နို၀င်ဘာလ ၁၄ ရက်။
စစ်ရေး၊ နိုင်ငံရေးကြောင့် ကလေးငယ်တွေ ပညာသင်ကြားခွင့် မဆုံးရှုံးရအောင်ဖွင့်လှစ်ထားတဲ့ ကြားကာလ ပလက်ဝမြို့နယ် ပညာရေးဘုတ်အဖွဲ့ရဲ့ ပြည်သူ့အခြေပြုကျောင်းမှာ ပညာသင်နေတဲ့ ကျောင်းသူ/ကျောင်းသား ၆ ထောင်နီးပါးအတွက် သင်ကြားရေးဆရာ၊ဆရာမ မလုံလောက်တာ၊ သင်ကြားရေးဆရာ၊ဆရာမတွေကို ထောက်ပံ့ကြေးမပေးနိုင်တာနဲ့ ကျောင်းသုံး စာရေးကိရိယာမလုံတဲ့ စိန်ခေါ်မှုတွေကြုံတွေ့နေကြောင်း ပလက်ဝမြို့နယ် ပညာရေးဘုတ်အဖွဲ့ တာဝန်ခံ ဆရာကြီး ထောင်မင်းဖုန်းက ပြောပါတယ်။
ပလက်ဝမြို့နယ် ပညာရေးဘုတ်အဖွဲ့ တာဝန်ခံ ဆရာကြီး ထောင်မင်းဖုန်းက “ဖွင့်လှစ်ထားတဲ့ကျောင်းက ပြည်တွင်းမှာ (၉၆)ကျောင်း၊ ပြည်ပစစ်ဘေးရှောင်မှာ (၁၁) ကျောင်း စုစုပေါင်း ၁၇၀ ကျောင်းရှိတယ်။ ဒီပညာသင်နှစ်မှာ ကျောင်းသား/ကျောင်းသူပေါင်း ၅၈၄၅ ယောက်ရှိတယ်။ ဆရာ/ ဆရာမ ကတော့ ၅၄၈ ဦးရှိတယ်။ အခက်ခဲစိန်ခေါ်မှုကတော့ သင်ကြားရေး ဆရာ/ ဆရာမ လုံလောက်မှုမရှိတာ၊ သင်ကြားရေးဆရာ/ ဆရာမတွေကို ထောင်ပံ့ကြေးမပေးနိုင်တာ၊ ကျောင်းသုံးပုံနှိပ်စာအုပ်၊ ကျောင်းသုံးစာရေးကိရိယာတွေ သင်ထောက်ကူပစ္စည်း လုံလောက်မရှိတာတွေဖြစ်တယ်” လို့ပြောပါတယ်။
ကြားကာလ ပလက်ဝမြို့နယ် ပညာရေးဘုတ်အဖွဲ့ရဲ့ ပြည်သူ့အခြေပြုကျောင်းတွေကို ချင်းပြည်နယ်၊ပလက်ဝမြို့နယ်မှာ ချင်းကာကွယ်ရေးတပ် (ပလက်ဝ)ရဲ့စိုးမိုးနယ်မြေနဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် စစ်ဘေးရှောင်ကျေးရွာတွေမှာ ကြားကာလ ပညာရေးဖော်ဆောက်လျက်ရှိပါတယ်။
အဆိုပါကြားကာလပညာရေးကျောင်းကို ၂၀၂၂ – ၂၀၂၃ ပညာသင်နှစ်မှာစတင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ၂၀၂၂ – ၂၀၂၃ ပညာသင်နှစ်မှာ ကျောင်းသူ၊ ကျောင်းသားဦးရေ ၅ ထောင်ခန့်ရှိခဲ့ပါတယ်။ ပလက်ဝမြို့နယ်အတွင်း ကျေးရွာပေါင်း ၃၈၀ ကျော်ရှိတဲ့အထဲ ချင်းကာကွယ်ရေးတပ် (ပလက်ဝ) လှုပ်ရှားနယ်မြေအတွင်းက ကျေးရွာ ၆၅ ရွာနဲ့ လွတ်မြောက်နယ်မြေရောက် စစ်ဘေးရှောင်စခန်း ၉ ခုမှာနဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် စစ်ဘေးရှောင်ကျေးရွာတွေမှာ ကြားကာလ ပညာရေးလုပ်ငန်းတွေကို ဖောဆောင်နေတာလည်းဖြစ်ပါတယ်။
ပလက်ဝမြို့နယ်အတွင်းက ကလေးငယ်တွေဟာ စစ်ကောင်စီအာဏာမသိမ်းခင်ကလည်း ရခိုင့်တပ်တော်(AA) နဲ့ စစ်ကောင်စီအကြား တိုက်ပွဲတွေကြောင့် ပညာသင်မှု အခက်အခဲကြုံရသလို ကိုဗစ်ကာလနဲ့ စစ်အာဏာသိမ်းလိုက်တာကြောင့်လည်း ကလေးငယ်တွေ ပညာသင်ယူခွင့် ထပ်ဆင့်ဆုံးရှုံးမှုတွေ ရင်ဆိုင်ခဲ့ရတဲ့ကြောင်းလည်း သိရပါတယ်။