နိုဝင်ဘာလ ၄ ရက်။
ချင်းပြည်နယ် မတူပီမြို့အနီးက ငလိုင်ကျေးရွာ ဘုရားကျောင်းတွေထဲမှာ CDF – မတူပီ တပ်မဟာ (၁)၊ ချင်းညီနောင်နဲ့ မဟာမိတ်အဖွဲ့ဘက်က တပ်ချထားတာမျိုးမရှိတဲ့အကြောင်းနဲ့ ငလိုင်ရွာနှင့်အနီးနားပတ်ဝန်းကျင်မှာသာချင်းညီနောင်အဖွဲ့အနေနဲ့ တပ်စခန်းချထားတာ ဖြစ်ကြောင်း CDF – မတူပီ တပ်မဟာ (၁) ပြောရေးဆိုခွင့်ရှိသူ ကိုဘွေအုပ်က Chin World Media ကိုပြောပါတယ်။
CDF – မတူပီ တပ်မဟာ (၁) ပြောရေးဆိုခွင့်ရှိသူ ကိုဘွေအုပ်က “လက်ရှိမှာ CB နဲ့ မဟာမိတ်က ဘုရားကျောင်းထဲ တပ်ထိုင်ထားတာမရှိဘူး။ သူတို့က ဒရုန်းဓာတ်ပုံတွေ တင်ထားတာရှိပါတယ်။ အဲဒီပုံမှာလည်း လက်နက်ကိုင်လှုပ်ရှားတာ မရှိပါဘူး။ ဘုရားကျောင်းမှာ တပ်ချထားတယ်၊ ဘုရားကျောင်းတွေကို ဖျက်ဆီးနေတယ်ဆိုတာမဟုတ်ပါဘူး။ ချင်းညီနောင်တပ်ထဲမှာ ချင်းခရစ်ယာန် ယုံကြည်သူတွေလည်းအများကြီးပါ။ ဘုရားကျောင်းဖျက်ဆီးတယ် ဆိုတာမျိုးက လုပ်လည်းမလုပ်သလို လုပ်ဖို့လည်း မရှိပါဘူး။ ငလိုင်ရွာနဲ့ အနီးပတ်ဝန်းကျင်မှာ တပ်မဟာ(၁) အနေနဲ့ သီးသန့်တပ်ချထားတာမဟုတ်ဘူး။ ချင်းညီနောင်အနေနဲ့ ဆောင်ရွက်တာပါ။ အရင် ခလရ ၁၄၀ ကို သွားပစ်တုံးက CC ဖက်က နောက်ကျောကနေ လာရောက်ပစ်ခတ်တာကြောင့် ပြန်လည်ခုခံပစ်ခတ်ရာမှာ ပြန်လည်ရှင်းလင်းပြီး ဖြစ်တဲ့နေရာတွေကို လုံခြုံရေး ဆက်လက်ယူထားတဲ့ သဘောဖြစ်ပါတယ်” လို့ပြောပါတယ်။
CDF – မတူပီ တပ်မဟာ (၁ )ပါဝင်တဲ့ချင်းညီနောင် (CB)အဖွဲ့ နဲ့ အာရက္ခတပ်တော်(AA )တို့အနေနဲ့ မတူပီမြို့အနီး ငလိုင်ရွာထဲက သမိုင်းဝင်ဘုရားကျောင်း တွေမှာ တပ်စခန်းချထားမှုကို ကန့်ကွက်ရှုံ့ချကြောင်းနဲ့ အမြန်ဆုံးပြန်ရုပ်သိမ်းဖို့ ကမ္ဘာ့လုံးဆိုင်ရာငလိုင်အဖွဲ့အစည်း(GNO) က ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
မတူပီမြို့သိမ်းတိုက်ပွဲတုံးက ငလိုင်ရွာဟာ ချင်းညီနောင် (CB) အဖွဲ့နဲ့ ချင်းအမျိုးသားတပ်ဦး(CNF/A) ဦးဆောင်တဲ့ Chinland Council ပူးပေါင်းတပ်တို့ အပြန်လှန်ပစ်ခတ်ခဲ့တဲ့နေရာလည်း ဖြစ်သလို CDF – Matupi တပ်မဟာ (၂)၊ CDF – Matupi တပ်မဟာ (၁)နဲ့မဟာမိတ်၊ ချင်းအမျိုးသားတပ်ဦး (CNF/CNA) နဲ့ စစ်ကောင်စီတပ်ဖွဲ့ကလည်း အရင်က နေရာယူခဲ့တဲ့ နေရာဖြစ်ကြောင်းကိုလည်း ကိုဘွေအုပ်ကပြောပါတယ်။
စစ်ဘေးရှောင်တွေ နေရပ်ပြန်ရေးနဲ့ ပတ်သက်ပြီး CDF – မတူပီ တပ်မဟာ (၁) ပြောရေးဆိုခွင့်ရှိသူ ကိုဘွေအုပ်က “ငလိုင်ရွာနဲ့ အနီးဆုံး ဖနိုင်ရွာကလည်း ပြည်သူတွေပြန်လည်အခြေချတာရှိပါတယ်။ ရပ်/ကျေး အုပ်ချုပ်ရေးမှူးကအစ ရှိပါတယ်။ ကျန်ကျေးရွာတွေအားလုံး နေရပ်ပြန်ဝင်နိုင်ရေး စီမံချက်တွေ အဆင့်ဆင့် လုပ်သွားဖို့ ရှိပါတယ်” လို့ပြောပါတယ်။
မတူပီမြို့ကိုCDF – Matupi တပ်မဟာ (၁) ပါဝင်တဲ့ ချင်းညီနောင်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့က အပြီးသိမ်းပိုက်နိုင်ခဲ့ပြီး ေနာက် CDF – Matupi တပ်မဟာ (၁) က မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ပြန်ဖွဲ့စည်းထားပြီး မြို့အုပ်ချုပ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နေပြီဖြစ်ကာ မတူပီမြို့ခံပြည်သူတချို့ကိုလည်း မတူပီမြို့မှာပြန်လည်အခြေချနေထိုင်ခွင့်ပြုထားပါတယ်။