ဆလိုင်းထန်စွမ်းလျံ
အာဏာသိမ်းစစ်ကောင်စီသည် ချင်းပြည်နယ်အတွင်းမှ သင်းအုပ်ဓမ္မဆရာအချို့ကိုတစ်ဦးလျှင် ကျပ်တစ်သောင်း ရှစ်ထောင်နှုန်း ထောက်ပံ့ပြီးတစ်လမပြည့်မီမှာပင် သင်းအုပ်ဓမ္မဆရာတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။
ချင်းပြည်နယ်၏ မြို့တော်ဟားခါးနှင့် မိုင် (၂၀) ကျော်သာ ဝေးသည်ထန်တလန်မြို့ပေါ်တွင် အသတ်ခံလိုက်ရခြင်းဖြစ်သည်။
ထိုမျှမကသေး၊ အဆိုပါဓမ္မဆရာ၏ လက်ချောင်းကိုဖြတ်ကာ ရွှေလက်စွပ်၊ နာရီနှင့်လက်ကိုင်ဖုန်းတို့ကိုလည်း လုယူသွားခဲ့ကြသေးသည်။
ဓမ္မဆရာတစ်ဦးလျှင် ၁၈၀၀၀ ကျပ် ထောက်ပံ့ထောက်ပံ့ကြေးငွေကိစ္စ စတင်ရာနေရာက ပြည်နယ်အစိုးရအဖွဲ့ရုံးစိုက်သည့်မြို့တော်ဟားခါးတွင် ဖြစ်သည်။
စက်တင်ဘာလ (၁) ရက်နေ့တွင် ဟားခါးမြို့ နှစ်ခြင်းအသင်းတော်သင်းအုပ်ဆရာအချို့နှင့် စက်တင်ဘာလ (၅) ရက်နေ့တွင် ဖလမ်းမြို့နယ်အတွင်းရှိ ခရစ်ယာန်ဂိုဏ်း (၁၀) ခုမှ အမှုဆောင်များကို တစ်ဦးလျှင် တစ်သောင်းရှစ်ထောင်ကျပ် (၁၈၀၀၀ ကျပ်) နှုန်းဖြင့် စစ်ကောင်စီက ထောက်ပံ့မှုကို အခမ်းအနားဖြင့် ပြုလုပ်ခဲ့သည်။
ကိုဗစ်ကာလ ထောက်ပံ့ငွေဟု စစ်ကောင်စီဘက်က အကြောင်းပြပြီးဘာသာရေးခေါင်းဆောင်များကို စည်းရုံးခြင်းလည်း ဖြစ်သည်။
ယင်းဖြစ်ရပ်အတွက် ဝေဖန်သံများ ထွက်လာပြီးနောက် စက်တင်ဘာလ (၆) ရက်နေ့တွင်မူထောက်ပံ့ငွေ ပြန်လည်ပေးအပ်ခဲ့သည်။
စစ်ကောင်စီနှင့် တိုက်ပွဲအများဆုံးဖြစ်ပွားသည့် မင်းတပ်မြို့တွင်လည်းစက်တင်ဘာလ (၈) ရက်နေ့တွင် မြို့နယ်အတွင်းရှိခရစ်ယာန်ဓမ္မအမှုတော်ဆောင်များအတွက် သုံးဆယ့်ကိုးသိန်းခြောက်သောင်းကျပ် (၃၉၆၀၀၀ ကျပ်)ကို ထောက်ပံ့ခဲ့ရာ ထိုငွေကို လူမှုရေးအသင်းတစ်ခုပြန်လည်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
အလားတူ ပလက်ဝမြို့တွင်လည်း စက်တင်ဘာလ (၉)ရက်နေ့တွင် စစ်ကောင်စီကခရစ်ယာန်ဘာသာရေး ခေါင်းဆောင်များအတွက် ထောက်ပံ့အလှူငွေ ၅၃ သိန်း ၈ သောင်းကျပ် ပေးအပ်ခဲ့ရာ မြို့နယ်ကိုဗစ်ကိစ္စတွင် အသုံးပြုရန်ပြန်လည်လှူဒါန်းခဲ့ကြသည်။
ထန်တလန် မြို့တွင်းတိုက်ပွဲစက်တင်ဘာလအတွင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့အကြားတိုက်ခိုက်မှုများ ဖြစ်ပွားနေသည့် ထန်တလန်မြို့တွင် စက်တင်ဘာလ (၁၈) ရက်နေ့မွန်းလွဲပိုင်း၌ ဝမ်းနည်းဖွယ်ဖြစ်ရပ်များ ကြုံတွေ့ခဲ့ရသည်။ ထိုတိုက်ပွဲသည် နံနက် (၁၀) နာရီခန့်မှစတင်သည့် မြို့တွင်းတိုက်ပွဲဖြစ်ပြီးညနေ (၄) နာရီခန့်အထိ ကြာမြင့်ခဲ့ကြောင်း ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF-ထန်တလန်) က ထုတ်ပြန်သည်။
တိုက်ပွဲပြီးဆုံးကာနီးတွင် စစ်ကောင်စီဘက်မှ ပစ်ခတ်သည့်လက်နက်ကြီးကျည်များသည် Sianginn Sang ရပ်ကွက်နေ ပြည်သူများ၏နေအိမ်များပေါ်သို့ ကျရောက်ကာ နေအိမ်များ မီးလောင်ကျွမ်းခဲ့သည်။
ထိုမီးလောင်မှုကို နှစ်ခြင်းခရစ်ယာန်လူငယ်များက ငြှိမ်းသတ်ရန်ကြိုးပမ်းနေစဉ် နေအိမ်မှ ဆိုင်ကယ်စီးပြီး ထွက်လာသည့် ထန်တလန်ရာပြည့်နှစ်ခြင်းခရစ်ယာန်အသင်းတော် (TCBC) သင်းအုပ်ဆရာ ကျုံးဗျက်ဟုမ်း (Pastor Cung Biak Hum) မှာ စစ်ကောင်စီဘက်မှ ပစ်ခတ်သည့် သေနတ်ကျည်ထိမှန်ကာသေဆုံးသွားခဲ့သည်။
မီးလောင်မှုကြောင့် နေအိမ် (၂၀) လုံးကျော် မီးလောင်ပျက်စီးခဲ့ရပြီး ည (၇) နာရီကျော်မှသာ မီးထိန်းနိုင်ခဲ့သည်။ မြို့ပေါ်ရှိ မီးသတ်ကားများကလာရောက်ငြှိမ်းသတ်ပေးခြင်းမရှိဘဲ ပြည်သူများကသာ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့ရခြင်း ဖြစ်သည်။သေနတ်ပစ်ခံရပြီး သေဆုံးသွားခဲ့သည့် ဓမ္မဆရာ ကျုံးဗျက်ဟုမ်း၏ရုပ်အလောင်းကို ပြန်လည်ရရှိချိန်၌ ဘယ်ဘက်လက်သူကြွယ်ကို ဖြတ်ကာမင်္ဂလာရွှေလက်စွပ်ကို လုယူထားသည့်အပြင် နာရီနှင့် လက်ကိုင်ဖုန်းတို့ပါပြန်မရကြောင်း သိရသည်။သင်းအုပ်ဆရာ၏ နာရေးကို စက်တင်ဘာလ (၁၉) ရက်နေ့တွင် ပြုလုပ်ခဲ့သည်။
ဟားခါးမြို့ကိုလည်း ပစ်ခတ်ထန်တလန်မြို့ကို စစ်ကောင်စီက အကြမ်းဖက်ပစ်ခတ်မှုများပြုလုပ်အပြီးနာရီပိုင်းအတွင်းဖြစ်သည့် ည (၇) နာရီကျော်အချိန်တွင် မြို့တော်ဟားခါးကိုပါတစ်ဆက်တည်း ပစ်ခတ်ခဲ့ပြန်သည်။ ဟားခါးမြို့ ချင်းဦးစီးရပ်ကွက်တွင်ပစ်ခတ်သံ၊ လက်နက်ကြီး ပေါက်ကွဲသံများ ကြားခဲ့ကြရပြီး စစ်ကောင်စီဘက်ကပစ်ခတ်သည်ဟု ဒေသခံတို့ ပြောဆိုကြသည်။နေအိမ်နှစ်လုံး မီးလောင်ပျက်စီးခဲ့ရပြီး ပြည်သူ (၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။ အဆိုပါ မီးလောင်မှုကိုလည်း မီးသတ်ဦးစီဌာနဘက်ကလာရောက်ငြိှမ်းသတ်ခြင်းမရှိဟု ဒေသခံတို့က ဆိုသည်။
ဘာကြောင့် ဒါတွေ ဖြစ်နေသလဲ
ထန်တလန်မြို့တွင် စစ်ကောင်စီဘက်မှ ပစ်ခတ်မှုများသည်နှစ်ဖက်တိုက်ပွဲများကြောင့် ပစ်ခတ်သည်ဟု သိရသော်လည်း ဟားခါးမြို့ကိုမူမည်သည့်အတွက် ပစ်ခတ်ကြောင်း မသိရသေးပေ။CDF (ထန်တလန်) ၏ ထုတ်ပြန်ချက်အရ စက်တင်ဘာ (၁၈) ရက်မြို့တွင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ သေဆုံးသူ (၃၀) ကျော်အထိရှိခဲ့သည်ဟု သိရပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ထိခိုက်သူ မရှိခဲ့ပေ။
ထိုတိုက်ခိုက်မှုကို CDF (ထန်တလန်)နှင့်ချင်းအမျိုးသားတပ်မတော် (CNA) ပူးပေါင်းအဖွဲ့က ဆင်နွှဲခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီသည် ထန်တလန်ပြည်သူများအပေါ် အကြမ်းဖက်မှုများ၊ ညအချိန်မတော်ဧည့်စာရင်း စစ်ဆေးမှုများနှင့် အများပြည်သူလုံခြုံမှုကို ဆက်လက်ထိပါးနှောက်ယှက်နေသရွေ့ကာလပတ်လုံး တိုက်ခိုက်ခြေမှုန်းသွားမည်ဟုလည်း CDF (ထန်တလန်) က စက်တင်ဘာလ (၁၉) ရက်နေ့တွင် သတိပေးထုတ်ပြန်ထားသည်။
ထန်တလန်တွင် တိုက်ပွဲများက ယခုမှဖြစ်လာသည်မဟုတ်၊ သြဂုတ်လနှင့်စက်တင်ဘာလအတွင်း ဆက်တိုက်ဖြစ်ပွားနေခြင်း ဖြစ်သည်။
သြဂုတ်လ (၂၅) ရက်နေ့ကလည်း စစ်ကောင်စီ၏ လက်နက်ကြီးကျည်ကြောင့် အသက် ၁၀နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူအချို့ ရှိကာ မပေါက်ကွဲသည့် လက်နက်ကြီးကျည်ကို ၀ိုင်းကြည့်နေချိန် ပေါက်ကွဲခဲ့ပြီးတစ်ဦးသေဆုံး၊ ၁၁ ဦး ဒဏ်ရာရရှိခဲ့သေးသည်။
စက်တင်ဘာလ (၉) ရက်နေ့တွင်လည်း ထန်တလန်မြို့တွင်း၌ စစ်ကောင်စီ၏ပစ်ခတ်မှုကြောင့် တစ်နှစ်သား ကလေးငယ် တစ်ဦးအပါအဝင် ငါးဦးဒဏ်ရာရရှိခဲ့ပြီး နေအိမ်တစ်လုံးလည်း မီးလောင်ကျွမ်းခဲ့ရသည်။
စက်တင်ဘာလ (၁၀) ရက်နေ့ကလည်း ထန်တလန်မြို့နယ် လုံလဲရ်ကျေးရွာကိုစစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ဒေသခံများမှာအိန္ဒိယဘက်သို့ တိမ်းရှောင်နေကြရသည်။အိမ်ခြေ ၁၀၀ ဝန်းကျင်ရှိသည့် လုံလဲရ်ကျေးရွာသည် အိန္ဒိယနယ်စပ်နှင့် လေးမိုင်ခန့်သာ ဝေးကွာသည့် ချင်းပြည်နယ်အတွင်းမှ ကျေးရွာတစ်ခုဖြစ်ကာဗုံးကျဲတိုက်ခိုက်မှုကြောင့် လူနေအိမ်တစ်လုံး မီးလောင်ခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။
အိန္ဒိယနယ်စပ် ချင်းပြည်နယ် ထန်တလန်မြို့နယ် လုံလဲရ်ကျေးရွာရှိစစ်ကောင်စီတပ်စခန်းကို CDF (ထန်တလန်) နှင့် CAN တို့က စက်တင်ဘာလ (၁၁) ရက် နံနက်ပိုင်းတွင် ဝင်ရောက်သိမ်းပိုက် မီးရှို့ဖျက်ဆီးခဲ့ပြီးနောက်နေ့လယ်ဘက်တွင် စစ်ကောင်စီဘက်က လေယာဉ်ဖြင့် ဗုံးလာကျဲကြောင်း ဒေသခံတို့က ပြောဆိုသည်။
