နိုဝင်ဘာလ ၂၁ ရက်။
၂၀၂၄ ခုနှစ် ဇွန်လကနေ စက်တင်ဘာလအတွင်း စစ်ကောင်စီက ချင်းပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း ၃၅ ကြိမ် လုပ်ခဲ့ပြီး အဆိုပါလေကြောင်းတိုက်ခိုက်ခဲ့လို့ အမျိုးသမီး၊ ကလေးငယ်အပါအဝင် စုစုပေါင်း ၅ ဦးသေဆုံးပြီး ၁၄ ဦး ဒဏ်ရာရခဲ့တယ်လို့ Blood Money-သွေးစွန်းငွေ ဖြတ်တောက်ရေးလှုပ်ရှားတဲ့ အဖွဲ့ ရဲ့ နိုဝင်ဘာလ ၂၀ ရက်နေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာအရ သိရပါတယ်။
ဒီ ၄ လတာအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၃၉ လုံး၊ ဘာသာရေးအဆောက်အအုံ ၈ ခု၊ စာသင်ကျောင်း ၂ ကျောင်း ပျက်စီးခဲ့ပြီး ဇွန်လ ၉ ရက်နေ့ကစခဲ့တဲ့ မတူပီမြို့သိမ်းတိုက်ပွဲမှာလည်း ချင်းပြည်နယ်ရဲ့ အထင်ကရ ဘာသာရေးအဆောက်အအုံတွေဖြစ်တဲ့ ယူနီယံ ဓမ္မကောလိပ်၊ မတူပီနှစ်ခြင်း အသင်းတော်နဲ့ တပ်ဒွန်းနှစ်ခြင်းဘုရားကျောင်းတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ Blood Money-သွေးစွန်းငွေ ဖြတ်တောက်ရေးလှုပ်ရှားတဲ့ အဖွဲ့ကထုတ်ပြန်ထားပါတယ်။
စက်တင်ဘာလ ဟာ ချင်းပြည်နယ် အတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုအများဆုံးလဖြစ်ပြီး စက်တင်ဘာလအတွင်းမှာပင် လေကြောင်းတိုက်ခိုက်မှု ၁၃ ကြိမ်ရှိကြောင်းထုတ်ပြန်ထားပါတယ်။
ချင်းပြည်နယ်မြို့တွေထဲမှာ ၄ လအတွင်း မင်းတပ်မြို့ဟာ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုအခံရဆုံးမြို့ဖြစ်ပြီး စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှု ၂၅ ကြိမ်ပြုလုပ်ခဲ့ကြောင်း၊ထိုပမာဏမှာ ၄ လအတွင်း ချင်းပြည်နယ်တခုလုံး လေ ကြောင်းတိုက်ခိုက်ခံရမှုရဲ့ ၇၁ % ရာခိုင်နှုန်းရှိကြောင်းထုတ်ပြန်ထားပါတယ်။
ဒီ ၄ လတာအတွင်းမှာတော့နိုင်ငံအနှံ့အပြားမှာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု အကြိမ် ၁၂၁၀ ပြုလုပ်ခဲ့ပြီး ဒီလေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကလေးငယ် ၄၉ ဦး နဲ့ အမျိုးသမီး ၉၆ ဦး အပါအဝင် အရပ်သားစုစုပေါင်း ၅၄၃ ဦးသေဆုံးပြီး၊ ၈၂၇ ဦး ဒဏ်ရာရခဲ့တယ်လို့လည်း သွေးစွန်းငွေ ဖြတ်တောက်ရေးလှုပ်ရှားတဲ့ အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
လက်ရှိအချိန်မှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်စွာဖြစ်ပွါးနေတဲ့ ချင်းပြည်နယ် ထန်တလန်၊ မင်းတပ်၊ ဖလမ်းမြို့တို့မှာလည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာတွေကို အရင်ကထက် ပိုမိုလုပ်ဆောင်နေတာကိုလည်း တွေ့ရှိရပါတယ်။
ပုံ- ဩဂုတ်လအတွင်း ကန်ပက်လက်မြို့နယ်မှာ စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်မှူကြောင့် ပြည်သူများထိခိုက်သေဆုံးခဲ့စဉ်