နိုဝင်ဘာလ ၂၈ ရက်။
ချင်းပြည်နယ်၊ဖလမ်းမြို့နယ် ကျဲရ်မွန်ကျေးရွာကိုတိုက်ပွဲမရှိပဲယမန်နေ့ နိုဝင်ဘာလ ၂၇ ရက်ည ၁၀ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဖလမ်းဒေသခံတွေဆီကနေသိရပါတယ်။
“တိုက်ပွဲရှိလို့လည်း မဟုတ်ဘူး သက်သက်မဲ့ဗုံးကြဲတာဖြစ်တယ် ထိခိုက်ဒဏ်ရာရတာမျိုးတော့ မရှိဘူးလို့သိရတယ်။ စစ်ကောင်စီက အခုတစ်လောအကြောင်းမဲ့ ဗုံးကြဲနေတော့ ပြည်သူလူထုတွေလည်းစိုရိမ်နေကြတယ်”လို့ဖလမ်းဒေသခံ ၁ ဦးကပြောပါတယ်။
တိုက်ပွဲဖြစ်ခြင်းမရှိတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်က လုမ်သဲကျေးရွာကိုလည်း ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၆ ရက်နေ့က စစ်ကောင်စီကလေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ ကျန်းမာရေးဝန်ထမ်း ၂ ဦးအပါအဝင် ပြည်သူ (၇) ဦးသေဆုံးပြီး (၄) ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်နေတဲ့ ဖလမ်းမြို့နဲ့ အနီးဝန်းကျင်မှာရှိတဲ့ ဖလမ်းမြို့နယ်ထဲက ဗားကျေးရွာကိုလည်း ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၅ ရက်နေ့က စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဖလမ်းမြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်နေ့ကစပြီးထိုးစစ်ဆင်တိုက်နေတာဖြစ်ပြီး လက်ရှိအချိန်ထိနှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်လို့လည်း သိရပါတယ်။