လုံလဲရ်စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က (၁၂) ဦး သေဆုံးပြီးမိမိတို့ဘက်က အကျဆုံးမရှိဘဲ ဒဏ်ရာရရှိသူ (၈) ဦး ရှိခဲ့သည်ဟု CDF(ထန်တလန်) က ထုတ်ပြန်ခဲ့သည်။ထိုစခန်းသိမ်းတိုက်ပွဲကြောင့် စစ်ကောင်စီက ထန်တလန်မြို့ကိုအကြမ်းဖက်မှုများ ဆက်တိုက်ပြုလုပ်နေခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများကသုံးသပ်ပြောဆိုကြသည်။
ဟားခါးမြို့တွင်လည်း စစ်ကောင်စီ၏ ပစ်ခတ်မှုများက ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေခဲ့သည်။စက်တင်ဘာလ (၄) ရက်နေ့ ညသန်းခေါင်အချိန်တွင် ပြည်နယ်အစိုးရရုံးအနီး၌ပစ်ခတ်မှုများ ဖြစ်ပေါ်ခဲ့ပြီး စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးခဲ့သည်။
စက်တင်ဘာလ (၇)ရက်နေ့ ညပိုင်းတွင်လည်း ပြည်နယ်အစိုးရရုံးနှင့်ဟားခါးရဲစခန်းအနီးတွင် ပစ်ခတ်မှုများ ဖြစ်ပေါ်ခဲ့ပြီး ပြည်သူတစ်ဦးဒဏ်ရာရရှိကာ နေအိမ်အချို့မှာ လက်နက်ကြီးကြောင့် ပျက်စီးခဲ့ရသည်။စက်တင်ဘာလ (၉) ရက် နံနက် (၁) နာရီခန့်တွင်လည်း ပစ်ခတ်မှုများ ဖြစ်ပေါ်ခဲ့ပြီး စစ်ကောင်စီ လက်နက်ကြီးကျည်ကြောင့် နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့သည်။
စက်တင်ဘာလ (၁၆) ရက် ညပိုင်းတွင်လည်း ဟားခါးထာရ်ရပ်ကွက်တွင် စစ်ကောင်စီ၏ပစ်ခတ်မှုများကြောင့် တစ်ဦးဒဏ်ရာရရှိခဲ့ပြီး နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ရသည်။
”အရင်တုန်းက ညပိုင်းတွေလည်း လွတ်လွတ်လပ်လပ် သွားလာလို့ရတဲ့မြို့က အခုဆိုညနေ ၆ နာရီဆိုရင်လူမရှိတော့ဘူး။ အပြင်မထွက်ကြတော့ဘူး။ နောက်ပြီးနေအိမ်တွေကိုလည်း လုံခြုံစိတ်ချရတဲ့ အကာအရံတွေ လုပ်ထားကြရတယ်။ကျွန်တော်တို့ဆို အိမ်အောက်ဆုံးထပ်ကို ပြောင်းအိပ်နေကြရတယ်” ဟု ဟားခါးမြို့ခံတစ်ဦးက ပြောသည်။
သင်းအုပ်ဆရာကို ပစ်သတ်ခြင်းမပြုမီကတည်းက စစ်ကောင်စီသည်ချင်းပြည်နယ်အတွင်းရှိ ဘာသာရေး အဆောက်အဦများကို တိုက်ခိုက်ခြင်းများပြုလုပ်ခဲ့သည်ဟု ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က ဆိုသည်။
