Headlines

ချင်းပြည်နယ်မှာ မြေမြှုပ်မိုင်းကြောင့် ကိုယ်လက်အင်္ဂါ ဆုံးရှုံးသူ ၁၄ ဦး အပါအဝင် မသန်စွမ်း ၁၆ ဦး အတွက် ၃ နှစ် အတွင်း ကျပ် ၃၃ သိန်း ထောက်ပံ့နိုင်ခဲ့ကြောင်း စစ်ကောင်စီခန့်ချင်းပြည်နယ်ဝန်ကြီးချုပ်ပြောကြား

ဒီဇင်ဘာလ ၆ ရက်။

ဒီဇင်ဘာလ ၃ ရက်နေ့မှာ ချင်းပြည်နယ် ဟားခါမြို့ ရှိ ပြည်နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမမှာ ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းများနေ့ အထိမ်းအမှတ် အခမ်းအနားမှာ ၂၀၂၂ က စတင်ပြီး ဘဏ္ဍာရေး နှစ် ၃ နှစ် အတွင်း ချင်းပြည်နယ်မှာ မြေမြှုပ်မိုင်းကြောင့် ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရသူ အရပ်သား ပြည်သူ ၁၄ ဦး အပါအဝင် မသန်စွမ်း ၁၆ ဦး အား ပြည်လည်ထူထောင်ရေးဌာနမှ ကျပ် ၃၃ သိန်း ထောက်ပံ့နိုင်ခဲ့ကြောင်း စစ်ကောင်စီခန့် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန် မှ အမှာစကား ပြောကြားရာမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

အဆိုပါ ပြန်လည်ထူထောင်ရေးဦးစီးဌာနရဲ့ မသန်စွမ်း ထောက်ပံငွေဟာ ၂၀၂၂-၂၀၂၃၊ ၂၀၂၃-၂၀၂၄ နှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေး နှစ်များ အတွက် ဖြစ်ပြီး ယင်းအပြင် လူမှုကယ်ဆယ်ရေး ဦးစီး ဌာန မှလည်း Wheel Chair 5 စီး ထောက်ပံ့နိုင်ခဲ့တယ် လို့လည်း ဒေါက်တာ ဝုန်ဆွန်းထန်ရဲ့အမှာစကားမှာ ပါရှိတယ်လို့ သိရ ပါတယ်။

ချင်းပြည်နယ်ရှိ မသန်စွမ်းသူများ နှင့် ပတ်သက်ပြီး “ချင်းပြည်နယ်အနေ ဖြင့် ပြည်နယ်မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကော်မတီကို ပြင်ဆင်ဖွဲ့စည်းထားပြီး ဖြစ်ပါကြောင်း၊ ပြည်နယ်ကော်မတီအနေဖြင့် မသန်စွမ်းသူများ၏ ပညာရေး ၊ ကျန်းမာရေး ၊ အလုပ် အကိုင်အဆင့်အတန်းများ ပိုမို တိုးတက် ကောင်းမွန် လာစေရေး အတွက် အစိုးရဌာနအဖွဲ့အစည်းများ ၊ ပုဂ္ဂလိကအဖွဲ့အစည်း၊ လူမှုရေးအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်းနှင့် မသန်စွမ်းမှုအဆင့် သတ်မှတ်ခြင်း၊ မသန်စွမ်းသူများမှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်တို့ကို ဥပဒေ၊ နည်းဥပဒေပါပြဋ္ဌာန်းချက် များနှင့်အညီ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း” ဒေါက်တာဝုန်ဆွန်းထန်မှ ထည့်သွင်း ပြောကြား ထားပါတယ်။

အခမ်းအနားသို့ စစ်ကောင်စီခန့်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်ဝန်ကြီးမျာ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဟားခါးမြို့ပေါ်ရှိ ဖိတ်ကြားထားသော မသန်စွမ်းသူများ တက်ရောက်ကြတယ် လို့လည်း သိခဲ့ ရပါတယ်။

ချင်းလူ့အခွင့်အရေး အဖွဲ့ (CHRO) ရဲ့မှတ်တမ်းများအရ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး သုံးနှစ်ကျော် ကာလ အတွင်း ချင်းပြည်နယ်တွင် မြေမြှုပ် မိုင်း နင်းမိတဲ့အတွက် သေဆုံးခဲ့ရသူ ၃၆ ဦး ရှိပြီး ထိခိုက် ဒဏ်ရာ ရရှိသူ ၆၆ ဦး ရှိတယ်လို့ CHRO အဖွဲ့မှ ဇွန်လ ၈ ရက်နေ့မှာထုတ်ပြန်ခဲ့ ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *