နိုဝင်ဘာလ ၁၂ ရက်။
ဆောင်းရာသီရောက်လာလို့ ချင်းပြည်နယ်ပလက်ဝမြို့နယ်က စစ်ဘေးရှောင်ပြည်သူ ၂ သောင်းဝန်းကျင်လောက်ဟာ အနွေးထည်အကျီ၊ စောင်တွေနဲ့ စားနပ်ရိက္ခာလိုအပ်နေကြတယ်လို့ ပလက်ဝကောင်စီလူမှုကယ်ဆယ်ရေးတာဝန်ခံ ဆလိုင်းဘွေရှိုင်းက ပြောပါတယ်။
ပလက်ဝကောင်စီ လူမှုကယ်ဆယ်ရေးတာဝန်ခံ ဆလိုင်းဘွေရှိုင်းက “ပြည်တွင်း၊ ပြည်ပက ပလက်ဝစစ်ဘေးရှောင်တွေမှာ စားနပ်ရိက္ခာအခက်ခဲလည်းရှိသလို လက်ရှိဆောင်းတွင်းဆိုတော့ အနွေးထည်အကျီတွေ စောင်တွေလိုအပ်ကြတယ်” လို့ပြောပါတယ်။
ပလက်ဝမြို့နယ်အတွင်း စစ်ဘေးရှောင်နေတဲ့ ဒေသခံပြည်သူ ၁၄၀၀၀ ကျော်ရှိပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်ဘက်မှာတော့ ၄၀၀၀ ကျော်ရှိကြတယ်လို့လည်း ပလက်ဝကောင်စီရဲ့ ပက်လက်ဝကောင်စီရဲ့ လူမှုကယ်ဆယ်ရေးတာဝန်ခံ ဆလိုင်းဘွေရှိုင်းက ပြောပါတယ်။
ပလက်ဝမြို့နယ်က စစ်ဘေးရှောင် ၆ ထောင်ကျော်လောက်က ပလက်ဝကောင်စီ အုပ်ချုပ်မှုလည်ပတ်နေတဲ့အောက်မှာ ရှိပြီး ကျန်တဲ့ ၈ ထောင်ကျော်လောက်က အာရက္ခတပ်တော်(AA) ထိန်းချုပ်မှုအောက်မှာ ရှိတယ်လို့လည်း သိရပါတယ်။
အာရက္ခတပ်တော် (AA) နဲ့စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲစတင်ပြင်းထန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်လောက်ကစလို့ ပလက်ဝမြို့နယ်က ဒေသခံပြည်သူတစ်ချို့ဟာ ဘေးလွတ်ရာကို စစ်ဘေးရှောင်ခဲ့ရပြီး ၂၀၂၁ ခုနှစ် စစ်ကောင်စီအာဏာသိမ်းပြီးနောက် တကျော့ပြန်ပြီး တိုက်ပွဲပြင်းထန်ချိန် မှာတော့ လူဦးရေ ၉ သောင်းကျော်နေထိုင်တဲ့ ပလက်ဝမြို့နယ်က ဒေသခံပြည်သူအများစုဟာ ဘေးလွတ်ရာကို ထပ်မံပြီး အခုအချိန်ထိ စစ်ဘေးရှောင်နေကြရပါတယ်။
ပလက်ဝမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းအားလုံးကို ရက္ခိုင့်တပ်တော် (AA )က ဇန်နဝါရီလ ၁၄ ရက်နေ့မှာ အပြီးတိုက်ခိုက်ကာသိမ်းပိုက်ထိန်းချုပ်ထားပါတယ်။ပလက်ဝမြို့ကဒေသခံအများစုဟာ လက်ရှိအချိန်အထိမြို့ကိုပြန်မလာသေးပဲ စစ်ဘေးရှောင်နေကြကြောင်းသိရပါတယ်။