နိုဝင်ဘာလ ၉ ရက်။
ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ( နပခ )အား အာရက္ခတပ်တော် ( AA )မှ ထိုးစစ်ဆင် တိုက်ခိုက်မှု့ကြောင့် ထွက်ပြေးလာသော စစ်ကောင်စီ တပ်သား ၄ ဦးအား မကွေးတိုင်းနှင့်ရခိုင်ပြည်နယ်စပ်ရှိ CDF – Asho မှ ရှေ့တန်း စစ်ဆင်ရေးဒေသတစ်နေရာမှာ ဖမ်းဆီးရမိခဲ့ကြောင်း နိုဝင်ဘာလ ၈ ရက်မှာ ချင်းကာကွယ်ရေးတပ်_အရှို(CDF-Asho) တပ်ဖွဲ့မှသတင်းထုတ်ပြန်ပါတယ်။
( ၃၁.၁၀.၂၀၂၄ ) မှာ အမ်းမြို့ ( နပခ )ရှိ ခမရ ( ၃၇၃ )မှ ထွက်ပြေးလာသော စစ်ကောင်စီတပ်သား ကိုယ်ပိုင်အမှတ် ( ပစ – ၁၀၄၆၀၁ ) ကိုသက်နိုင်နှင့် ( ပစ – ၁၀၄၆၀၀ ) ကိုသက်နိုင်ဦး တို့ ၂ ဦးအား ဖမ်းဆီးရမိခဲ့ပြီး ၊( ၃.၁၁.၂၀၂၄ ) မှာ ခမရ ( ၃၇၁ )၊ ကြက်ရေစမ်း နယ်ခြားဂိတ် ရှေ့တန်းစစ်ကြောင်းမှ ထွက်ပြေးလာသော စစ်ကောင်စီ တပ်သား ( ပစ – ၁၀၄၉၇၉ ) ကိုရဲမွန်ဦးနှင့် တပ်သား ( ပစ – ၁၀၄၉၈၄ ) ကိုကျော်မင်းဦးတို့ ၂ ဦးအား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးနဲ့ပတ်သက်ပြီး CDF-Asho ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ချင်းကာကွယ်ရေးတပ် – အရှို ( CDF – Asho ) အနေဖြင့် ဖမ်းဆီးရမိသော ရန်သူ့စစ်သုံ့ပန်းများအား နိုင်ငံတကာစစ်ဘက်ဆိုင်ရာ ဥပဒေများနှင့်အညီ စနစ်တကျ ဖမ်းဆီးထိန်းသိမ်းထားကြောင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
CDF-Asho တပ်ဖွဲ့ဟာ အရှိုချင်းတိုင်းရင်းသားများနေထိုင်ရာ မကွေးတိုင်းနဲ့ရခိုင်ပြည်နယ်စပ်မှာ စစ်ရေးအခြေပြုလှုပ်ရှားနေတဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့ဖြစ်ပါတယ်။