Headlines

ဖလမ်းမြို့ပေါ်မှာ တိုက်ပွဲဖြစ်ပွါးကာ နေအိမ် ၂ လုံးမီးလောင်ပြာကျသွားကြောင်း သိရ

နိုဝင်ဘာလ ၈ ရက်။

ဒီကနေ့ နိုဝင်ဘာလ ၈ ရက်နေ့မှာ မနက် ၉ နာရီဝန်းကျင်ကစပြီး ချင်းပြည်နယ်၊ဖလမ်းမြို့ပေါ်မှာ စစ်ကောင်စီတပ်နဲ့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNDF)တို့အကြားတိုက်ပွဲဖြစ်ပွါးကာ ဖလမ်းမြို့Pa Thang Khan ရပ်ကွက်က အရပ်သားပြည်သူနေအိမ် (၂) လုံး မီးလောင်ပြာကျသွားတယ်လို့ ဖလမ်းမြို့ဒေသခံတွေဆီကနေ သိရပါတယ်။

ဖလမ်းမြို့ဒေသခံတစ်ဦးက “ဒီကနေ့မနက်ပိုင်းလောက်မှာ နေအိမ် (၂)လုံးကတော့ မီးလောင်ပြာကျသွားပြီလို့ မြို့ပေါ်မှာကျန်ခဲ့တဲ့ အသိတစ်ယောက်ကပြောတယ်။ ကျနော်တို့လည်း ဖလမ်းမြို့နဲ့ အနီးနားမှာ ရှိပေမယ့် တိမ်အရမ်းထူထပ်နေတော့ မီးလောင်တာ မတွေ့ရဘူး လက်နက်ကြီးသံတွေတော့ ကြားနေရတယ်။ အခုလောင်သွားတဲ့အိမ်လည်း လက်နက်ကြီးထိလို့ လောင်တာဖြစ်နိုင်တယ်လို့ ပြောတယ် ဒါပေမယ့် အတိအကျတော့ မသိဘူးပေါ့နော် ရှို့ခံရတာလား လက်နက်ကြီးထိလို့လောင်တာလားဆိုတာ နောက်ပြီး ဘယ်နှစ်လုံးထပ်လောင်တယ်ဆိုတာတော့ မသိရသေးဘူး လောလာဆယ် ၂ လုံးတော့ ပြာကျသွားပြီလို့ပြောတယ်” လို့ပြောပါတယ်။

ဖလမ်းမြို့ပေါ်မှာ လက်ရှိ လူဦးရေ အနည်းငယ်သာကျန်ရှိနေပြီး မီးလောင်တဲ့နေအိမ်ကို ဘယ်သူကမှ အိမ်ပြင်ထွက်ပြီး မီးသွားမငြိမ်းရဲခဲ့ဘူးလို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။

ဖလမ်းမြို့မှာ အောက်တိုဘာ ၂၅ ရက်က စပြီး စစ်ကောင်စီတပ်နဲ့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNO / CNDF )အကြား နေ့စဉ်ရက်ဆက်ထိတွေ့တိုက်ပွဲတွေဖြစ်ခဲ့ပြီးနောက် စစ် ေကာင်စီရဲ့ပစ်ခတ်မှု ေကြာင့်ဒေသခံပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာရကာ ကျောင်းဆရာမ ၁ ဦးသေဆုံးခဲ့ရပြီး လူဦးရေ ၁ သောင်းဝန်းကျင်နေထိုင်တဲ့ ဖလမ်းမြို့ပေါ်နေ ပြည်သူ ၉၅ ရာခိုင်နှုန်းဟာ မြို့ကိုစွန့်ခွါပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *