ဒီဇင်ဘာလ ၁၇ ရက်။
မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ်မှာ တောင်ယာ၊တောထဲတွေမှာစစ်ဘေးရှောင်နေရတဲ့ ချင်းစစ်ဘေးရှောင် ၂၀၀ ကျော်ဝန်းကျင်ဟာ အရေးပေါ် စားနပ်ရိက္ခာ အကူအညီတွေ လိုအပ်နေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ငဖဲမြို့နယ် အမ်း – ပဒါန်းကားလမ်းပေါ်မှာရှိနေထိုင်ခဲ့ကြတဲ့ ချင်းစစ်ဘေးရှောင် ၂၀၀ ကျော်ဝန်းကျင်ဟာ ပြီးခဲ့တဲ့ ဧပြီလ နဲ့ နိုဝင်ဘာလလောက်ကတည်းက စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေကြောင့် တောင်ယာနဲ့ တောထဲတွေမှာ တဲထိုးပြီး စစ်ဘေးရှောင်နေကြရသူတွေဖြစ်ပါတယ်။
ဒေသခံတစ်ဦးက “ငဖဲမြို့နယ်က ကျေးရွာ ၆ ရွာလောက်က ချင်းစစ်ဘေးရှောင် ၂၀၀ ကျော်လောက်က စားနပ်ရိက္ခာအကူအညီတွေ လိုအပ်နေကြတယ်။ သူတို့တွေက အမ်း – ပဒါန်းကားလမ်းမပေါ်က ကျေးရွာတွေဖြစ်တယ် ခုနှစ် ဧပြီလ နဲ့ နိုဝင်ဘာလအတွင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးနေကြရတယ် လက်ရှိသူတို့တွေဟာ တောင်ယာတွေနဲ့ တောထဲတွေမှာ တဲထိုးပြီး မိသားစုလိုက် နေထိုင်ကြတယ်” လို့ပြောပါတယ်။
တောတောင်ထဲခိုလှုံနေရတဲ့ ချင်းစစ်ဘေးရှောင် ၂၀၀ ကျော်ဟာ ငဖဲမြို့နယ် စွန်ပျော်၊ ဂုတ်စီးရိုး၊ ကျွဲတလင်း၊ ဘုံးဘော၊ မထုံး နဲ့ လေသာရွာက ချင်းစစ်ဘေးရှောင်တွေဖြစ်ကြပြီး အဖွဲ့အစည်းတချို့က ကူညီထောက်ပံ့မှုတွေရှိပေမယ့် အကူအညီတွေ လိုအပ်နေကြဆဲဖြစ်တယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။
လက်ရှိ မကွေးတိုင်းမှာ စစ်ဘေးရှောင်နေကြရတဲ့ အရှိုချင်းတွေအတွက် ကူညီထောက်ပံ့ဖို့ ရန်ပုံငွေရှာပေးတဲ့ အနေနဲ့ ကံစမ်းမဲ အစီအစဉ်တွေကိုလည်း စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်နေသူတွေက လုပ်ဆောင်နေကြပါတယ်။