Headlines

“ငါ့ရဲ့ယုံကြည်ချက်ကိုမင်းတို့သတ်လို့မရဘူး” အာဇာနည်ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး 

“ငါ့ရဲ့ယုံကြည်ချက်ကိုမင်းတို့သတ်လို့မရဘူး” အာဇာနည်ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး 

Chin World

 “ မင်းတို့ ငါ့ခန္ဓာကိုယ့်ကိုသတ်နိုင်ပေမယ့် ငါရဲ့ယုံကြည်ချက်ကိုမင်းတို့သတ်လို့မရဘူး” ဒီစကားက သမိုင်းဝင်စကား တစ်ခွန်းဖြစ်ခဲ့သလို မြန်မာသမိုင်း သာမက၊ ကမ္ဘာသမိုင်းမှာပါမရှိခဲ့ဖူးသေးတဲ့ကျောင်းသားခေါင်းဆောင် တစ်ယောက်ကိုရက်ရက်စက်စက် ကြိုးပေးသတ်ခဲ့တဲ့အတွက် မဆလစစ်အစိုးရကြိုးတိုက်ထဲကလွှင့်ပျံထွက်လာတဲ့ စကား(သို့)ကျောင်း သားအာဇာနည်ခေါင်းဆောင် ကြီးဆလိုင်းတင်မောင်ဦးရဲ့ နောက်ဆုံးကြွေးကြော်သံတစ်ခု လည်းဖြစ်ခဲ့သည်။

မြန်မာနိုင်ငံကျောင်းသားလုပ်ရှားမှုသမိုင်းတစ်လျောက်မှာသမိုင်းတွင်ရစ်မည့်လေးစားဂုဏ်ယူဖွယ်ရာနောင်တော်ကျောင်းသားအာဇာနည်ခေါင်းဆောင်ကြီးဆလိုင်းတင်မောင်ဦးတစ်ယောက်မြန်မာပြည်သူတစ်ရပ်လုံး၏ လွတ်မြောက်ရေးအတွက် အသက်စတေးခဲ့သည်မှာယခုကျရောက်မည့် ဇွန်လ (၂၆ )ရက်နေ့တွင် နှစ်ပေါင်း ၄၈ နှစ် တိတိရှိခဲ့ပြီဖြစ်သည်။ ၁၉၅၁ ခုနှစ်ဖွားမြင်သူဖြစ်သည့် ဆလိုင်းတင်မောင်ဦးသည် ကြိုးပေးခံရချိန် ၁၉၇၆ ခုနှစ် ဇွန်လ ၂၆ ရက်တွင် အသက် ၂၅ နှစ်သာရှိ သောလူငယ်တစ်ဦးသာဖြစ်သည်။

ဆယ်စုနှစ် (၄)ဆက်တိုင်တိုင်ရောက်ရှိခဲ့ပေမည့်လည်း ဆလိုင်းတင်မောင်ဦး၏ယုံကြည်ချက်ကိုစစ်ဘီလူးတို့ကအသေ မသတ်နိုင်ခဲ့ပါ၊လူကိုသတ်ခဲ့ကြသည်။အသက်ကိုတော့စတေးခဲ့သည်။ဆလိုင်းတင်မောင်ဦး၏စိတ်ဓါတ်သူ၏ယုံကြည်ချက်တို့သည်မသေထာဝရရှင်သန်နေ အုံးမည်သာဖြစ်သည်။ပြည်သူတို့၏ယုံကြည်ချက်နှင့် တထပ်တည်းတစ်သားတည်းဖြစ်သဖြင့်သူ၏ယုံကြည်ချက်တို့သည်မြန်မာပြည်သူတရပ်လုံး၏နှလုံးသားတွင် ထာဝစဉ် ကိန်းအောင်ရှင် သန်နေမည်သာဖြစ်သည်။

မြန့်မာစာပေလောကရတုဘုရင်နတ်ရှင်နောင် ထီးနန်းစိုက်တဲ့တောင်ငူမြို့ မှာမွေးဖွားခဲ့ခြင်းခံရလို့လားမသိ၊ ဆလိုင်းတင်မောင်ဦး သည် သူငယ်စဉ်ထဲမှစပြီးအနုပညာအရာ မှာတော်တော်ဝါသနာပါခဲ့သည်။ တယောထိုးခြင်းအတတ်ပညာကို ကျွမ်းကျင်စွာတတ်ကျွမ်းခဲ့ သူတစ်ဦးလည်းဖြစ်သည်။ အရှိုမြေပြန့်ချင်းမိဘများဖြစ်ကြသောအဘဦးလှဒင်နှင့်အမိဒေါ်နှင်းမြိုင်တို့မှမွေးဖွားခဲ့ပြီးသားသမီး(၈)ဦးထဲမှာသားကြီးသြရသလည်းဖြစ်သည်။ငယ်စဉ်ထဲကဖြစ်ချင်ခဲ့တာသိမ်မွေ့သည့်ဓမ္မအမှုတော်ဆောင် သို့သော်ငြားလည်းကံကြမ္မာအလှည့်အပြောင်းတစ်ခုကြောင့်မဆလစစ်အစိုးရ၏ရက်စက်ဖိနှိပ်မှုများအကြားကပြည်သူများ၏လွတ်မြောက်ရေးအတွက် စနစ်ဆိုးကြီးကိုပြောင်းလဲနိုင်ရန် ကျောင်းသားထုကိုဦးဆောင်ကာတော်လှန်သောကျောင်းသားခေါင်းဆောင်ကြီးတစ်ယောက်ဖြစ်ခဲ့ရသည်။

၁၉၆၂ ခုနှစ်မှာ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်တွေအာဏာရလာပြီး ပထမဆုံးကျောင်းသားထုကိုစိန်ခေါ်ခဲ့သည်။ထိုအချိန်က ဆလိုင်းတင်မောင်ဦးသည် ၁၁နှစ်အရွယ်ခလေးတစ်ယောက်အဖြစ်ပင်ရှိနေသေးသည်။ သို့သော် ထိုအဖြစ်အပျက်ကသူ့ရင်ထဲတွင်နက်နက်ရှိုင်းရှိုင်းထင်ကျန်ရစ်သည်။ထိုအချက်တွေကပင် တက္ကသိုလ်ကျောင်းသားစစ်အာဏာရှင်စနစ်ဆန့်ကျင်မှုကြီးထဲပါလာရသည့်အချက်တစ်ခုဖြစ်သည်။အာဏာကိုအလွဲသုံးစားပြုပြီးလူ့အခွင့်အရေးချိုးဖောက်ပြီး ပြည်သူလူထုကိုလက်နက်နဲ့အနိုင်ယူနေတဲ့စစ်အာဏာရှင်စနစ်ဆိုးကြောင့်ဖြစ်သည်။

“သူဟာအကိုကြီးအဖရာဆိုသလိုပဲကျွန်မတို့မောင်နှမတွေကိုကျောင်းစာတွေ ကူညီပြသပေးခဲ့သလို၊သူ့ရဲ့နိုင်ငံရေးအတွေး အခေါ်တွေကိုလည်းအမြဲဝေဌပြောပြခဲ့တယ်။ သူ့ရဲ့အတွေးအခေါ်တွေထဲမှာမှတ်မှတ်ရပြောခြင်တာလေးတစ်ခုကတော့ လူတိုင်းကမိမိရဲ့မိသားစုကိုချစ်ကြတယ်။လူတွေမဆိုထားနဲ့ကြက်ကလေး၊ဌက်ကလေးတွေတောင်မိမိမိသားစုကိုချစ်တက်ကြတယ်။မိမိရဲ့ခလေးတွေကိုချစ်တက်ကြတယ်။အစာရှာဖွေကျွေးမွေးတတ်ကြတယ်။ဒီတော့လူဆိုရင် မိမိမိသားစုကိုကျော်လွန်ပြီး မိမိပတ်ဝန်းကျင်ကိုချစ်တတ်ရမည်။မိမိပတ်ဝန်းကျင်ကို ကျော်လွန်ပြီးတိုင်းပြည်နဲ့လူမျိုးကိုချစ် တတ်ရမည်။မိမိပတ်ဝန်းကျင်၊မိမိတိုင်းပြည်၊ကြုံတွေ့နေရတဲ့မတရားမှုတွေ ရက်စက်မှုတွေ၊ဒုက္ခ အခက်အခဲပြဿနာတွေကို မြင်တတ်ရမည်။ဖြေရှင်းတက်ရမည်။တွန်းလှန်ကာကွယ်တတ်ရမယ်ဆိုတဲ့ သူရဲ့အတွေးအခေါ်နဲ့ခံယူချက်ကိုပြောပြခဲ့ဖူးတယ်” ဟုယခုအခါကနေဒါနိုင်ငံတွင်နေထိုင်နေသူဆလိုင်းတင်မောင်ဦး၏ ညီမမိုင်ပိုပို (ခ) မလှမြိုင်ကပြောသည်။

ဆလိုင်းတင်မောင်ဦးသည် ၁၉၆၉ ခုနှစ် ကျွန်းဆွယ်အရေးအခင်း၊ ၁၉၇ဝ ရန်ကုန်တက္ကသိုလ်ရွှေရတုအရေးအခင်း၊ ၁၉၇၂ ကျောင်းသားလှုပ်ရှားမှု၊ ၁၉၇၄ ဇွန် အလုပ်သမားသပိတ်၊ ၁၉၇၄ ဦးသန့်အရေးအခင်း၊ ၁၉၇၅ ရွှေတိဂုံကျောင်းသားအရေးအခင်းနဲ့ ၁၉၇၆ မှိုင်းရာပြည့်အရေးအခင်းတွေမှာပါဝင်လှုပ်ရှားခဲ့သူ၊ ဦးဆောင်ခဲ့သူ ဖြစ်သည်။ မဆလစစ်အစိုးရကသူ့ကိုသေဒဏ်ပေးချိန်တွင် အသက် ၂၅ နှစ်သာရှိသေးသည်။ အသက်ငယ်ရွယ်ပေမယ့် တိုင်းပြည်နဲ့လူမျိုးအတွက် သူ့လှုပ်ရှားမှုတွေကလေးစားစရာဖြစ်သည်။ ရန်ကုန်မှာပြုလုပ်ခဲ့သည့် ၁၉၆၉ ကျွန်းဆွယ်အားကစားပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုပြီးလက်ဝှေ့အားကစားနည်းတွင် ချင်းလူမျိုးတွေဖြစ်ကြသည့် Hrang Kham၊ Dawlaနဲ့ Niniတို့ကပထမဆုတွေ ရယူပေးနိုင်ခဲ့ကြသည်။ ဒါပေမယ့် သူတို့တွေ ချင်းလူမျိုးဖြစ်ကြောင်းသိရှိသူနည်းပါးလှသည်။ ဗမာလူမျိုးဆိုရင် မောင်-မ၊ ရှမ်းဆိုရင် စိုင်း-နန်း၊ ကရင်ဆိုရင် စော-နော် ဆိုပြီးနာမည်အစမှာအသုံးပြုကြသလိုချင်းလူမျိုးတွေလည်းဘုံအမည်တခုကိုအတူတကွအသုံးပြုဖို့ ချင်းကျောင်းသားတွေ စပြီးစဉ်းစားလာခဲ့ကြသည်။ အဲဒီအချိန်တုန်းကဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီးဂျာမနီနိုင်ငံတွင်နေထိုင်နေသော CNFအဓိပတိကောင်စီဝင်ဟောင်း ဆလိုင်းကစ်ပ်ခိုလျန်ကအခုလိုပြောပြသည်။

“ဆလိုင်းတင်မောင်ဦးဟာ ၁၉၇၄ ခုနှစ် ဦးသန့်အရေးအခင်းမှာခေါင်းဆောင်ဖြစ်သလို၊ ခစယ (ချင်းစာပေနဲ့ ယဉ်ကျေးမှုကော်မတီ-ရန်ကုန်တက္ကသိုလ်) မှာလည်းအထွေထွေအတွင်းရေးမှူးဖြစ်တဲ့အတွက်၊ တက္ကသိုလ်တခုလုံးရဲ့ ခေါင်းဆောင်ကြီးဖြစ်တဲ့အတွက် ကျနော်တို့ သိပ်ကိုလေးစားကြတယ်။ ချင်းကျောင်းသားတွေကိုလည်းမျက်နှာပန်းလှစေတယ်။ နောက်ပိုင်းမှာမြေအောက်လှုပ်ရှားမှုတွေ လုပ်နေပေမယ့် အဲဒီတုန်းကဆေးကျောင်းသားဒေါက်တာဇလှေထန်းနဲ့ နီးနီးကပ်ကပ်ဆက်ဆံသူ ဖြစ်တယ်။ ချင်းကျောင်းသားတွေနဲ့ အဆက်အသွယ် အမြဲရှိခဲ့တယ်။ နောက် ၁၉၇၅ ကျောင်းသားအရေးအခင်းမှာလည်းသူကပဲအဓိကဦးဆောင်ခဲ့ပါတယ်။ ၁၉၇၆ မှိုင်းရာပြည့်ချီတက်ပွဲကိုဦးဆောင်ဖို့အလာမှာအဖမ်းခံခဲ့ရတာပါ။ စစ်အစိုးရကသူ့ကို မြန်မြန်ဆန်ဆန်ပဲကွပ်မျက်လိုက်ပါတယ်။ အဲဒီကာလချင်းကျောင်းသားတွေရဲ့စိတ်ထဲမှာကျနော်တို့ခေါင်းဆောင်ကိုအခုလိုရက်ရက်စက်စက် ကြိုးပေးသတ်တာကိုအရမ်းခံစားရတယ်၊ စိတ်လည်းနာတယ်။ သူ့အပေါ်မှာလည်းပိုမိုလေးစားလာခဲ့ကြတယ်”။

“ဆလိုင်းတင်မောင်ဦး က ဆလိုင်း-မိုင်စိတ်ဓာတ် အပြည့်အဝရှိသူ ဖြစ်သည်။ ဆလိုင်း-မိုင်စိတ်ဓာတ်ဆိုသည်မှာလူပုဂိုလ်တဦး၊ မျိုးနွယ်စုတခုရဲ့ အလိုရမ္မက်အပေါ်မှာမရှိဘဲ၊ လူမျိုးအတွက် အားလုံးအတွက် စဉ်းစားပြီးပေးဆပ်မှုကိုဆိုလိုတာဖြစ်သည်။ ဒီအတွေးအခေါ်က ၁၉၇၆ ခုနှစ်မှာရန်ကုန်တက္ကသိုလ်ထဲမှာမွေးဖွားလာတဲ့ ချင်းအမျိုးသားစိတ်ဓာတ် ဖြစ်သည်။ ဆလိုင်းတင်မောင်ဦးနဲ့ ညီမမိုင်ပိုပိုတို့ရဲ့ ရဲစွမ်းသတ္တိနဲ့ စံပြဖြစ်မှုတွေကိုဆိုလိုခြင်းဖြစ်သည်။ ထိုအချိန်ကတက္ကသိုလ်တခုလုံးမှာဆလိုင်းတင်မောင်ဦးနဲ့ မိုင်ပိုပိုတို့ရဲ့ ကိုယ်ကျိုးမကြည့်ပဲလူထုအတွက်ရှေ့ဆောင်တဲ့ သူရဲကောင်းတွေအဖြစ် ပြောဆိုနေခဲ့ကြသည်။သူတို့မောင်နှမကိုလေးစားစွာနဲ့ ဆလိုင်း-မိုင်လှုပ်ရှားမှုကတဖန်အသက်ဝင် အားကောင်းလာခဲ့ကြသည်။

“၁၉၇၀ပြည့်တဝိုက်မှာစစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလူထုလုပ်ရှားမှုကြီးကိုအမားဆုံးပဲ့ကိုင်သူဟာ ဆလိုင်းတင်မောင်ဦးပဲဖြစ်ပါတယ်။သူဟာကောက်ကျစ်မှုအလျင်းမရှိသူဖြစ်တယ်။သွက်လက်တယ်။ရဲရင့်သူဖြစ်တယ် စွဲဆောင်မှုရှိသူဖြစ်တယ် သူငယ်ချင်းတွေအကြားမှာလည်းသူပြောလိုက်ရင်များသောအားဖြင့်လက်ခံကြတယ်။ကိုယ်ကျင့်တရားအလွန်ကောင်းသူဖြစ်တယ်။သူငယ်ချင်းတွေအကြားလက်ရှိနိုင်ငံရေးကိုဆွေးနွေးကြရင်းအဲဒီတုန်းကလုပ်ရှားခဲ့တဲ့အရေးအခင်းတွေမှာပါဝင်ခဲ့တယ်။အင်္ဂလိပ်လက်ထက်ကနေဒီနေ့အထိအမျိုးသားလွှတ်မြောက်ရေးအတွက်တိုက်ပွဲဝင်ခဲ့ကြတဲ့ကျောင်းသားခေါင်းဆောင်အများကြီးထဲမှာပထမဆုံးကြိုးပေးခံရသူလည်းဖြစ်တယ်အဲဒီခတ်ကာလဗိုလ်ချုပ်နေဝင်းရဲ့တစ်ပါတီအာဏာရှင်စနစ်မှာလူထုလုပ်ရှားမှုကြီးကိုအဓိကပဲ့ကိုင်ဦးဆောင်ခဲ့သူဖြစ်တယ်လို့” ဆလိုင်းတင်မောင်ဦးနဲ့ ငယ်သူငယ်ချင်းလည်းဖြစ်၊ လှုပ်ရှားမှုတွေမှာလည်းအတူတကွ ပါဝင်ခဲ့တဲ့ ဦးအောင်ထူးက သတိတရပြန်ပြောင်းပြောပြခဲ့သည်။

ဆလိုင်းတင်မောင်ဦးသည် ချင်းလူမျိုးတွေအကြားမှာဒီထက်ပိုမိုစည်းလုံးညီညွတ်ဖို့အတွက် မျှော်လင့်ချက်များစွာဖြင့်အစီအစဉ်များစွာကိုရေးဆွဲခဲ့သည်။အထူးသဖြင့်ချင်းပြည်ကချင်းကျောင်းသားတွေနဲ့ မြေပြန့်က ချင်းကျောင်းသားတွေအကြားရင်းနှီးမှုတွေရှိအောင်တစ်နှစ်တစ်ခါအလှည့်ကျလည်ဖို့တွေလည်းပါဝင်ခဲ့သည်။ “သူငယ်ချင်းဆိုတာထက်ကိုပိုခဲ့ပါတယ်။ ၇၄ မတ်လမှာထောင်ကလွတ်လာပြီး၊ ကျောင်းတွေ ပြန်ဖွင့်ပြီးတော့ ခစယ (ချင်းစာပေနှင့်ယဉ်ကျေးမှုကော်မတီ) ရွေးကောက်ပွဲရှိပါတယ်။ အဲဒီမှာဆလိုင်းတင်မောင်ဦးကိုတက္ကသိုလ်အသိုင်းအဝန်းကြီးမှာတောင် ခေါင်းဆောင်နိုင်နေတာ။ချင်းကျောင်းသားလှုပ်ရှားမှုမှာလည်း ပါဝင်ရမယ်ဆိုပြီး သူ့ကိုကျနော်တိုက်တွန်းခဲ့ပါတယ်။ အစပိုင်းမှာတော့ သူသိပ်သဘောမတွေ့ပါဘူး။ တက္ကသိုလ်တခုလုံးမှာကိုခေါင်းဆောင်နေတဲ့သူဖြစ်တော့ ချင်းတခုမှာပါရမှာကိုသိပ်အဆင်မပြေလှဘူးလို့ ထင်တာ ဖြစ်နိုင်ပါတယ်။ နောက်ပိုင်းမှာလက်ခံတော့ ရွေးကောက်ပွဲအတွက်လည်းစည်းရုံးရေးကိစ္စတွေကိုကျနော်လုပ်ပေးခဲ့တယ်။ အဲဒီလိုနဲ့ အနိုင်ရရှိခဲ့ပြီး၊ ခစယအတွင်းရေးမှူးအနေနဲ့ ဦးဆောင်ခဲ့ပါတယ်။သူအဖမ်းခံရအချိန်တုန်းကကျနော် ဇာတိမြေ၊ဖလမ်းပြန်နေတုန်းအချိန်ဖြစ်တယ်။ဖလမ်းမပြန်ခင် တပတ်အထိတော့ တွေ့ဖြစ်ခဲ့ပါသေးတယ်။ ကျွန်တော်ဆီမှာအကြာကြီးပုန်းအောင်ခဲ့ဖူးသူဆိုတော့ ကျွန်တော်အိမ်ကိုလည်းစစ်ထောက်လှမ်းရေးကလာရောက်မွှေနှောက် ရှာဖွေခဲ့တယ်။ချင်းတစ်ယောက်အနေနဲ့ မားမားမတ်မတ်ရပ်တည်ပြီးမြန်မာပြည်တစ်ခုလုံးအတိုင်းအတာနဲ့ဦးဆောင်သူသူ့ကို ကျွန်တော်အရမ်းဂုဏ်ယူတယ်။လေးစားတယ်။ ”ဟုဆလိုင်းတင်မောင်ဦးနဲ့ အင်းစိန်ထောင်မှာဆုံတွေ့ကာ၊ ညီရင်းအကိုလိုဖြစ်ခဲ့သူ၊ ခစယနဲ့ ချင်းကျောင်းသားလှုပ်ရှားမှုတွေမှာ ပါဝင်ဖို့ကို ဖိတ်ခေါ်ခဲ့သူဒေါက်တာဇလှေထန်းကဆိုသည်။

၁၉၇၆ မှိုင်းရာပြည့်လှုပ်ရှားမှုကိုဦးဆောင်ဖို့ သူပြန်အလာမှာအဖမ်းခံခဲ့ရတယ်။စစ်အစိုးရက မြန်မြန်ဆန်ဆန်သေဒဏ်ပေးခဲ့ကြတယ်။ဒီတော့ ချင်းကျောင်းသားလောကမှာမိမိတို့ရဲ့ သူရဲကောင်းတွေကိုမမေ့မပျောက် ဂုဏ်ပြုနိုင်ခဲ့တယ်။နိုင်ငံရေးတာဝန်ကျေခဲ့ကြပါတယ်။ သူအသက်စတေးခဲ့တဲ့အတွက် ချင်းလူငယ်တွေထဲမှာလည်းနိုင်ငံရေးနိုးကြားမှု တိုးပွားလာခဲ့သည်။ “ဆလိုင်းတင်မောင်ဦးကျဆုံးခဲ့တာဟာသူ့ရဲ့ရပ်တည်ယုံကြည်ချက်တခုတည်းအတွက်မဟုတ်ပဲ၊မြန်မာနိုင်ငံတိုးတက်ကြီးပွားဖို့ရန်အတွက် စိတ်ဆန္ဒရှိသူ၊ကြိုးစားသူအားလုံးအတွက်လည်းကျဆုံးသွားခဲ့ရခြင်းမျိုးပါ။” ဟုဒေါ်အောင်ဆန်းစုကြည် ကအင်္ဂလိပ်ဘာသာဖြင့်မိန့်ခွန်းတစ်ခုတွင်ထည့်သွင်းပြောသွားခဲ့သည်။

“၁၉၇၄ ဒီဇင်ဘာ (၄)ရက်မှတ်မိသေးတာပေါ့။ရန်ကုန်တက္ကသိုလ်ဝင်းထဲမှာ ဆလိုင်းတင်မောင်ဦးနဲ့ကျွန်တော်စတွေ့ခဲ့ တယ်။နောက်နေ့ကျတော့ကျိုက်က္ကဆံကွင်းရဲ့အလယ်မှာဦးသန့်ရဲ့အခေါင်းကိုထားထားတယ်။အဲဒါကိုကြက်ခြေနီနဲ့လမ်းစဉ်လူငယ်တွေကစောင့်ရှောက်နေတာပေါ့ ပြီးတော့အစိုးရအလိုတော်ရိကျောင်းသားတွေကကားပေါ်ကနေမိုက်နဲ့ဦးသန့်ရဲ့ဈာပနာကိုအေးအေးဆေးဆေးပို့ဆောင်ကျဖို့တိုက်တွန်းနေတယ်။အဲဒီချိန်မှာဆလိုင်းတင်မောင်ဦးကထပြီးတော့စကားပြောတယ်။သူထပြီးတော့စကားပြောတာနဲ့ကျွန်တော်တို့ကျောင်းသားတွေအယောက်၅၀လောက်ရှိမယ်ထင်တယ်သူ့ကိုစက်ဝိုင်းပုံစံဝိုင်းထိုင်လိုက်ကြတယ်။အဲဒီမှာသူကဘာပြောတာလဲဆိုတော့ ဦးသန့်ဆိုတာဗမာတနိင်ငံလုံးရဲ့ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်ဖြစ်တယ်။ဦးသန့်ကြောင့်ဗမာနိုင်ငံကိုကမ္ဘာကသိလာတယ်။ဒီလိုလေးစားထိုက်တဲ့ဦးသန့်ရဲ့ဈာပနအခမ်းအနားမှာအစိုးရအဖွဲ့ရဲ့တာဝန်ရှိသူတွေဘယ်သူမှမလာတဲ့အပြင်မျက်နှာလွဲခဲပစ်လုပ်တယ်။ဦးသန့်လိုဂုဏ်သရေရှိလူကြီးလူကောင်းတစ်ယောက်ကိုဦးနေဝင်းရဲ့မိန်မ ဖာသည်မသာသာ ခင်မေသန်း မြုပ်သလိုကြံတောင်္သချိုင်းမှာမြုပ်တာကိုလက်မခံနိုင်ဘူး’’ ဆိုပြီးသူကပြောတော့လူတွေကအားလုံးလက်ခုတ်တီးကြတာပေါ့။ဒီလိုနဲ့နောက်ဆုံးဘုန်းကြီးတွေ၊လူတွေ အားလုံးကွင်းထဲမှာအပြည့်ဖြစ်သွားပြီးသူ့နားမှာဝိုင်းအုံလာတော့သူကခုနက ကားပေါ်ကနေမိုက်နဲ့ကျောင်းသားတွေအေးအေးဆေးဆေးနေဖို့အော်နေတဲ့ကားကိုလက်ညိုးထိုးပြီးဒီကားကိုသိမ်းလိုက်ကြလို့ပြောတာနဲ့လူတွေကကားကိုဝိုင်းသိမ်းလိုက်ကြတယ်။အဲဒီကားပေါ်ကနေမိုက်ခွက်ကိုကိုင်ပြီး ဦးသန့်ရုပ်ကလ္လပ်ကို တက္ကသိုလ်ဝင်းထဲယူသွားမယ်’’ဆိုပြီးကြေငြာလိုက်တော့ တညီတညွှတ်ထဲအခေါင်းကြီးကိုသယ် သွားကြတယ်။’’ “တကယ်တော့ဆလိုင်းတင်မောင်ဦးကကျွန်တော်တို့ရဲ့စစ်မှန်တဲ့ခေါင်းဆောင်ဖြစ်တယ်၊သူဟာချင်းတိုင်းရင်းသားတစ်ခုအတွက်သာလျှင်မဟုတ်ပဲဗမာတစ်နိုင်ငံလုံးရဲ့ကျောင်းသားများကိုကိုယ်စားပြုခဲ့သူဖြစ်သည်။ကျွန်တော်တို့အားလုံးကသူ့ကို ကျွန်တော်တို့ ရဲ့ ခေါင်းဆောင်အဖြစ်လေးစားပါတယ်ဟု” မြန်မာနိုင်ငံလုံဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF) တွင်ဥက္ကဌအဖြစ်ပထမဆုံးတာဝန်ယူခဲ့သူတဦးဖြစ်သည့် ဦးထွန်းအောင်ကျော် ကအတိတ်ကိုပြန်ပြောင်းပြောဆိုသည်။

၁၉၇၆ ခုနှစ် မတ်လမှိုင်းရာပြည့်အရေးအခင်းမဖြစ်ခင်တစ်ရက်ခန့်အလိုတွင် စစ်အစိုးရမှဆလိုင်းတင်မောင်ဦးအား စာရွက်စာတမ်းများဖြင့်ဖမ်းဆီးမိခဲ့ပြီးကြိုးတိုက်အတွင်းထားရှိခဲ့သည်။ဖမ်းဆီးပြီး(၃)လအကြာဇွန်လ(၂၆)ရက်နေ့ နံနက်(၄)နာရီအချိန် ခန့် တွင်ကြိုးပေးခဲ့ပါသည်။

ယခုဆိုရင် နေရာအနှံ့မှာ လွန်ခဲ့တဲ့ နှစ် ပေါင်း ၄၈ နှစ် ၊၁၉၇၆ ခုနှစ် ဇွန် ၂၆ ရက်နေ့ကကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးဟာ မဆလစစ်အစိုးရ၏ ကြိုးပေးခြင်းခံရသည့်အတွက် အောက်မေ့ဘွယ်အခမ်းအနားကိုကျောင်းသားတွေကဦးဆောင်ပြီးဂုဏ်ယူစွာကျင်းပနေကျပြီဖြစ်သည်။ အမျိုးသာဒီမိုကရေစီအဖွဲ့ချုပ်နာယကကြီးဦးတင်ဦးက “သူဟာအချီးအနှီးသေဆုံးခဲ့တာမဟုတ်ပါဘူး ၊နိုင်ငံအတွက်လူမျိုးအတွက်၊အသက်ပေးခဲ့တဲ့ခလေးတစ်ယောက်ဖြစ်တယ်ဆိုတာကို ကျွန်တော်လေးလေးနက်နက်မှတ်တမ်းတင်ဂုဏ်ပြုပါတယ်ဆိုတာကိုပြောချင်ပါတယ်’ဟုဆိုသည်။

