ခရစ်စမတ်ကာလကို အလေးအနက် ထားဆုံးဖြစ်ပြီး ခရစ္စမတ်နေ့ ကို နှစ် ၁ နှစ်ရဲ့ အကြီးမြတ်ဆုံး နေ့ လို့ သတ်မှတ်တဲ့ခရစ်ယာန်ဘာသာဝင် အများစုရှိတဲ့ ချင်းပြည်မှာ ဒီနှစ် ၂၀၂၄ ခုနှစ်မှာလည်း စစ်ရေး၊ နိုင်ငံရေးအခြေအနေတွေကြောင့် အရင်နှစ်တွေလိုပဲ ခရစ္စမတ်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်မှာမဟုတ်ပါဘူး။
ချင်းပြည်အနှံက မြို့၊ရွာအများစုမှာ အသင်းတော်လိုက် ဆုတောင်းဝတ်ပြုခြင်းအစီအစဉ်အကျဥ်းချုံးသာ ပြုလုပ်နိုင်မယ်လို့ အသင်းတော်တာဝန်ရှိသူတွေဆီက သိရပါတယ်။
လက်ရှိမှာ ချင်းပြည်နယ်မှာ ခရစ္စမတ်အကြိုကာလမှာ မင်းတပ်နဲ့ကန်ပက်လက်မြို့ကို ချင်းညီနောင်အဖွဲ့ကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးပြီဆိုပေမယ့်စစ်ကောင်စီတပ်က လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်လာတာ တွေလုပ်နိုင်ပါသေးတယ် ၊ လေကြောင်းရန်ကို သတိထားပြီး ခရစ္စမတ်ကာလ ကို ဖြတ်သန်းရပါအုံးမယ်။
လေကြောင်းတိုက်ခိုက်မှုလည်း ပိုမိုများပြားတာကြောင့် မင်းတပ်မြို့နယ်အတွင်း ပြည်သူတွေအနေနဲ့ ဘာသာရေးနဲ့ သက်ဆိုင်တဲ့ အခမ်းအနားနဲ့ပွဲတွေ၊ ရိုးရာပွဲလမ်းသဘင်တွေ လုံးဝမကျင်းပဖို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီဇင်ဘာလ (၁၇) ရက်နေ့မှာ သတိပေးထုတ်ပြန်ထားပါတယ်။
ချင်းပြည်မှာ ဒီနှစ် ခရစ္စမတ်ပွဲကို အရင်နှစ်လိုပဲ စစ်ကောင်စီခန့် ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး နေရာကလွဲရင် ပြည်သူလူထုအများပါဝင်နေတဲ့ ဘုရား ကျောင်းတွေမှာတော့ ငြိမ်သက်စွာပဲတိတ်တဆိတ်ကျင်းပကြမှာဖြစ်ပါတယ်။
အရင်ကဆိုရင် ဒီဇင်ဘာ ၁ ရက်ကစပြီး ချင်းပြည်တစ်ခွင်ရဲ့ညတွေဟာ Carol သံတွေနဲ့ ခရစ္စမတ်နေ့ ၂၅ ရက်အတွက်ကို ကြိုဆိုခဲ့ကြတာပါ။ ပွဲတော်ကိုလည်း ဘုရားကျောင်းများ အပြည့် အသင်းတော်အသင်းသားများပါဝင်ပြီး ဆင်နွှဲတဲ့ နေ့ကောင်းနေ့မြတ်ပွဲတော်ကြီးတစ်ရပ်ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် မြန်မာနိုင်ငံမှာစစ်အာဏာသိမ်းမှုဖြစ်ပွားပြီး နောက် လက်နက်ကိုင် တော်လှန် ရေး အင်အား ကောင်းလာတဲ့ ချင်းပြည်နယ်မှာ တိုက်ပွဲများစွာဖြစ်ပွားခဲ့ပြီး လူရာချီသေဆုံးခဲ့ပါတယ်။အရင်က မရှိခဲ့တဲ့ စစ် ဘေးဟာ ချင်းပြည်ကို ရောက်ရှိလာပြီး ချင်းပြည်က မြို့ရွာတချို့မှာ ပြည်သူတွေရဲ့အိုးအိမ် ထောင်ချီမီး လောင်ပျက်စီးခဲ့ပါတယ်။ ခရစ်ယာန်ဘာသာဝင်အများစုနေထိုင်တဲ့ ချင်းပြည်ကဘုရား ေကျာင်းများစွာဟာ လက်နက်ကြီးနဲ့ပစ်ခတ်ခံရ/ မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။၂၀၂၁ စစ်အာဏာသိမ်းပြီး နောက် တိုက်ပွဲ တွေ အကြားမှာ ချင်းပြည်က ပြည်သူလူထုအများစုဟာ သူတို့ချစ်တဲ့မြို့နဲ့ရွာနဲ့အိုးအိမ်ကိုစွန့်ခွာပြီး စစ်ဘေးရှောင် နေရပါတယ်။
မြန်မာနိုင်ငံမှာစစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ၄ နှစ်နီးပါးအတွင်း ချင်းပြည်နယ်မှာ မြို့နယ် ၉ မြို့နယ်နဲ့ ကျေးရွာ ၁၃၅၅ ရွာရှိတဲ့အနက် လက်ရှိမှာ ပလက်ဝ၊မတူပီ၊တွန်းဇံ၊ထန်တလန်၊ကန်ပက်လက်မြို့နယ် တွေမှာ တော်လှန်ရေးတပ်ဖွဲ့ တွေက ကြီးစိုးထားပြီဖြစ်ကာ နိုဝင်ဘာလ ၉ ရက်ကစပြီး မင်းတပ်နဲ့ဖလမ်းမြို့တွေကို ချင်းညီ နောင်အဖွဲ့ကထိုးစစ်ဆင်တိုက်ခိုက်ချိန်ကစလို့ မင်းတပ်နဲ့ဖလမ်းမြို့မှာ မြို့ခံပြည်သူတွေမရှိတော့ပါ။လက်ရှိမှာ ဟားခါးနဲ့တီးတိန်မြို့ ၂ မြို့သာ ပြည်သူများဆက်လက်နေထိုင်လျက်ရှိကာ စစ်ကောင်စီကအုပ်စိုးနိုင် တော့တဲ့ အ ခြေ အ နေဖြစ် နေပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းပြီး နောက် ချင်းပြည်ရဲ့ လက်ရှိ အ ခြေ အ နေ တွေ ကြောင့် ခရစ္စမတ်ကာလကို စည်စည်ကားကားမကျင်းပနိုင်ခဲ့တာ အခုဆို ၄ နှစ်ရှိလာပြီဖြစ်ပါတယ်၊ အရင်က နှစ်တိုင်းပုံမှန်စည်ကားသိုက်မြိုက်စွာကျင်းပလေ့ရှိတဲ့ ခရစ္စမတ်ပွဲကို ချင်းပြည်က ဘာသာရေးအဖွဲ့အစည်းတွေကိုယ်တိုင် က နိုင်ငံရေးမငြိမ်မသက်ဖြစ်မှုတွေကြောင့် စည်စည်ကားကား မကျင်းပဖို့ ထုတ်ပြန်ချက်တွေ ထုတ်ပြန်ခဲ့တာ ၂၀၂၁ စစ်အာဏာသိမ်းပြီး ၃ နှစ်ဆက်တိုက်ဖြစ်ပါတယ်။
ခရစ္စမတ်ပွဲကို ချင်းပြည်မှာ စည်ကားသိုက်မြိုက်စွာမကျင်းပဖို့ အာဏာသိမ်းပြီးကာလမှာ နှစ်စဥ်ထုတ်ပြန်ခဲ့တာအထူးသဖြင့် ဟားခါးမြို့နဲ့ ဖလမ်းမြို့က ခရစ်ယာန်ဘာသာရေးအစုအဖွဲ့က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ အခြားမြို့နယ်တွေမှာလည်း အခုလို ဘာသာရေးအဖွဲ့အစည်းအနေနဲ့ ထုတ်ပြန်တာမရှိပေမယ့်လည်း ခရစ္စမတ်ပွဲကို အရင်ကလို စည်စည်ကားကား မကျင်းပဖို့ကိုယ့်ဘာသာရေး/အသင်း ေတာ်အတွင်းမှာညွှန်ကြား တာမျိုးရှိတယ်လို့သိရပါတယ်။
ဒါပေမယ့် ကျေးရွာဖက်ဖြစ်တဲ့၊ ချင်းဒေသကာကွယ်ရေးတပ်တွေထိန်းချုပ်တဲ့ နယ်မြေတချို့မှာတော့ခရစ္စမတ်နေ့ကို စည်စည်ကားကားကျင်းပနိုင်ဖို့ပြင်ဆင်တာမျိုးတော့ရှိပါတယ်။ “အခုချိန်ကခက်ခဲတဲ့ကာလရောက်ပေမယ့် ရဲဘော်တွေအတွက်ကော၊ ထိန်းချုပ်နယ် မြေဖြစ်တဲ့အတွက်ကော၊ ခရစ်စမတ်ကိုတော့ မစည်ကားရင်တောင် အတတ်နိုင်ဆုံးလုပ်ကြမယ်လို့ ဒေသခံတွေဆီကသိရပါတယ်” လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦးက ပြောပါတယ်။
အခုလိုဒီဇင်ဘာလမှာ အေးချမ်းလှတဲ့ ညချမ်းမှာ အနွေးထည်ထူထူနဲ့ Carol တွေလှည့်ပြီး အလှူခံတာ၊ အိမ်တိုင်ရာအရောက် ခရစ်တော်မွေးဖွားတဲ့နေ့ရက်အကြောင်း သတင်းကောင်းပါးတာ၊ Carol သီချင်းတွေကို အိမ်တိုင်ရာရောက် ညနက်အထိ သီဆိုတာတွေက မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်အာဏာမသိမ်းခင်က အရင်က ခရစ်ယာန်တွေအများစုနေထိုင်တဲ့ ချင်းပြည်မှာလုပ်ခဲ့တာဖြစ်ပါတယ်။
ချင်းတောင်က Sunday School ဆရာမတစ်ဦးက “ Carol မထွက်ဖြစ်တာ ၅ နှစ်လောက်ရှိပြီ။ အမှန်ဆို ဒီဇင်ဘာလ အစက လူငယ်တွေပျော်ပျော်ပါးပါးနဲ့ Carol ထွက်ခဲ့တာပေါ့။ အိမ်တိုင်ရာတိုင်းကလည်း ညနက်တဲ့အထိတောင်စောင့်ကြိုကြတယ်။ အလှူလည်းထည့်ကြတယ်” လို့ပြောပါတယ်။
ချင်းတောင်မှာက Carol လှည့်တဲ့အချိန်မှာ ခရစ်ယာန်ဘာသာအပြင် အခြားဘာသာဖြစ်တဲ့ ဗုဒ္ဓဘာသာဝင်ဖြစ်ဖြစ်၊ အခြားဘာသာဖြစ်ဖြစ်ကလည်း ဖိတ်ခေါ်လို့ အိမ်တိုင်ရာအရောက် Carol လိုက်ဆိုပေးတာမျိုးနဲ့ ခရစ္စမတ်ပွဲနေ့မတိုင်ခင်ကတည်းက ပျော်ရွှင်မှုတွေလွှမ်းမိုးခဲ့တာပါ။ ခရစ္စမတ်ပွဲဟာ ခရစ်ယာန်တွေရဲ့အထွတ် အမြတ်အထားဆုံးနေ့ဆိုပေမယ့်လည်း ကိုဗစ်ကာလကြောင့် သော်လည်းကောင်း၊ နောက်ဆက်တွဲ အာဏာသိမ်းမှု၊ လူစုလူဝေးပိတ်ပင်မှုတွေကြောင့် ချင်းတောင်မှာ ခရစ္စမတ်ပွဲပွဲမကျင်းပဖြစ်တာ ၄ နှစ်ကျော်ရှိနေပြီဖြစ်ပါတယ်။
ခရစ်ယာန် အသင်းတော်ဦးဆောင်သူ ဆရာ တော် ၁ ပါးက “ ရောဂါကြောင့် မလုပ်ဖြစ်တာကတော့ အားလုံးလက်ခံခဲ့ကြတယ်။ နိုင်ငံရေးကြောင့် မလုပ်ဖြစ်တာ၊ စစ်ရေးကြောင့်မလုပ်ဖြစ်တာတွေကတော့ အရမ်းကို ဝမ်းနည်းတယ်။ ဒါပေမယ့် အမြဲဆုတောင်းပေးပါတယ်” လို့ပြောပါတယ်။
