စက်သုံးဆီကန့်သတ်တော့မယ်ဆိုတဲ့ သတင်းတွေကြောင့် ကလေးမြို့နဲ့ခိုင်ကမ်းမြို့မှာစက်သုံးဆီအလုအယက်ဝယ်ကြလို့ စက်သုံးဆီဈေးတက်

နိုဝင်ဘာလ ၂၀ ရက်။

စစ်ကောင်စီက စက်သုံးဆီတွေ ခွဲတမ်းမချပေးတော့ဘူးဆိုတဲ့ သတင်းတွေကြောင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နဲ့ ချင်းပြည်နယ် ခိုင်ကမ်းမြို့မှာ ဓာတ်ဆီဈေးတွေ တက်ကုန်တယ်လို့ ခိုင်ကမ်းမြို့ဒေသခံတစ်ဦးကပြောပါတယ်။

ချင်းပြည်နယ်၊ ခိုင်ကမ်းမြို့ဒေသခံတစ်ဦးပြောတာက “လူတွေက ကောလဟာလကို အရမ်းယုံချင်ကြလို့၊ ဝယ်လို့ရပါတယ်။ မလိုအပ်ဘဲလျှောက်ဝယ်လို့ ဓာတ်ဆီရောင်းတဲ့သူတွေ တစ်လရောင်းရမယ့် ဓာတ်ဆီတွေ တစ်ရက်၊နှစ်ရက်တွင်း ကုန်သွားတာဘဲ အဖက်တင်သွားတယ်၊ ဈေးတက်သွားတာဘဲ အဖက်တင်တယ်ပေါ့ ဘယ်သူမှ မလိုအပ်ဘဲ မဝယ်ရင် ဘာမှ မဖြစ်ပါဘူး” လို့ပြောပါတယ်။

စစ်သုံးဆီတင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းတွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် စက်သုံးဆီအရောင်းဆိုင်တွေမှာ သတ်မှတ်ဈေးနှုန်းနဲ့ ရောင်းချပေး လျက်ရှိတဲ့အကြောင်း စစ်ကောင်စီသတင်းဌာန MRTV က ဒီကနေ့ နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ကလေးမြို့မှာ လောင်စာဆီများ အလုအယှက် တန်းစီ ဝယ်ယူ သိုလှောင်လာကြကာ ဓာတ်ဆီ တစ်ဂါလံ ဟာ ကျပ် ၃၅၀၀၀ မှ ၃၇၀၀၀ ကြား အထိ ဈေးတက်လာတယ်လို့ ဒေသခံ တစ်ဦးထံမှ သိရှိခဲ့ ရပါတယ်။

“မနေ့ (နိုဝင်ဘာလ ၁၉ ရက်) မနက်ပိုင်းက ဓာတ်ဆီ တစ်ဂါလံက ကျပ် ၂၈၀၀၀ လောက်ပဲ ရှိတာ။ ညနေပိုင်း ကြတော့ ဈေးတက်လာတယ်။ ဒီမနက်မှာတော့ သုံးသောင်းခွဲ ထိ ရှိလာတယ်။ တချို့ အပြင်ဆိုင်တွေက သုံးသောင်း ခုနစ်ထောင်နဲ့ တောင် ရောင်းနေကြပြီ” လို့ ကလေးမြို့ဒေသခံ ၁ ဦးက ဆက်လက် ပြောကြားခဲ့ပါတယ်။

ချင်းပြည်နယ်ကမြို့တွေအားလုံးနဲ့ ကလေးမြို့နယ်၊တမူးမြို့နယ်အပါအဝင် မြို့နယ်ပေါင်း ၃၀ ခန့်မှာ စစ်ကောင်စီလက်အောက်ခံ စွမ်းအင်ဝန်ကြီးဌာနက စက်သုံးဆီခွဲတမ်း လုံးဝ ချမပေးတော့ဘူးဆိုတဲ့ သတင်းတွေ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၈ ရက်နေ့က သတင်းတွေ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

“ကလေးမြို့မှာ ဆိုင်ကယ်က မသုံးလို့ မရဘူးလေ။ ဆီ မရှိလို့ မရဘူး။ ဆိုတော့ ဓာတ်ဆီက ဈေးမတက် ရင်တောင် ဒီဈေးထက် ကျမှာမဟုတ် တော့၊ တတ်နိုင်သလောက် ဝယ်ယူ သိုလှောင်ထား လိုက်ရ ပါတယ်” လို့လည်း ကလေးမြို့နေ အမျိုးသမီး တစ်ဦးက ဆီသိုလှောင်ဖြစ်ပုံကို ရှင်းပြခဲ့ ပါတယ်။

“ချင်းပြည်နယ်မှာတော့ နယ်စပ်ဘက် ကနေ လောင်စာဆီ ကို အကန့်အသတ် တစ်ခု နဲ့ တင်ပို့နိုင်မှာ ဖြစ်လို့ လုံးဝ ပြတ်လပ်သွားတာမျိုး မရှိနိုင်သော်လည်း အတော်ကျပ်တည်း နိုင်တယ်”လို့ ချင်းပြည်နယ်တီးတိန်မြို့နေ လူငယ် တစ်ဦး က သုံးသပ်ခဲ့ ပါတယ်။

လက်ရှိမှာတော့ ကလေးမြို့မှာ လောင်စာဆီ ကြိုတင် ဝယ်ယူ သိုလှောင်နိုင်ရေး အတွက် ဒေသခံများစွာဟာ ဓာတ်ဆီ ဆိုင်ကြီးများမှာ တန်းစီ စောင့်ဆိုင်း ဝယ်ယူ နေကြတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *