တီးတိန်မြို့တွင်း တိုက်ပွဲကြောင့် တီးတိန်မြို့ခံပြည်သူများ မြို့ကို စွန့်ခွာစစ်ရှောင်ခဲ့ကြရာ လက်ရှိအချိန်မှာ မြို့ကိုပြန်လာသူများလာတာနဲ့အမျှ အိမ်ဖောက်ထွင်း ခိုးယူမှုများ လျော့ကျ လာတယ် လို့ တီးတိန်မြို့ရှိ လူမှုရေး ခေါင်းဆောင်တစ်ဦး က ပြောပါတယ်။
“နေအိမ် မီးလောင်ပြာကျတဲ့ မိသားစု တွေကလွဲရင် အိမ်စောင့်ဖို့ အနည်းဆုံး တစ်အိမ် တစ်ယောက် နီးပါး ပြန်လာ ကြတယ်။ နေအိမ်တွေမှာ လူရှိလာ လို့လည်း ဖြစ်မယ်။ ဖောက်ထွင်းတာ၊ ခိုးယူတာတွေ အရင်လို သိပ် မပြောကြတော့ဘူး။ အဖွဲ့အစည်းတွေဆီ လာတိုင်တာလည်း လျော့လာတယ်။ မရှိတာမျိုးတော့ မဟုတ်ဘူး” လို့ တီးတိန်မြို့ရှိ လူမှုရေး ခေါင်းဆောင်တစ်ဦး ကပြောပါတယ်။
တီးတိန်မြို့ခံ တစ်ဦး ကမူ လက်ရှိ အခြေအနေ နဲ့ပတ်သက်ပြီး သုံးသပ်ရာမှာ”လူတွေ များလာတာ နဲ့ အမျှ အလုပ်တွေ အနည်းနဲ့ အများ ရှိလာတယ်။ စီးပွားရေး မကောင်းတဲ့တိုင်အောင် ငွေကြေး လည်ပတ်မှု ရှိလာတယ်။ နယ်စပ် ကို ကုန်သွယ်တဲ့ ကားတွေ ပုံမှန် ဝင်ထွက် လာတယ်။ မံဆောင်းတံတား မှာလည်း ကုန်တင်ကုန်ချ အလုပ်တွေ ရှိလာတယ်။ အဲတာတွေကြောင့် အခြေခံ လူတန်းစားတွေ ကြားမှာ ဝင်ငွေ တစ်ခု စီးဝင်လာလို့ ခိုးယူ ဖောက်ထွင်းတာတွေ လျော့လာတာ ဖြစ်နိုင်တယ်” ပြောပါတယ်။
တီးတိန်မြို့တွင်း တိုက်ပွဲ အပြီး ဖောက်ထွင်း ခိုးယူသူ အများစုဟာ မူးယစ်ဆေး သုံးစွဲသူများ ဖြစ်ကြကြောင်း၊ နောက်ပိုင်းတွင် အရက်သမားများ ပါရှိလာကြောင်း၊ ခိုးမှုများ အတွက် အစိုးရမှ တာဝန်မယူတော့သည်မှာ ကြာပြီ ဖြစ်ပြီး ရပ်ကွက် အလိုက် လုံခြုံရေး အဖွဲ့ ပုံစံ ဖြင့် လုပ်ကိုင်နေ ရကြောင်း၊ ရပ်ကွက် အဖွဲ့ အသီးသီး ထံ ပစ္စည်း ပျောက် တိုင်းကြားမှု အရင် ထက် လျော့ကျလာခဲ့ကြောင်း အဆိုပါ တီးတိန်မြို့လူမှုရေးခေါင်းဆောင်ထံမှ ဆက်လက် သိရှိရ ပါတယ်။
မေလ ၂၆ ရက်နေ့တွင် စတင်ခဲ့သော တီးတိန်မြို့တွင်း တိုက်ပွဲကြောင့် မြို့ခံ ပြည်သူ တစ်သောင်းခွဲခန့် ဘေးလွတ် ရာသို့ စစ်ရှောင် ထွက်ပြေး ကြရာမှ လက်ရှိတွင် သုံးပုံ နှစ်ပုံ ကျော် ပြန်လာနိုင်ခဲ့ပြီ လို့လည်း သိရှိခဲ့ရ ပါတယ်။