နိုဝင်ဘာလ ၂၃ ရက်။
ချင်းပြည်နယ်၊ မတူပီ ဒေသအတွင်း ပြည်ထောင်စုလမ်းမတွေ၊ ရွာချင်းဆက် ဖွံ့ဖြိုးရေး လမ်းတွေကို ဖောက်လုပ်၊ ပြုပြင်နေတဲ့အပြင် အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ် နဲ့ မတူပီ တိုက်ရိုက် မော်တော်ယာဉ် ရောက်ရှိနိုင်အောင် ဆောင်ရွက်နေတယ်လို့ ဒီကနေ့ နိုဝင်ဘာလ ၂၃ ရက်နေ့မှာ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီ (တပ်မဟာ -၁)က ထုတ်ပြန်ပါတယ်။
မတူပီ – မင်းတပ်လမ်း၊ မတူပီ – ပလက်ဝလမ်း၊ မတူပီ – လိုင်လင်းပီ/မီဇိုလမ်းနဲ့ ရွာချင်းဆက်လမ်းတွေကို အဓိက တူးဖော် ပြုပြင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
မတူပီ – မင်းတပ်လမ်းကြီးရဲ့ လည်မျိုတံတားအတက် ချောက်ကမ်းပါးမြေပြိုမှုကြောင့် ၂၀၂၁ ခုနှစ်ကနေ ၂၀၂၃ ခုနှစ် အထိ ဆိုင်ကယ်၊ ကားတွေ သွားလာနိုင်ခြင်းမရှိခဲ့တဲ့နေရာကိုလည်း ၂၀၂၄ ခုနှစ် ဇွန်လ ၂၉ ရက်နေ့မှာ ချင်းညီနောင်စစ်ဆင်ရေး (မတူပီ) အဖြစ် မတူပီမြို့သိမ်းပြီးနောက်ပိုင်း မတူပီ တပ်မဟာ – ၁ ကတာဝန်ယူပြုပြင်ရေး လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိပြီး လက်ရှိမှာ လူနာတင်ကားတွေ၊ ကုန်တင်ကားတွေ မြို့ရွာတွေကို တိုက်ရိုက် သွားလာနိုင်ပြီလို့လည်း ထုတ်ပြန်ထားပါတယ်။
မတူပီမြို့တွင်းလမ်းတွေ အပြင် အိုက်ဒါပ်တိုက်နယ်အတွင်းက ကျေးရွာတွေအားလုံးသို့လည်း မော်တော်ယဉ်တွေ တိုက်ရိုက်သွားနိုင်ပြီဖြစ်ပြီး မတူပီ – မီဇိုရမ် (အိန္ဒိယနိုင်ငံ) လမ်းကို တပ်မဟာ – ၁ က တာဝန်ယူ တူးဖော်လျှက်ရှိရာ လုပ်ငန်းပြီးစီးပါက မီဇိုရမ်ကနေ မတူပီကို မော်တော်ယာဉ်တွေ တိုက်ရိုက်ရောက်ရှိနိုင်မှာဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။
CDF – Matupi တပ်မဟာ – ၁ ပါဝင်တဲ့ ချင်းညီနောင်အဖွဲ့ (CB) နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့က ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့မှာ မတူပီမြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး CDF – Matupi တပ်မဟာ – ၁ အနေနဲ့ ICNCC နဲ့ CB ရဲ့နိုင်ငံရေး၊ စစ်ရေးလမ်းစဉ်အတိုင်း မတူပီမြို့ကိုအုပ်ချုပ်ရေး၊ ကာကွယ်ရေး နဲ့ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေကို အကောင်အထည်ဖော်ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။