ခရစ္စမတ်ပွဲတော်ကို ယခင်ကဆိုလျှင် နိုင်ငံခြားရောက်ဆွေမျိုး၊ ညီအစ်ကိုများ၊ သား/သမီး စသည်ဖြင့် ဒေသအရပ်ကို ပြန်ရောက်လာလေ့ရှိပြီး ရပ်ကွက်အလိုက် တာဝန်ယူ၊ ငွေကြေးစိုက်ပြီး ကျင်းပတာမျိုးတွေလုပ်လေ့ရှိကြပါတယ်။ ရွာတွေမှာဆိုရင်လည်း အလှူရှင်တစ်ဦးအနေနဲ့ ရက်သတ်မှတ်ပြီး အကြိုပွဲလုပ်တာမျိုးကို ညှိနှိုင်းကျင်းပကြပြီး တကယ့်နေ့ ရက်ရောက်တဲ့အချိန်မှာတော့ ပူးပေါင်း ပါဝင်ပြီးပွဲတော်ကျင်းပတာမျိုးကို ချင်းပြည်ရွာတွေ၊ မြို့ပေါ်ရပ်ကွက်တွေမှာ လုပ်လေ့ရှိကြပါတယ်။
ဒီလိုမျိုးချင်းပြည်သူ ခရစ်ယာန်တွေရဲ့ အထွတ်အမြတ်ထားတဲ့ ခရစ္စမတ်ပွဲစည်ကားစွာမလုပ်ဖြစ်တာ ၄ နှစ်တိုင်ခဲ့ပြီဖြစ်ပါတယ်။ ကိုဗစ်ကာလကတည်းက လူစုလူဝေးဘုရားဝတ်ပြုဖို့ ပိတ်ပင်ခဲ့တာကြောင့် အစုအဝေးနဲ့ ခရစ္စမတ်ပွဲတော်ကျင်းပမှုမရှိတော့ပါဘူး။ အဲဒီနောက် စစ်အာဏာသိမ်းပြီး ေနာက် ချင်းပြည်မှာ နိုင်ငံရေးမငြိမ်မသက်မှုတွေကြောင့် ပြည်သူလူထုလည်း ခရစ္စမတ်ပွဲကို စည်ကားကြီးကျယ်ခမ်းနားစွာကိုကြိုဆိုတာမျိုးမလုပ်တာ ၄ နှစ်ရှိခဲ့ပြီဖြစ်ပါတယ်။ ယခုနှစ် ၂၀၂၄ မှာလည်း ချင်းပြည်ကမြို့တချို့မှာခရစ္စမတ်ပွဲတော်ကို ကြိုဆိုမှုကိုဘုရားကျောင်းအလှပြင်ဆင်မှုတွေ ဘုရားကျောင်း အတွင်းသာပြုလုပ်ပြီး ဘုရားကျောင်းအပြင်ဖက်ကို မလုပ်ဖို့ အကျဥ်းချုံးသာလုပ်ဖို့ သက်ဆိုင်ရာ ဘာသာရေးအဖွဲ့ အစည်းတွေက နှိုးဆော်ထားပါတယ်။
ခရစ်ယာန်လူငယ်တစ်ဦးက “အမှန်ဆိုရင် ဒီဇင်ဘာလဆိုတာ ကျ ေနာ်တို့ တက်တက်ကြွကြွ နဲ့ ခရစ္စမတ်ကိုကြိုဆိုတဲ့ကာလပေါ့။ အခုက ပဋိပက္ခတွေနဲ့ဆိုတော့ အရင်ငယ်တုန်းကနဲ့တစ်ခြားစီပဲ။ တော်လှန်ရေးလုပ်နေတဲ့ မိတ်ဆွေတွေကိုလည်း ကိုယ်ချင်းစာသတိရတယ်။ အားလုံး ခရစ္စမတ်အငွေ့အသက်နဲ့ ကောင်းကြီးခံစားရဖို့ပဲ ဆုတောင်းပေးချင်ပါတယ်” လို့ပြောပါတယ်။
ချင်းတောင်မှာ အရင်က ခရစ်စမတ်ပွဲကို စည်ကားစွာကျင်းပပြီးနောက် နှစ်သစ်ကူးကိုလည်း တစ်ဆက်တည်း စည်ကားစွာကျင်းပလေ့ရှိပါတယ်။
၂၀၂၁ ခုနှစ် မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် လူ့အသက်များစွာနဲ့မြို့/ရွာ/အိုးအိမ်တွေ များစွာထိခိုက်ပျက်စီးခဲ့ရတဲ့ချင်းပြည်မှာ ဒီနှစ် ၂၀၂၄ ခုနှစ်မှာလည်းခရစ်စမတ်ပွဲကို နေရာအနှံ့စည်ကား သိုက်မြိုက်စွာကျင်းပဖို့တော့ ပြည်သူအများရဲ့ ရုပ်ပိုင်း/စိတ်ပိုင်းဆိုင်ရာမှာ အခက်အခဲ၊ စိန်ခေါ်မှုများစွာရှိနေပါတယ်။