ကိုဇံ (ချင်းတောင်)
“တီးတိန်မြို့တွင်း တိုက်ပွဲ မတိုင်ခင်တုန်းက ဆိုရင် မြို့ပေါ်မှာ မူးယစ်ဆေးဝါး သုံးစွဲသူ အယောက် ၄၀၀ ကျော် ရှိမယ် လို့ ကျွန်တော်တို့ ခန့်မှန်း ထားပါတယ်” လို့ မူးယစ်ဆေးဝါး သုံးစွဲမှုကို စောင့်ကြည့်နေသူ တီးတိန်မြို့နေ ကိုစွမ်း (နာမည်လွဲ) ကပြောပြပါတယ်။ ယင်း အရေအတွက်ဟာ လူဦးရေ တစ်သောင်းခွဲခန့် ရှိတဲ့ တီးတိန်မြို့ လူဦးရေ ရဲ့ ၂.၅% ခန့် ရှိပါတယ်။
“ကျေးလက် ဒေသမှာ ဖြစ်ပေါ်နေတဲ့ မူးယစ်ဆေးဝါး သုံးစွဲမှု အခြေအနေကို တော့ ကျွန်တော်တို့ လက်လှမ်း မမှီ ဘူး။ မြို့ပေါ်မှာ ထက် ကျေးလက်မှာ လူဦးရေက ပိုများတယ်။ ရာနှုန်း နှင့် တွက်ကြည့်ရင် မြို့ပေါ်ထက် ပိုနည်း နိုင်တယ်။ ဒါပေမယ့် အရေအတွက် နဲ့ ကြည့်ရင်တော့ ပိုများ လိမ့်မယ်” လို့ သူ၏ လေ့လာချက်ကို ဆက်လက် ပြောကြားခဲ့ ပါတယ်။ ၂၀၁၄ သန်းခေါင်းစာရင်း အရ တီးတိန်မြို့နယ်ရဲ့ ၈၅% ခန့်ရှိတဲ့ လူဦးရေဟာ ကျေးလက်မှာ နေထိုင်ကြသူတွေ ဖြစ်ပါတယ်။
ယခုလို တီးတိန်မြို့မှာ မူးယစ်ဆေးဝါး သုံးစွဲသူ ရုတ်တရက် နီးပါး မြင့်တက်လာခဲ့တာဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှု နောက်ပိုင်းမှ ဖြစ်တယ်လို့လည်း တီးတိန်မြို့ခံ တွေဆီကသိရပါတယ်။ “နိုင်ငံရေး နှင့် ဒေသ အခြေအနေ အသီးသီးကြောင့် စိတ်ဖိစီးမှုတွေများ လာလို့ ဖြစ်မယ်။ ရဲတွေကိုယ်တိုင် သုံးစွဲ လာကြတယ် လို့ သိရတယ်။ တချို့ ကလေးမတွေဆို ရဲစခန်းထဲထိ သွားပြီးတော့ ဆေး အတွက် ပေးဆပ်ရတယ် လို့ သိခဲ့ရတယ်” လို့လည်း မြို့ခံ တစ်ဦးထံမှ သိခဲ့ရ ပါတယ်။ “အစမှာ မူးယစ်ဆေးဝါး နဲ့ ပတ်သက်လိမ့်မယ်လို့ မထင်ခဲ့ဘူး။ ကလေးမတွေက ရဲစခန်းမှာ အဝင်အထွက်ကို ရင်းရင်းနှီးနှီး လုပ်ကြတော့ အံ့ဩခဲ့မိတာ” လို့ မူးယစ်ဆေးဝါး သုံးစွဲမှုကို စောင့်ကြည့်နေသူ တီးတိန်မြို့နေ ကိုစွမ်း (နာမည်လွဲ) ကဆက်လက် ပြောကြားခဲ့ ပါတယ်။
ယခုနှစ်၂၀၂၄အတွင်းတီးတိန်မြို့နယ်နှင့် တွန်းဇံမြို့နယ်တို့မှာ ဘိန်းစိုက်ပျိုးမှု အရင်နှစ်များထက်ပိုမိုများပြားလာကြောင်း ဒေသခံတောင်သူတစ်ဦးရဲ့ပြောကြားချက်အရသိရှိရပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာ အလုပ်အကိုင် အခွင့်အလမ်း ရှာဖွေရန် စင်္ကာပူ၊ မလေးရှား၊ အိုမန် စတဲ့ နိုင်ငံခြားနိုင်ငံတွေကို မသွားရောက်နိုင်တဲ့ ဒေသတွင်း လူငယ်များ အနေဖြင့် ဘိန်းခင်းများတွင် နေ့စား အဖြစ် လုပ်ကိုင်မှုများလည်း ယခုနှစ်တွင် ပိုမိုများပြား လာတယ် လို့လည်း တီးတိန်နဲ့တွန်းဇံမြို့နယ်က တောင်သူတချို့ဆီက သိရှိရပါတယ်။
“နိုင်ငံရေး အခြေအနေ မတည်ငြိမ်တော့ မြို့တွင်း လုံခြုံရေး ကိစ္စကို တာဝန်ခံမယ့် အင်အားစု က ပျောက်နေတယ်။ ကျွန်တော် သိတဲ့ ကုန်စုံဆိုင် တစ်ခုဆိုရင် သူတို့ရဲ့ မူးယစ်ဆေး ဖောက်သည်တွေကို ဆိုင်ကောင်တာ မှာတင် ရောင်းပေးတဲ့ အထိ အခြေအနေ ဆိုးသွားခဲ့တယ်” လို့ တီးတိန်မြို့ခံ လူငယ် တစ်ဦးက ပြောကြားပါတယ်။
မူးယစ်ဆေးဝါး သုံးစွဲသူများ နှင့် လက်ရှိ ကျန်းမာရေး စောင့်ရှောက်မှု
မူးယစ်ဆေးဝါး သုံးစွဲမှုကို လေ့လာစောင့်ကြည့်နေသူ ကိုစွမ်း ကတော့ “ကျွန်တော် လေ့လာမိ သလောက်တော့ လက်ရှိ တီးတိန်မြို့ပေါ်မှာ အသုံးအများဆုံးက ဟီရိုအင် လို့ခေါ်တဲ့ ဘိန်းဖြူ ပါပဲ။ ဘိန်းမည်း (ဘိန်းစိမ်း) ကို သုံးစွဲတဲ့ လူတွေ ရှိပေမယ့် နည်းတယ်။ မြင်းဆေး ခေါ် အက်ဖက်တမင်း စိတ်ကြွဆေးတွေ ကိုတော့ ရှိပေမယ့် အဲ့လောက် အသုံးမများတာ တွေ့ရတယ်။ လေ့လာမိ သလောက်တော့ ဘိန်းစိမ်း ကလွဲပြီး တီးတိန်မြို့မှာ အသုံးပြုတဲ့ မူးယစ်ဆေးဝါး တွေက ပြည်မ ဘက်က လာတာလို့ သိရတယ်။” လို့ အသုံးပြုသည့် မူးယစ်ဆေး အမျိုးအစား အပေါ် သူ့ရဲ့ တွေ့ရှိချက်ကို ပြောပြခဲ့ ပါတယ်။
တီးတိန်မြို့ ပြည်သူ့ ဆေးရုံ အနေနဲ့လည်း မူးယစ်ဆေး သုံးစွဲမှုနဲ့ ဆက်စပ်တဲ့ လူနာတွေကို အမြဲတမ်း နီးပါ ကုသ ပေးနေရတယ်လို့လည်း ပြည်သူ့ဆေးရုံ နဲ့ နီးစပ်သူတွေ ဆီကနေ ကြားသိခဲ့ ရပါတယ်။ “ဩဂုတ်လမှာ ဆေးရုံ ပြန်ဖွင့်တာ။ ဖွင့်ဖွင့်ချင်း ပထမဆုံး တက်ရောက်ခဲ့တဲ့ လူနာက မူးယစ်ဆေး သုံးစွဲခဲ့သူ ဖြစ်နေတယ်။ သူက အဆုတ်ပိုင်း အားနည်းတဲ့ ရောဂါ ဖြစ်နေတာ။ ဘာဆေး ပေးပေး မတိုးဘူး။ အောက်စီဂျင် ကလည်း တောက်လျောက် ကျနေတယ်။ သူ့နောက်ကြောင်းကို မေးကြည့်တော့ မူးယစ်ဆေး သုံးစွဲခဲ့တာ သိရတယ်။ အဲချိန် ကျမှ ဆရာဝန်တွေက ဆေး အညွှန်း ပြောင်းကုပေးခဲ့ရတယ်” လို့ပြည်သူ့ဆေးရုံ နဲ့ နီးစပ်သူ၁ ဦးက ပြောပါတယ်။
