Headlines

တွန်းဇံမြို့နယ်မှာ ZRA တပ်ဖွဲ့နဲ့တိုက်ပွဲဖြစ်ပြီး ZRA ဘက်က ၁၀ ဦးခန့်ကျဆုံးကာ၊CDF-Tonzang ဘက်က ၁ ဦးကျဆုံးကြောင်းထုတ်ပြန်

နိုဝင်ဘာလ ၅ ရက်။

ချင်းပြည်နယ် တွန်းဇံမြို့နယ် မွာလ်ကွေးကျေးရွာမှာ နယ်မြေချဲ့လာပြီး တွန်းဇံမြို့သိမ်းရန်စစ်ရေးပြင်ဆင်နေတဲ့ ဇိုမီးတော်လှန်ရေးတပ်မတော်(ZRA )တပ်ဖွဲ့ဝင်တွေကို အောက်တိုဘာလ ၂၁ ရက်ဝန်းကျင်မှာ ချင်းအမျိုးသားတပ်မတော်(CNA )နှင့် CDF – Tongzang ကပူးပေါင်းပြီး ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်နိုင်ခဲ့ပြီး ZRA ဘက်က ၁၀ ဦးခန့်ကျဆုံးပြီး CDF – Tongzang ဘက်က တစ်ဦးကျဆုံးခဲ့တယ်လို့ CDF – Tongzang ကဒီကနေ့ နိုဝင်ဘာလ ၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ZRA-EC ရဲ့ အောက်တိုဘာလ ၂၇ ရက်ထုတ်ပြန်ချက်မှာတော့ အောက်တိုဘာလ ၂၁ ရက်က တွန်းဇံမြို့နယ် မွာလ်ကွေးကျေးရွာမှာ CNA(CC)အဖွဲ့များက ချုံခိုတိုက်ခိုက်ခဲ့လို့ ZRA ဘက်က ၃ ယောက် ကျဆုံး၊၂ ဦး ဒဏ်ရာရခဲ့တယ် လို့ ထုတ်ပြန်ခဲ့ပါတယ်။

တွန်းဇံမြို့နဲ့ ကျီခါးမြို့တို့ကို ပြီးခဲ့တဲ့ မေလ ၁၆ ရက်နေ့၊ ၂၃ ရက်နေ့တို့မှာ CDF – Tongzang ပါဝင်တဲ့ ချင်းလဲန်းပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ခဲ့ပြီး အခြေအနေအမျိုးမျိုးကြောင့် CDF – Tongzang ပါဝင်တဲ့ ချင်းလဲန်းပူးပေါင်းတပ်ဖွဲ့တွေက တွန်းဇံမြို့ပေါ်အနီးနားတဝိုက်မှာသာ တပ်အထိုင်ထားတာဖြစ်ပြီး စစ်ကောင်စီနဲ့ ပူးပေါင်းတဲ့ ZRA တပ်ဖွဲ့က အခွင့်ကောင်းယူကာ ကျီခါးမြို့မှာ တပ်အထိုင်ချထားတယ်လို့ CDF-Tonzang က ထုတ်ပြန်ထားပါတယ်။

ZRA တပ်ဖွဲ့က ကျီခါးမြို့ကနေတဆင့် CDF – Tongzang နဲ့ CNA တပ်ဖွဲ့တွေကို အမြဲလိုလို ရန်မူလျက်ရှိပြီး တွန်းဇံမြို့ပြန်သိမ်းမယ်ဆိုတဲ့ စကားကို အမြဲတမ်းလူကြုံပါးလေ့ရှိသလို တွန်းဇံမြို့နဲ့ ၁၅ မိုင်ခန့်သာဝေးတဲ့ မွာလ်ကွေးကျေးရွာမှာ နယ်မြေချဲ့လာကြပြီး မွာလ်ကွေးရွာကနေတဆင့် တွန်းဇံသိမ်းရန် စစ်ရေးပြင်ဆင်နေကြတယ်ဆိုတဲ့ သတင်းကြောင့် ချက်ခြင်း ဝိုင်းဝန်းပိတ်ဆို့ ဖြတ်တောက်တိုက်ခိုက်နိုင်ခဲ့တယ်လို့ CDF – Tongzang ကထုတ်ပြန်ထားပါတယ်။

ZRA တပ်ဖွဲ့တွေဟာ ချင်းလူမျိုးတွေဖြစ်သော်လည်း စစ်ကောင်စီနဲ့ လက်တွဲကာ ချင်းလဲန်းကောင်စီနှင့် တွန်းဇံမြို့နယ်ကောင်စီ၏ အုပ်ချုပ်ရေးနယ်မြေတွေကို ထိပါးနှောင့်ယှက်လာတာကြောင့် မလွှဲမရှောင်သာ တိုက်ထုတ်ရခြင်းဖြစ်ကြောင်းနဲ့ မိမိတို့စစ်ဆင်ရေးသည် တရားသော စစ်ဆင်ရေးဖြစ်ပြီး ZRA ကို တွန်းဇံမြို့နယ်ကနေ အပြီးတိုင်ချေမုန်းသွားမယ်လို့လည်း CDF-Tonzang ကထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *