ချင်းအမျိုးသား တပ်ဦး (CNF) မှ စစ်အာဏာရှင်ဆန့်ကျင်ခြင်းကိုအကြောင်းပြပြီး ညီနောင်များကို လာရောက် တိုက်ခိုက်ခြင်း အပေါ် အလွန်ပင် ရင်နာမိပြီး ကိုယ့် ညီနောင်များကို သတ်ဖြတ်မှု အပေါ် ဇိုမီး တော်လှန်ရေး တပ်မတော်မှ အပြင်းအထန် ကန့်ကွက်ရှုံ့ချ ကြောင်းများ ပါဝင်တဲ့ ထုတ်ပြန်ကြေငြာချက် တစ်စောင်ကို ZRA-EC မှအောက်တိုဘာလ ၂၇ ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။
ယင်း ကြေငြာချက်ဟာ ZRA-EC မှ အမှန်တကယ် ထုတ်ပြန်ခြင်း ဖြစ်သည်ဟုလည်း ZRA-EC နဲ့ နီးစပ်ခဲ့သူတစ်ဦးထံမှ တဆင့် Chin World Media အနေဖြင့် အတည်ပြုချက် ရရှိခဲ့ပါတယ်။
ယင်း ZRA-EC ရဲ့ ကြေငြာချက်မှာ ၂၀၂၄ခုနှစ်၊ ဇူလိုင်လ (၂၇)ရက်နေ့တွင် ဇိုရို(ZORO)ဦးဆောင်မှုဖြင့် Chin National Front (CNF)နှင့် Zomi Re-Unification Organisation(ZRO) အဖွဲ့များ ပဏာမ တွေ့ဆုံပွဲ ပြုလုပ်ခဲ့ကြောင်း၊ အဆိုပါတွေ့ဆုံပွဲတွင် (ချင်း-ကူကီး-ဇိုမီး/မီးဇို) ညီနောင်အချင်းချင်း အကြားတွင် ချစ်ခင်ရင်းနှီးမှု ပိုမို ရရှိနိုင်ရေးအတွက် ပြန်လည်တွေ့ဆုံမည် ဆိုသည့် အကြောင်းအရာ အပါအဝင် အချက်(၃)ချက်ပါ သော ထုတ်ပြန်ချက် ကို ထုတ်ပြန် ခဲ့ကြောင်း၊ မိမိတို့ (ZRA)အနေဖြင့် တွေ့ဆုံပွဲပြုလုပ်သည့်နောက်ပိုင်း နိုင်ငံရေးအရသော်လည်းကောင်း၊ စစ်ရေးအရသော်လည်းကောင်း ထိုးစစ်ဆင်တိုက်ခိုက်ခြင်း မရှိသည့်အပြင် ထုတ်ပြန်ချက်ပါအတိုင်း သစ္စာရှိရှိ လေးလေးစားစား လိုက်နာဆောင်ရွက်ခဲ့ပါ ကြောင်း၊ အောက်တိုဘာလ ၂၁ ရက်နေ့တွင် တွန်းဇံမြို့နယ်၊ မွာလ်ကွေးကျေးရွာ အနီးတွင် CNA(CC)အဖွဲ့များမှ ချုံခိုတိုက်ခိုက်ခဲ့ပါသဖြင့် ဇိုမီးတော်လှန်ရေးတပ်မတော်(အရှေ့ပိုင်းတိုင်း)ZRA-EC ဖက်မှ တပ်သား (၂)ဦး ဒဏ်ရာရရှိပြီး (၃)ဦးကျဆုံးခဲ့ရတယ်” လို့ဖော်ပြထားပါတယ်။
ထို့နောက် “အာဏာရှင်ဆန့်ကျင်ခြင်းကို အကြောင်းပြပြီး အာဏာရှင်ကို မတိုက်ခိုက်ဘဲ ညီနောင်များ ဖြစ်သည့် မရာညီနောင်များ၊ မင်းတပ်ညီနောင်များ၊ မတူပီညီနောင်များနှင့် ဇိုမီးညီနောင်များ လာရောက်တိုက်ခိုက်ခြင်းကို အလွန်ပင်ရင်နာမိပါကြောင်း၊ အာဏာရှင်ကျဆုံးရေး ဆိုင်းဘုတ်ကိုင် ဆောင်ကာ ကိုယ့်ညီနောင်များ သတ်ဖြတ်ခြင်းအပေါ် ဇိုမီးတော်လှန်ရေးတပ်မတော်မှ အပြင်းအထန် ကန့်ကွက်ရှုံ့ချကြောင်း၊ ယင်းထုတ်ပြန်ချက် ထုတ်ပြန်သည့်နေ့မှစ၍ ကမ္ဘာ့အရပ်ရပ်ရှိ ဇိုမီးလူမျိုး များမှ CNA(CC)အဖွဲ့များအား လိုအပ်သလို အရေးယူ လက်တုံ့ပြန်မည်ဖြစ်ကြောင်း” ZRA-EC ရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။
အောက်တိုဘာ ၂၁ ရက်နေ့တွင် တွန်းဇံမြို့နယ် မွာလ်ကွေး ကျေးရွာ တိုက်ပွဲတွင် CNF/A နဲ့ ZRA တို့တိုက်ပွဲဖြစ်ပွားပြီးနှစ်ဖက်စလုံး တပ်ဖွဲ့ဝင်များ ကျဆုံးမှု အသီးသီး ရှိ ေကြာင်း သိရှိရပါတယ်။