ဆေးရုံ ပြန်ဖွင့်ပြီး နောက်ပိုင်း၊ ၃ လတာ ကာလ အတွင်း မူးယစ်ဆေးဝါးနဲ့ ဆက်စပ်တဲ့ လူနာ အနည်းဆုံး ၁၅ ဦး ခန့်ဟာလည်း တီးတိန်မြို့ ပြည်သူ့ဆေးရုံမှာ တက်ရောက် ကုသမှု ခံယူခဲ့ပြီ လို့လည်း သိခဲ့ ရပါတယ်။ “ဆေးရုံ ပြန်ဖွင့်တာ သုံးလ လောက် ရှိနေပြီ။ မူးယစ်ဆေးဝါး နဲ့ ပတ်သက်တဲ့ ရောဂါတွေကြောင့် ဆေးရုံ ရောက်တဲ့ လူက မပြတ်ဘူး။ အများစုက လူငယ် ယောင်္ကျားလေး တွေ ဖြစ်တယ်။ အမျိုးသမီးတွေလည်း ပါလာတယ်။ အမျိုးသား အများစု က အဖျားမကျတာရယ်၊ အဆုတ်နဲ့ ပတ်သက်တဲ့ ရောဂါကြောင့်ရယ် ရောက်လာ ကြတယ်။ အမျိုးသမီးတွေ ကတော့ ကိုယ်ခံအား အလွန်အကျွံ ကျဆင်းတဲ့ လက္ခဏာတွေ နဲ့ ရောက်လာကြတယ်” လို့ ဆေးရုံရောက်လာကြသည့် မူးယစ်ဆေးနဲ့ ပတ်သက်သော လူနာများ၏ အခြေအနေကို သူကရှင်းပြပေးခဲ့ ပါတယ်။
“လက်ရှိမှာတော့ မူးယစ်ဆေး သုံးစွဲသူတွေ ကုသ ဌာနက မရှိသေးဘူး။ သူတို့ရဲ့ ဆေးဒဏ်တွေ သက်သာအောင် တချို့သက်သာဆေးတွေ ပေးပြီး လက္ခဏာတွေ ထိန်းပေးရတယ်။ အစားထိုးဆေး တိုက်ပြီး ကုသတာမျိုးတော့ မရှိသေးဘူး။ သူတို့ နေကောင်းလို့ ဆေးရုံက ဆင်းရင် အပေါင်းအသင်းတွေနဲ့ ပြန်ဆုံပြီး ပြန်သုံးကြတယ် ဆိုတာမျိုး ကြားရတော့ တခါတလေ ဝမ်းနည်းမိတယ်” လို့ ပြည်သူ့ဆေးရုံ နဲ့ နီးစပ်သူ ၁ ဦးက လက်ရှိ ကုသပေးခဲ့ရတဲ့ အခြေအနေကိုလည်း ဆက်လက် ပြောပြ ပါတယ်။
လူမှုရေး သက်ရောက်မှုများ
“မူးယစ်ဆေးဝါး သုံးစွဲတာက ကျန်းမာရေး ပြဿနာ တစ်ခုတည်း မဟုတ်ဘူး။ ပိုပြီး ထိခိုက်တာက လူမှုရေး ပါ။ ခိုးမှုတွေ၊ ဖောက်ထွင်းမှုတွေ အားလုံးက မူးယစ်ဆေးဝါး သုံးစွဲသူတွေနဲ့ ဆက်စပ်နေတယ်။ တချို့ ခန့်မှန်းချက်တွေ အရ တီးတိန်မြို့ လူငယ်ထုရဲ့ သုံးပုံ တစ်ပုံ လောက်က မူးယစ်ဆေးဝါး သုံးစွဲမှုနဲ့ ပတ်သက်နေကြတယ် လို့ ပြောကြတယ်။ နောက်ဆက်တွဲက မိသားစုမှာကော၊ ရပ်ကွက် အတွင်းမှာပါ လူမှုရေး ပြဿနာတွေ အနေနဲ့ ထွက်လာခဲ့တယ်” လို့လည်း အဆိုပါ ပြည်သူ့ဆေးရုံ နှင့် နီးစပ်သူမှ သုံးသပ်ပြခဲ့ ပါတယ်။
တီးတိန်မြို့ရှိ လူမှုရေးအဖွဲ့အစည်း ခေါင်းဆောင် တစ်ဦးကတော့ “တီးတိန်မြို့ပေါ်မှာ ရင်ဆိုင်နေရတဲ့ ခိုးမှု ဖောက်ထွင်းမှုတွေ အားလုံး နီးပါးက မူးယစ်ဆေးဝါး သုံးစွဲသူတွေကြောင့် ဖြစ်တာပါ။ ဖမ်းမိတဲ့ သူတွေက ဆေးသမားတွေချည်းပဲ။ တီးတိန်မြို့တွင်း တိုက်ပွဲ အလွန်ကာလမှာတော့ တချို့ အရက်သမားတွေပါ ခိုးလာတာ တွေ့ရ ပေမယ့် တခါ နှစ်ခါ လောက်ပါပဲ” လို့ မှတ်ချက်ပြုခဲ့ ပါတယ်။
မူးယစ်ဆေးဝါး သုံးစွဲမှု အခြေအနေကို စောင့်ကြည့်နေသူ ကိုစွမ်း ကတော့ “တီးတိန်မြို့မှာ တိုက်ပွဲ မဖြစ်ခင်တုန်းက စီးပွားရေး အရ လုပ်ငန်းတွေ အထိုက်အလျောက် လည်ပတ်တယ်။ ငွေကြေး လည်ပတ်မှုက အတိုင်းအတာ တစ်ခု ရှိတယ်။ ဆီဈေးလည်း အဲလောက် မတက်သေးတော့ ပင်နီစလင် တစ်ဗူးစာ ရှိတဲ့ ဘိန်းဖြူက တစ်သောင်း လောက်ပဲ ရှိတယ်။ မြို့တွင်း တိုက်ပွဲ အလွန်ကာလမှာ ကုန်ဈေး၊ ငွေဈေး အကုန်တက်ပြီး လမ်းတွေလည်း ပိတ် နေတော့ အဲလို ဗူး တစ်ခုက ခြောက်သောင်း လောက်ထိ ပေးရတယ်။ မြို့တွင်းမှာ ဘာ အလုပ်မှ လည်း မရှိဘူး။ ငွေကြေး လည်ပတ်မှု လည်း မရှိဘူး။ ဆိုတော့ မူးယစ်ဆေး သုံးစွဲသူတွေ အနေနဲ့ ခိုးရုံက လွဲရင် တခြား ငွေရ ပေါက် မရှိဘူး” လို့ သုံးသပ်ခဲ့ ပါတယ်။
“ဒေသ တစ်ခုမှာ မူးယစ်ဆေးဝါး သုံးစွဲမှုတွေ အကြီးအကျယ် မြင့်တက်လာပြီ ဆိုရင် သုံးစွဲသူတွေကို တခါတည်း အပြစ်မြင်ပြီး ခွဲခြား ဆက်ဆံတာမျိုး မလုပ်မိဖို့ အရမ်း အရေးကြီးတယ်။ မူးယစ်ဆေးဝါး သုံးစွဲမှုရဲ့ နောက်ကွယ်မှာ ရှိတဲ့ အကြောင်းအရာတွေပါ မြင်တတ်ဖို့ လိုတယ်။ အကြောင်းရင်းတွေကြောင့် အကျိုး ဖြစ်လာတယ် ဆိုတာ အမြဲ သတိ ချပ်ဖို့လိုတယ်” လို့ မူးယစ်ဆေးဝါး သုံးစွဲမှု ၏ ဆက်စပ် အန္တရာယ် လျော့ချရေး လုပ်ငန်းတွင် လုပ်ကိုင်ခဲ့ဖူးသူ မမေမေလေး က မှတ်ချက်ပြုခဲ့ ပါတယ်။
ဒေသခံ စာရေးဆရာ တစ်ဦးဖြစ်တဲ့ ကိုတွောင် ကတော့ “မူးယစ်ဆေးဝါး သုံးစွဲသူတွေကို လူ့ အသိုင်းအဝိုင်း အနေနဲ့ ဖယ်ကျဉ် မထားဖို့ လိုတယ်။ လူနာ အဖြစ် မြင်တတ်ဖို့၊ လက်ခံတတ်ဖို့ လိုတယ်။ ခွဲခြားဆက်ဆံမှုတွေက သူတို့ကို ပိုမို အထီးကျန် ဆီပြီး သုံးစွဲသူ အသိုင်းအဝိုင်းကြားမှာ ပိတ်မိနေစေလိမ့်မယ်” လို့ သူရဲ့ လူမှုကွန်ယက် စာမျက်နှာတွင် လွန်ခဲ့တဲ့ သုံးနှစ်ကျော်ခန့်က ရေးသားဖော်ပြခဲ့ဖူး ပါတယ်။
တီးတိန်မြို့မှာ မူးယစ်ဆေးဝါး သုံးစွဲမှုများလာခြင်းရဲ့ လာရာ နှင့် လားရာ
“မူးယစ်ဆေး သုံးစွဲမိတဲ့ လူငယ် တော်တော်များများက ဘိန်းခင်းမှာ အလုပ်သမား လုပ်ဖူးတဲ့ လူတွေ ဖြစ်တယ်။ ဘိန်းခင်းမှာ အလုပ်လုပ်ရင် တစ်ပတ်ကို ကျပ် သုံးသိန်း လောက် ကျန်တယ် လို့ သိရတယ်။ ဆေးရုံ ရောက်လာတဲ့ အမျိုးသမီးတွေဆိုရင် ဘိန်းခင်း ကနေပြန်လာတဲ့ သူတွေ ဖြစ်နေတာ တွေ့ရတယ်” လို့ ဆေးရုံ နှင့် နီးစပ်သူက ပြောပြခဲ့ ပါတယ်။ ဆက်လက်ပြီး “တချို့လူငယ်တွေ မူးယစ်ဆေးဝါး သုံးစွဲရတဲ့ အကြောင်းရင်းက အလုပ်အကိုင် မရှိဘဲ အရမ်း အားနေတာ ကြောင့်လည်း ပါတယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေ ရှိလာရင် လူငယ်တွေက အခုလောက်ထိ မူးယစ်ဆေးဝါး သုံးစွဲ မှာ မဟုတ်ဘူး လို့ ထင်တယ်” လို့လည်း လေ့လာစောင့်ကြည့်နေသူ ကိုစွမ်း ကတော့ ဆိုပါတယ်။
ဆေးဖြတ်ခြင်း နှင့် ပတ်သက်ပြီး သုံးသပ်ရာမှာတော့ “သိသ လောက် ကတော့ အနီးကို သွားချင်တဲ့ လူတွေက တွန်းဇံမြို့နယ်၊ စိန်ဂီးလ်ရွာမှာ ရှိတဲ့ Camp ကိုသွားတာ တွေ ရှိတယ်။ အဲနေရာလည်း ထိရောက်မှု အတော်ရှိတာ တွေ့ရတယ်။ တချို့ အဝေး ပို့ချင်တဲ့ လူတွေက မန္တလေး ဘက်ကို ပို့ကြတာ တွေ့ရတယ်။ သူတို့နဲ့ တွဲတဲ့ လူတွေနဲ့ ပြန်တွေ့ရင် ပြန်သုံးတာ များတော့ အဲဒီ အခြေအနေကို ဖြတ်တောက် သင့်တယ်” လို့လည်း လေ့လာစောင့်ကြည့်နေသူ ကိုစွမ်း ကတော့ ဆက်လက် ပြောကြားခဲ့ ပါတယ်။
မူးယစ်ဆေးဝါး သုံးစွဲမှု ဆိုင်ရာ အသိပညာပေးမှု နှင့် ပတ်သက်ပြီး တီးတိန်မြို့ရှိ လူမှုရေး ခေါင်းဆောင် တစ်ဦးကတော့ “ကျွန်တော်တို့ အနေနဲ့တော့ မိတ်ဆက်တဲ့ သဘောလောက်ပဲ ကြားဖူးတယ်။ အခုလို အခြေအနေမျိုးလည်း ရုတ်တရက် ရောက်လာ လိမ့်မယ် လို့လည်း မထင်ခဲ့ဘူး။ တီးတိန်မြို့မှာတော့ ထိရောက်တဲ့ အမြင်ဖွင့် သင်တန်းမျိုး၊ ဆွေးနွေးပွဲမျိုး မရှိဖူးသေးဘူး လို့ ပြောလို့ ရတယ်” လို့ မှတ်ချက်ပြုခဲ့ပါတယ်။
“တီးတိန်မြို့တွင်း တိုက်ပွဲ ဖြစ်တော့ မိဘတွေက လူငယ် အတော်များများကို ပြန်လည် ထူထောင်ရေး စခန်းတွေ ပို့ကြတယ်။ တချို့ကျတော့ နိုင်ငံခြားကို ပို့ကြတယ်။ အဲတာတွေကြောင့် မူးယစ်ဆေးဝါး သုံးစွဲသူ ဦးရေ နည်းနည်း ပြန်ကျ လာသလို ဖြစ်လာ တယ်။ တီးတိန်မြို့ ပြန်လည် လည်ပတ်လာပြီး ကုန်သွယ်မှုတွေ ရှိလာတော့ မံဆောင်း တံတားလို နေရာမျိုးမှာ တချို့ အလုပ်အကိုင် အခွင့်အလမ်းတွေ ရှိလာတယ်။ ခိုးမှု၊ ဖောက်ထွင်းမှုတွေလည်း လျော့ကျ လာတယ်” လို့ ကိုစွမ်းက လက်ရှိ အခြေအနေ ကို သုံးသပ်ခဲ့ ပါတယ်။
မူးယစ်ဆေးဝါး သုံးစွဲမှု အန္တရာယ် လျော့ချရေး လုပ်ငန်းစဉ်များတွင် ပါဝင်ခဲ့ဖူးတဲ့ မမေမေလေး ကတော့ “ တီးတိန် မြို့ရဲ့ မူးယစ်ဆေးဝါး သုံးစွဲသူ ဦးရေ အခုလို ထိုးတက်တဲ့ အတွက် ဒေသ အနေနဲ့ စိုးရိမ်မှုတွေ တက်လာမှာပဲ။ ဒါပေမယ့် ကျွန်မတို့ အနေနဲ့ လက်ရှိ ဖြစ်ပျက် နေတဲ့ ဟာကို အဖြစ် တစ်ခု အနေနဲ့ လက်ခံ ပြီးတော့ အန္တရာယ် လျော့ချရေး ဘက်ကို သွားမလား၊ ပြန်လည်ထူထောင်ရေး ဘက်ကို သွားမလား၊ စတဲ့ လမ်းကြောင်းတွေ သေချာ လေ့လာ ပြီး ရွေးချယ်ဖို့တော့ လိုလိမ့်မယ်” လို့ မှတ်ချက် ပြုခဲ့ ပါတယ်။
ဒေသကာကွယ် ရေးတပ်ဖွဲ့ဖြစ်တဲ့PDF Zoland တပ်ဖွဲ့နဲ့ဇိုလဲန်းပြည်သူ့ရဲ့တပ်ဖွဲ့ (People’s Police Force-Zoland) တို့ပူးပေါင်းပြီး တီးတိန်မြို့နယ်ထဲမှာ ဘိန်းစိုက်ထားတဲ့ ဘိန်းစိုက်ခင်းဧက(၂၀) ကျော်ကို အောက်တိုဘာလ ၂၂-၂၃ ရက် မှာ ၂ ရက်ဆက်တိုက် ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။
(ယခု သတင်း ဆောင်းပါး ရေးသား နိုင်ရန်အတွက် ပြီးခဲ့သည့် ၃ လ အတွင်း အဘက်ဘက်မှ ကူညီပေးသူ အားလုံးကို အထူး ကျေးဇူးတင်ရှိ ပါသည်)
ကိုဇံ (ချင်းတောင်)