၁၉၇၆ခု ဇွန် ၂၆ ရက်နေ့မှာစစ်အစိုးရရဲ့ ကြိုးပေးသတ်ဖြတ် ခြင်းခံရတဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားဆလိုင်းတင်မောင်ဦးသည် ခေတ်အဆက်ဆက် မြန်မာနိုင်ငံဒီမိုကရေစီလှုပ်ရှားတိုက်ပွဲ ဝင် တက္ကသိုလ် ကျောင်းသားများအနက် ဦးနေဝင်းအုပ်ချုပ်ခဲ့တဲ့ စစ်အစိုးရကသေမိန့်ချ ကြိုးပေးခံရတဲ့ သမိုင်းဝင် အာဇာနည်ကျောင်းသားတဦးဖြစ်ခဲ့သလိုမြန်မာ့ သမိုင်းမှာပထမဦးဆုံးနဲ့ တဦးတည်းသောတက္ကသိုလ်ကျောင်းသားဒီမိုကရေစီလှုပ်ရှားသူ ကြိုးပေးခြင်းခံရသူလည်းဖြစ်သည်။

အခုဆိုရင် ဆလိုင်းတင်မောင်ဦးကို အင်းစိန်အကျဉ်းထောင်မှာလူမသိအောင် ညသန်းခေါင် လူအိပ်ချိန်မှာ ကြိုးတိုက်မှာကြိုးပေးခဲ့တာ နှစ် ပေါင်း (၄၈) နှစ် တင်းတင်း ပြည့်ခဲ့ပေမယ့် စစ်အာဏာရှင်တွေက လူထုကို ဒီဖြစ်ရပ်ကို မေ့ ပျောက်အောင်လုပ်ခဲ့ကြပေမယ့်လည်း သမိုင်းရဲ့ အမှန်တရားတနေရာမှာတော့ ” ဒီမိုကရေစီရေးနဲ့ လူတိုင်းခံစားခွင့်အတွက် ” အသက်ပေးသွားခဲ့တဲ့ ဆလိုင်းတင်မောင်ဦးရဲ့ ရဲရင့်ပြတ်သားတဲ့ သတ္တိနဲ့ လုပ်ဆောင်ချက်တွေကိုနောင်မျိုးဆက်သစ်ကျောင်းသားလူငယ်များက သတိယဆက်လက်ထိန်းသိမ်းရင်းပါ။သူနောက်ဆုံးကြိုးစင်ပေါ်မှာပြောသွားတဲ့ ရဲရဲတောက် စကား က တော့ “You can kill my body but you can never kill my beliefs and what I stand for. I will never kneel down to your military boots.” “မင်းတို့ ငါ့ခန္ဓာကိုယ် ကိုသာသတ်လို့ ရမယ်။ဒါပေမဲ့ ငါ့ရဲ့ ယုံကြည်ချက် နဲ့ ရပ်တည်ချက် ကိုဘယ်တော့မှ သတ်လို့ရမှာမဟုတ်ဘူး။မင်းတို့ စစ်ဖိနပ် အောက်မှာ ငါ ဘယ်တော့မှ ဒူးထေါက်မှာမဟုတ်ဘူး။”စကားနဲ့ပဲ ကျွန်တော်တို့ရဲ့အာဇာနည် ခေါင်းဆောင်ကြီးကိုအလေးပြုလိုက်ရပါတော့ သည်။

မှတ်ချက်။ လွန်ခဲ့တဲ့ ၈ နှစ် ၂၀၁၆ ခုနှစ် ဇွန်လ ၂၆ ရက်က Chin World မှာ ဆလိုင်းတင်မောင်ဦးကွယ်လွန်ခြင်းနှစ် ၄၀ ပြည့်အထိမ်းအမှတ်အနေနဲ့ဖော်ပြခဲ့တဲ့ဆောင်းပါးကို နှစ်ကာလအချိန်အနည်းငယ်ပြင်ဆင်ပြီးပြန်လည်ဖော်ပြလိုက်ပါတယ်။ 

 အယ်ဒီတာ

 

Leave a Reply

Your email address will not be published. Required fields are marked *