Headlines

စစ်ရေးအခြေအနေအရ ဖလမ်းမြို့တွင်းကို ယာဉ်ကြီး၊ ယာဉ်ငယ် အားလုံး ဖြတ်သန်းသွားလာခွင့် တားမြစ်ထားကြောင်း အသိပေးထုတ်ပြန်

နိုဝင်ဘာလ ၁၃ ရက်။

လက်တလောဖြစ်နေတဲ့ စစ်ရေးအခြေအနေအရ ချင်းပြည်နယ် ဖလမ်းမြို့အတွင်း ယာဉ်ကြီး/ ယာဉ်ငယ်အားလုံး ဖြတ်သန်းသွားလာခြင်းမပြုဖို့ Falam Regional Committee က တားမြစ်တယ်လို့ ဒီကနေ့ နိုဝင်ဘာလာ ၁၃ ရက်နေ့မှာ အသိပေးထားပါတယ်။

လက်ရှိဖလမ်းမြို့မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) အကြား တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားလျက် ရှိနေတာကြောင့်ဖြစ်ပြီး ဖြတ်သန်းသွားလာ အသုံးပြုခွင့်ကိုလည်း ပြန်လည်အသိပေး ထုတ်ပြန်ပေးမယ်လို့ Falam Regional Committee က ထုတ်ပြန်ထားပါတယ်။

ချင်းညီနောင်အဖွဲ့က ဖော်ဆောင်လျက်ရှိတဲ့ ချင်းညီနောင်စစ်ဆင်ရေး (Operation CB) ကို ဖလမ်းမြို့နဲ့ မင်းတပ်မြို့မှာ နိုဝင်ဘာလ ၉ ရက်နေ့ကစလို့ မြို့ပေါ်ရှိ စစ်ကောင်စီအခြေပြု စစ်စခန်းတွေအားလုံးကို တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်နေပြီး လက်ရှိအချိန်ထိ နှစ်ဖက်တိုက်ပွဲ ပြင်းထန်လျက်ရှိတယ်လို့လည်း ချင်းညီနောင်အဖွဲ့က ဒီကနေ့ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

လက်ရှိ ချင်းညီနောင်၏ စစ်ဆင်ရေးသတင်းတွေ၊ တိုက်ပွဲသတင်းတွေနဲ့ပက်သက်ပြီး သတင်းမှား၊ သတင်းတု ရေးသားဖြန့်ဝေတာမလုပ်ကြရန်နှင့် ချင်းညီနောင်ရဲ့ အောင်ပွဲသတင်းတွေကို အချိန်နဲ့တစ်ပြေးညီ ထုတ်ပြန်သွားမယ်လို့လည်း ဆိုထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *