နိုဝင်ဘာလ ၅ ရက်။
မကွေးတိုင်း၊ ငဖဲမြို့နယ်က အရှိုချင်းတိုင်းရင်းသားတွေ နေထိုင်တဲ့ချင်းရွာတွေမှာ ဒီနှစ် ဖေဖော်ဝါရီလောက်ကစလို့ ယခုအချိန်အထိ ငှက်ဖျားရောဂါ အဖြစ်များနေပြီး ရိက္ခာနဲ့ဆေးဝါးတွေသယ်ယူခွင့်ကိုစစ်ကောင်စီက ရံဖန်ရံခါ ပိတ်ဆို့တာတွေကြောင့် ဒေသခံတွေ ငှက်ဖျားရောဂါကူးစက်မှုဒဏ်အလူးလဲခံစားနေရပြီး ငှက်ဖျားရောဂါနဲ့လည်း ဒေသခံ ချင်းလူငယ်အမျိုးသား ၂ ဦး သေဆုံးပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒေသခံတစ်ဦးက “ဒေသခံတွေက ဆေးဝါးတွေကို ပဒါန်းမြို့မှာအရင်နှစ်တွေ တုန်းကဝယ်လို့ရတယ်။ ဒီနှစ်မှာ ပဒါန်းမြို့ပေါ်မှာလည်း ဆေးဝါးတွေ တော်တော်ပြတ်လပ်တယ်။ အထူးသဖြင့်အခုလို ငှက်ဖျားနဲ့ပက်သက်ပြီး တော်တော်လေးကိုမရှိဘူး။ အရင်တုန်းက ပဒါန်းမြို့က ကြိုက်တဲ့ဆိုင်မှာ ဝယ်ယူလို့ရတယ် ဒီနှစ်မှာ ဝယ်ယူလို့မရဘူး။ ပြီးရင် စစ်ကောင်စီက ဖေဖော်ဝါရီလ၊ မတ်လ၊ တွေတုန်းကစပြီးရိက္ခာနဲ့ပက်သက်ပြီး ရံဖန်ရံခါစစ်ဆေးတယ်။ ရိက္ခာတွေ၊ ဆေးဝါးတွေသယ်ယူခွင့်မပေးဘူး အဲလိုမျိုး ရံဖန်ရံခါ စစ်ဆေးတယ်။ သယ်ယူခွင့်မပေးတာမျိုးပေါ့။ ငှက်ဖျားကြောင့် ဒေသခံ ၂ ဦးသေဆုံးပြီပေါ့” လို့ပြောပါတယ်။
ငှက်ဖျားရောဂါကြောင့် ငဖဲမြို့နယ်က ဒေသခံ အရှိုချင်းတိုင်းရင်းသားတွေထဲမှာ နိုဝင်ဘာလ ၃ ရက်နေ့ကတစ်ဦး ပြီးတော့ ယမန်နေ့ နိုဝင်ဘာလ ၄ ရက်နေ့ကတစ်ဦး စုစုပေါင်း ၂ ဦးသေဆုံးပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ငဖဲမြို့နယ်မှာက တောင်ပေါ်ဒေသချင်းအုပ်စုလို့ လူသိများတဲ့ ချင်းတိုင်းရင်းသားတွေ နေထိုင်တဲ့ ဂုတ်ကြီး၊ လေသာ၊ ဘုံးဘော၊ စပ်စီ၊ ကန်မြင့်ကန်၊ လိုင်၊ မထုံး၊ ဝက်စားကျင်း၊ တခြားချင်းရွာနဲ့ မင်းလှ၊ မင်းတုန်း၊ ငဖဲမြို့နယ်စပ်က ချင်းရွာတွေမှာ နှစ်တိုင်းလိုလို ငှက်ဖျားဖြစ်ခဲ့ပေမယ့် ဒီနှစ်မှာတော့ ငှက်ဖျားနဲ့ပတ်သက်တဲ့ ဆေးဝါးတွေ ဝယ်ယူစရာမရှိတာ၊ စစ်ကောင်စီရဲ့ ရံဖန်ရံခါ ပိတ်ဆို့တာတွေကြုံတွေ့နေကြရလို့ ငှက်ဖျားရောဂါကို အပြင်းအထန် ခံစားနေကြရပါတယ်။