နိုဝင်ဘာလ ၂၁ ရက်။
ချင်းပြည်နယ် တီးတိန်မြို့နယ် အနောက်ဘက်ခြမ်း ဒေသတွေမှာ နှစ်ရှည်ပင် အသီးများဖြစ်တဲ့ ထောပတ်သီး နှင့် မျောက်ငိုသီးများ ဈေးကောင်း မရသေးသော်လည်း ဝယ်လက်များမှ စတင် ဝယ်ယူနေပြီလို့ ဒေသခံများ ဆီကနေ သိရှိရပါတယ်။
” ထောပတ်သီး တအိတ်ကို ၆ သောင်း လောက်နဲ့ စုဆောင်း ဝယ်ယူ နေကြပါတယ်။ အရင်နှစ် ကလည်း အဲလောက် နဲ့ပဲ ဝယ်ကြတာ ဆိုတော့ ငွေကြေး ဖောင်းပွနှုန်း နဲ့ဆို ကျတယ် လို့ ပြော လို့ရတယ်။ မျောက်ငို ကတော့ နည်းနည်း နုသေးတယ်။ လက်ရှိမှာ တထောင့်ကို ကျပ် ၁၀၀ နဲ့ ဝယ်ကြတယ်။ အရင်နှစ် ကဆို ရာသီ အစမှာ ကျပ် ၂၀၀ နဲ့ ဝယ်ကြတယ်။ လောလော ဆယ်တော့ တောင်သူ အများစု က မရောင်းသေးဘဲ ဈေး နည်းနည်း ထပ်တက်မယ့် အချိန်ကို စောင့်ကြတာ များတယ်” လို့ ဒေသခံ ၁ ဦးက Chin World Media ကိုပြောပြပါတယ်။
ထောပတ် တစ်အိတ်ဟာ အနည်းဆုံး ပိဿာ ၄၀ လောက် ရှိမည်ဖြစ်ကြောင်း၊ ယင်း အိတ်မျိုးထဲမှာ အနည်းဆုံး ထောပတ်သီးအလုံး ၁၂၀ ခန့် ရှိကြောင်း၊ ယင်းနှုန်း နဲ့ တွက်ရင် ထောပတ်သီး တစ်လုံး သည် ၅၀၀ ကျပ် ခန့် ရှိကြောင်း သိရှိရ ပါတယ်။
“ဝယ်လက်တွေက မျောက်ငို နှင့် ထောပတ်ကို လတ်တလောမှာ မီဇိုရမ်ကို အဓိက တင်ပို့တာပါ။ မနှစ်ကတော့ မဏိပူရ် ဘက်လည်း တင်ပို့ နိုင်တော့ နည်းနည်း ဈေးရတာ လို့ ထင်တယ်။ မဏိပူရ် ပြည်နယ်ဘက် ပို့နိုင်ရင် ဈေး တက်မယ် လို့ မျှော်လင့် ပါတယ်” လို့ ဒေသနေ တောင်သူ တစ်ဦး မှ သုံးသပ် ခဲ့ပါတယ်။
တီးတိန်မြို့ အရှေ့ဘက်ရှိ တောင်သူ တစ်ဦး ကတော့ “ဒီဘက်မှာတော့ ဝယ်ယူ တာမျိုး သိပ် မရှိသေးဘူး။ ထောပတ်တော့ ဒီနှစ် အတော် သီးတယ်။ ဈေးကွက် ကိုတော့ လက်ရှိ အခြေအနေ မှာ သိပ် မမျှော်လင့်ရဲဘူး” လို့ Chin World Media ကို ပြောပါတယ်။
ဒေသ အတွင်း စစ်ရေး လှုပ်ရှားမှုများ ကြောင့် ၂၀၂၄ ခုနှစ် အတွင်း တီးတိန်မြို့နယ်ရှိ စိုက်ပျိုးရေး ထွက်ကုန် အတော် များများ ဟာ ဈေးကွက် ပျောက်နေတယ် လို့လည်း သိရှိခဲ့ရပါတယ်။