေးနိုင်တော့ဘဲ ဖြစ်ခဲ့ရပါတယ်။
အသားတွေ တဆတ်ဆတ် တုန်လာပြီး ကြက်သီးမွှေးညှင်း ထ လာကာ၊ ခေါင်းကလည်း ပိုပို မူးလာခဲ့တယ်။ အဲလိုနဲ့ မှောက်ပြီး ပြန်အိပ် ခဲ့လိုက်တယ်။ ခဏကြာတော့ ဆိုင်ကယ် ဆင်းလာသံ ကြားခဲ့ရပါတယ်။ အတော် ဝမ်းသာ မိခဲ့ပြီး ရှိသမျှ အားနဲ့ လမ်းလယ်ပိုင်းကို ပြန်လှိမ့် ခဲ့တယ်။ ရှိသမျှအား နဲ့ အားစိုက်ပြီး ထထိုင်လိုက် ပါတယ်။ လက်ပါ မြောက်ထားပြီး ဆိုင်ကယ် ရောက်လာမည့် အချိန်ကို ကြိုစောင့်ခဲ့တယ်။။ မိမိဆီ ရောက် မလာခင် ကြိုပြီး “လာကယ်ပါအုံး” ဆိုပြိး အော်ကာ အကူအညီ တောင်းခဲ့ မိတယ်။
မိမိနား ရောက်လာတော့ “ယောင်းရင်းတို့ ကျေးဇူးပြုပြီး ကယ်ကြပါအုံးနော်။ ကျွန်တော်က လိုင်တွီး ရွာသား၊ Sum Lian ပါ။ ငါ့ကို ထား မသွားနဲ့ နော်။ ငါ့ကို ကယ်ကြပါနော်” လို့ ပြောလိုက် ပါတယ်။ သူက Tuitawh ရွာသား Pa Lian ဖြစ်တယ်။ “ထားမသွားဘူးနော် စိတ်ချလိုက်ပါ” လို့ ကျွန်တော့်ကို ပြန်ပြောလိုက်တော့ အရမ်း ဝမ်းသာ ခဲ့ပါတယ်။
Pa Lian က “Tuitawh မှာ ကျန်းမာရေး ဝန်ထမ်း မရှိဘူး။ ဒါပေမယ့် မပူနဲ့။ အပေါ်က လက်နက်ကိုင် အဖွဲ့တွေ ဘာမှ လုပ်မှာ မဟုတ်ပါဘူး။ အပေါ်ကိုပဲ တက်လိုက် ကြရအောင်။ နောက်မှာ မင်းတို့ ရွာက လူတွေ ပါလာတယ်။ ခဏ စောင့်ကြရ အောင်” လို့ ကျွန်တော့်ကို ပြန်ပြောလိုက် ပါတယ်။ ပြောနေတုန်း မှာပဲ ကျွန်ုပ်တို့ ရွာက Vungh Tung Thang ရောက်လာခဲ့တယ်။
Vungh Tung ရောက်လာတော့ ကျွန်တော်မှန်းကို သူမသိခဲ့ ပါ။ ဘာကြောင့်လဲ ဆိုတော့ မျက်နှာ တစ်ခုလုံး မဲသိုး နေပြီး မိမိ ရုပ်တောင် မပေါ်တော့ သောကြောင့်ပေါ့။ ကျွန်တော့် စကားပြောသံကို ကြားတော့ “အဲ့ … ခင်ဗျာ.. Suum Lian လား” လို့ ပြန်မေးလာခဲ့တယ်။ ကျွန်တော်ကလည်း “ဟုတ်ပါတယ်။ ဒီမနက် Pu Than Lian နဲ့ နွားနောက် ရှာဖို့ ထွက်လာတာ၊ မိုင်းနင်းမိလို့ သူက ပွဲချင်း ဆုံးသွားခဲ့ပြီ။ ငါက ဒီ လမ်းပုခုံး အပေါ်ဘက် ကနေ ဝမ်းလျားမှောက် ထွားတွားပြီး လျှောဆင်းလာခဲ့တာ” ဆိုပြီး ပြန်ဖြေလိုက်ပါတယ်။
Vungh Tung ကလည်း “ဒီမှာ ဘာဖုန်းလိုင်းမှ မရဘူး ဆိုတော့၊ ဒီက မိတ်ဆွေတွေက Lentang ဘက်ကို ပို့လိုက်ပြီး ငါက ရွာက လူတွေ သွား အကြောင်းကြားလိုက်ရင် ကောင်းမယ်” ဆိုပြီး ပြောပါတယ်။
Lentang ရွာကို ရောက်တော့ လက်နက်ကိုင် အဖွဲ့တွေထံ အခြေအနေကို တင်ပြပြီး Pa Kung Thang တို့ အိမ်ထဲတွင် ကျွန်ုပ်ကို ထားခဲ့ကြတယ်။ “ဗိုက် အရမ်းဆာတယ်။ ထမင်းလေး ကျွေးပါအုံး” လို့ ပြောလိုက်တော့ ဇွန်းနဲ့ ခွံ့ကျွေးခဲ့ကြတယ်။ နှစ်ဇွန်း စားနိုင်ခဲ့ ပေမယ့် တတိယ မြောက်ကို ဘယ်လိုမှ မြိုချလို့ မရတော့ပါ။ “ရေလေး ပေးပါအုံး” လို့ ပြန်တောင်းလိုက်တော့ ဇွန်းနဲ့ပဲ ခွံ့တိုက် ခဲ့ကြပြန်တယ်။။
ဆိုးရွားနေတဲ့ ကျနော့အခြေအနေကို သူတို့က သုံးသပ်ပြီး ကလေးမြို့ထက် အိန္ဒိယနယ်စပ်ကိုပဲ သယ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။
တီအို Phulmawi ကို ရောက်နေသည့် မြန်မာနိုင်ငံဘက် က ဆရာဝန် တစ်ဦးက လာကြည့်ပြီး အတော် စိတ်မကောင်းဖြစ်သွားခဲ့တယ်။ ကျွန်တော့် ဒဏ်ရာများကို စစ်ဆေး ကုသ ပေးခဲပြီး Champhai ထိ ခံနိုင်ရန် အတွက် လိုအပ်သော ဆေးများနဲ့ အသက်ကယ်ဆေး ထိုးပေးခဲ့ပြီး Champhai ကို သွားခိုင်းလိုက်ပါတယ်။ ကားဆရာကိုလည်း “ ဒီနဲ့ Champhai ကို တနာရီကျော် ကြာအောင် မသွားမိနဲ့ နော်။ တစ်နာရီ ကျော်ရင် အသက်ကို မှီဖို့ မသေချာဘူး” လို့ ဒဲ့ပြောလိုက်ပါတယ်။ ကားဆရာကလည်း အမြန်ဆုံး ရောက်နိုင်မည့် ကွင်းလမ်းများကို ရွေးချယ်ပြီး Champhai ကို အမြန် မောင်းနှင်ပေး ခဲ့တယ်။
ကျနော့ဒဏ်ရာအခြေအနေက ဆိုးရွားလွန်းတဲ့အတွက် Champhai ဆေးရုံကနေ Aizawl မြို့ထိသွားခိုင်းပါတယ်။ လမ်းမှာလုံလောက်အောင်ဆိုပြီး သွေးနှစ်ပုလင်းနဲ့ လိုအပ်တဲ့ဆေးဝါးတွေ ထည့်ပေးလိုက်ကြတယ်။
ဒီလိုနဲ့ Aizawl ဆေးရုံကြီးမှာ ဆေးကုသမှုခံယူရင်း ကျနော့ရဲ့ ဘယ်ဘက်ခြေထောက် ဖြတ်ခဲ့ရပါတယ်။ မျက်စိကုတော့ အာသံပြည်နယ် Guwahati မြို့မှာ ဆက်လက်ကုသခဲ့ရတယ်။ မျက်စိတဖက်ကို ဖြတ်ထုတ်ပြီး အတု တပ်ခဲ့ရပါတယ်။ ကုပြီး ပြန်မြင်နိုင်တဲ့ မျက်စိ တဖက်လည်း အခုတော့ အမြင်အာရုံအားနည်းပြီး စာဖတ်နိုင်တာမျိုးတော့ မရှိတော့ပါဘူး။
ကိုဇံ(ချင်းတောင်)