အောက်တိုဘာလ ၃၀ ရက်။
၂၀၂၁ ခုနှစ်စစ်အာဏာသိမ်းပြီးနောက်ပိုင်း စတင်ဖွဲ့စည်းခဲ့တဲ့ ချင်းကျန်းမာရေးအဖွဲ့ (Chin Health Organization) အနေနဲ့ ဖွဲ့စည်းတည်ထောင်တဲ့ ၃ နှစ်အတွင်းချင်းပြည်နယ်အတွင်းက လူဦးရေ ၃၄၆,၉၃၇ နဲ့ ကျေးရွာပေါင်း ၇၉၈ ရွာကိုကျန်းမာရေးစောင့်ရှောက်မှုအတွက် လွှမ်းခြုံနိုင်ခဲ့ပြီးဖြစ်တယ်လို့ အဖွဲ့အစည်း ၃ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ချင်းကျန်းမာရေးအဖွဲ့ (CHO) ရဲ့ အောက်တိုဘာလ ၂၉ ရက်နေ့ ဖော်ပြချက်အရ သိရပါတယ်။
ချင်းကျန်းမာရေးအဖွဲ့ (CHO) အနေနဲ့ လက်ရှိ ချင်းပြည်နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဆေးရုံ ၁၃ ရုံ၊ ဆေးခန်း ၁၀ ခုနှင့် ရွှေ့လျားဆေးခန်း ၁၄ ခုပေါ်အခြေခံပြီး ကျန်းမာရေးအင်အားစု ၅၀၀ ခန့်နဲ့ ဆောင်ရွက်နေကြတယ်လို့ ဆိုထားပါတယ်။
မိခင်၊ကလေး၊ ပျိုရွယ်သူနှင့် မျိုးဆက်ပွားကျန်းမာရေး၊ စိတ်ကျန်းမာရေးနှင့် အဟာရစောင့်ရှောက်မှုတွေအပါအဝင် ပမာဏကျန်းမာရေးစောင့်ရှောက်မှုနှင့် ခွဲစိတ်ကုသရေးလုပ်ငန်း၊ ငှက်ဖျား၊တီဘီ၊ HIV နှင့် မသန်စွမ်းသူတွေကျန်းမာရေး လုပ်ငန်းတွေကို ချင်းကျန်းမာရေးအဖွဲ့ (CHO)က ကျန်းမာရေးဝန်ဆောင်မှုတွေ ပေးနေတာလို့ ဖော်ပြထားပါတယ်။
ဒါ့ပြင်၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့ကနေ ၂၀၂၄ ခုနှစ် ဇွန်လအထိ ကိုယ်ဝင်ဆောင်မိခင်နဲ့ ငါးနှစ်အောက်ကလေးအပါအဝင် လူနာစုစုပေါင်း ၁၅၆,၇၃၈ ဦးကို ကြည့်ရှုကုသစောင့်ရှောက်ပေးနိုင်ခဲ့သလို အရေးပေါ်လူနာလွှဲပြောင်းကုသရာမှာ ၂၀၂၃ ခုနှစ်ထိ လူနာပေါင်း ၇၉၆ ဦးပံ့ပိုးနိုင်ခဲ့ပြီး ကာကွယ်ဆေးထိုးလုပ်ငန်းတွေ အနေနဲ့ မိခင်နှင့်ကလေးစုစုပေါင်း ၃၀၀,၀၀ ကျော်ကို အသက်အရွယ်အလိုက် ရရှိရမယ့် ကာကွယ်ဆေး ၇ မျိုးကို ထိုးနှံပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ချင်းကျန်းမာရေးအဖွဲ့ (CHO) အနေနဲ့ ပြည်တွင်းသာမကဘဲ နယ်စပ်တစ်လျှောက်ရှိ စစ်ဘေးရှောင်ပြည်သူတွေကိုလည်း ကျန်းမာရေးစောင့်ရှောက်မှုပေးနေပြီး မီဇိုရမ်ပြည်နယ်အတွင်းက ခရိုင် ၇ ခုမှာ စစ်ဘေးရှောင်တွေအတွက် ဆေးခန်း ၁၀ ခုဖွင့်လှစ်နိုင်ခဲ့သလို ဆေးရုံဆေးခန်းကို လက်လှမ်းမမှီကြတဲ့ မသွားရောက်နိုင်ကြတဲ့ လူနာတွေ အတွက်လည်း ဖုန်း၊ အွန်လိုင်းနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ကို ချင်းတယ်လီကျန်းမာအဖွဲ့က ဝန်ဆောင်မှုပေးနေတယ်လို့ ဖော်ပြထားပါတယ်။
ယခုကာလ ဒေသအခြေအနေများအရ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ အခက်အခဲ အတားအဆီးတွေများစွာ ကြုံတွေ့နေရသော်လည်း မလျှော့သောဇွဲလုံလတို့နဲ့ အခက်အခဲတွေကို အန်တုပြီး လက်တွဲညီညီ ဆက်လက်ဆောင်ရွက်နေကြတယ်လို့လည်း ချင်းကျန်းမာရေးအဖွဲ့ (CHO) ကဖော်ပြထားပါတယ်။
ချင်းကျန်းမာရေးအဖွဲ့ (CHO)ကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့မှာ စစ်တပ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ ချင်းပြည်နယ်က CDM ဆရာဝန်တွေ၊ကျန်းမာရေးဝန်ထမ်းတွေနဲ့ စတင်ဖွဲ့စည်းခဲ့ပြီး ယခုအချိန်မှာ ဖွဲ့စည်းတည်ထောင်တာ ၃ နှစ်ပြည့်တော့မှာလည်း ဖြစ်သလို ချင်းကျန်းမာရေးအဖွဲ့ (CHO)ဟာ မည်သည့်ပါတီ၊ အဖွဲ့အစည်းနှင့် လူပုဂိုလ် တစ်ဦးတစ်ယောက်၏ လက်အောက်ခံ၊ သြဇာခံ မဟုတ်ဘဲ ပြည်သူလူထုကျန်းမာရေးအကျိုးစီးပွားကို ဦးထိပ်ထားရှေ့တန်းတင်တဲ့ ကျန်မားရေးအင်အားစုတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။