ခရစ်ယာန်ဘုရားကျောင်းများတွင် တပ်စွဲထားခြင်း၊ ဘုရားကျောင်းအတွင်းအရက်သေစာ သောက်စားခြင်း၊ သမ္မာကျမ်းစာနှင့် ဓမ္မသီချင်းစာအုပ်များကိုဖျက်ဆီးခြင်း၊ လက်နက်ကြီး လက်နက်ငယ်များဖြင့် ဘုရားရှိခိုးကျောင်းအဆောက်အဦများကို ပစ်ခတ်ဖျက်ဆီးခြင်း၊ မြို့ရွာများရှိ လူနေအိမ်များကိုမီးလောင် ကျွမ်းစေခြင်း စသည့် ရိုင်းဆိုင်းသော အပြုအမှုများသည်ယုံကြည်ကိုးကွယ်သည့် ဘာသာတရားကို စော်ကားကာ ထိုဘာသာကိုသက်ဝင်ယုံကြည်သူများကိုလည်း မထီမဲ့မြင် ပြုလုပ်ရာရောက်သည်ဟုချင်းနှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်က သုံးသပ်ထားသည်။
”ဘာသာရေးအဆောက်အဦတွေကို ပစ်တာဟာ တမင်ရည်ရွယ်ပြီး ပစ်တာမဟုတ်ဘူးလို့တော့ပြောကြတယ်။ ကျွန်တော်တို့အနေနဲ့တော့ ဒါကို လက်မခံဘူး” ဟုချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် ဥက္ကဌ သိက္ခာတော်ရ ဒေးနစ်ငွန်ထောင်းမန်ကပြောသည်။
ထန်တလန်မှ သင်းအုပ်ဆရာအသတ်ခံရမှုသည် စစ်အာဏာသိမ်းပြီးနောက် ပထမဆုံးအသတ်ခံရသည့် သင်းအုပ်ဆရာဖြစ်ကြောင်း ၎င်းက ပြောသည်။
ဟားခါးမြို့ရှိ စစ်ကောင်စီတာဝန်ရှိသူများနှင့် တွေ့ဆုံကာ မိမိတို့၏သဘောထားများကို ပြောဆိုနိုင်ရန်လည်း ကြိုးပမ်းနေကြောင်း ၎င်းက ဆက်ပြောသည်။
မြန်မာစစ်တပ်၏ လုပ်ဆောင်မှုများသည် လက်ရှိပြည်တွင်းနိုင်ငံရေးပဋိပက္ခများထက်ပင် ပိုမိုရှုပ်ထွေးကြီးမားသော ဘာသာရေးနှင့် လူမျိုးရေးအသွင်ဆောင်သည့် ပြည်တွင်းပဋိပက္ခများ ဖြစ်ပေါ်လာ စေနိုင်သောကြောင့်အပြင်းအထန် ရှုတ်ချကန့်ကွက်ကြောင်းလည်းချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်၏ ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။
ဘုရားကျောင်းများနှင့် ဘာသာရေးကို ရည်စူးသည့် အဆောက်အဦများအားရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ဖျက်ဆီးခြင်းသည် လက်နက်ကိုင်ပဋိပက္ခများအတွက်ကျင့်သုံးသော ဥပဒေများနှင့် ဓလေ့ထုံးတမ်းများကို ချိုးဖောက်ရာရောက်ပြီး ၁၉၉၈ ခုနှစ် နိုင်ငံတကာ ရာဇဝတ်မှုတရားရုံး၏ ရောမဥပဒေ (Rome Statute) အရစစ်ရာဇဝတ်မှုမြောက်ပြီး ယင်းတိုက်ခိုက်မှုများသည် နိုင်ငံတကာလူ့အခွင့်အရေးဥပဒေကို တိုက်ရိုက်ချိုးဖောက်ခြင်းလည်း ဖြစ်သည်။
ချင်းမြေတွင် စစ်ကောင်စီ၏ လုပ်ရပ်များကဒေသခံတို့အတွက် နေ့စဉ် ဝမ်းနည်းဖွယ် ကြုံနေရသည်သာ ဖြစ်လေသည်။
Tuesday, September 21, 2021