Headlines

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်

အောက်တိုဘာလ ၇ ရက်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ဒုတိယဥက္ကဋ္ဌ (၂ )နဲ့ မန္တလေးတိုင်းဝန်ကြီးချုပ်အဖြစ် ၂၀၁၆ ကနေ ၂၀၂၁ ထိ ထမ်းဆောင်ခဲ့တဲ့ ဒေါက်တာဇော်မြင့်မောင်ဟာ အသက် ၇၃ နှစ်အရွယ်မှာ ဒီနေ့ အောက်တိုဘာလ ၇ ရက်မနက်ပိုင်းမှာမန္တလေးဆေးရုံကြီးမှာ ကွယ်လွန်သွားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီရဲ့ဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်ဟာ အောက်တိုဘာ ၇ ရက်နေ့ နံနက်က ကွယ်လွန်သွားပြီလို့ ဇနီးဖြစ်သူ ဒေါ်ယုယုမေက သူ၏လူမှုကွန်ရက်ကနေ ရေးသားထားပါတယ်။

မန္တလေးဇာတိ ဒေါက်တာဇော်မြင့်မောင်ဟာ စိန့်ပီတာအထက်တန်းကျောင်းနဲ့ မန္တလေးဆေးတက္ကသိုလ်မှာ ပညာသင်ယူခဲ့ပြီး ၁၉၇၉ မှာ ဆရာဝန်ဘွဲ့ရရှိခဲ့ပါတယ်။၁၉၈၈ အရေးအခင်းအပြီးမှာ နိုင်ငံရေးလောကထဲ ဝင်လာခဲ့ပါတယ်။

၁၉၉၀ မှာ NLD အမတ်အဖြစ် အမရပူရမြို့နယ်က အမတ်အရွေးခံရတဲ့ ဒေါက်တာဇော်မြင့်မောင်ဟာ ၁၉၉၀ မှာ ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရပြီး ၁၉ နှစ် ထောင်ထဲမှာ နေခဲ့ရပါတယ်။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ပြန်အရွေးခံရပြီးနောက် ၂၀၁၅ ရွေးကောက်ပွဲအပြီးမှာ မန္တလေးတိုင်း ဝန်ကြီးချုပ် ဖြစ်လာတဲ့ ဒေါက်တာဇော်မြင့်မောင်ဟာ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် ထပ်မံအဖမ်းခံရပြီး
အဂတိအမှု၊ ကိုဗစ်ကာလစည်းကမ်းဖောက်ဖျက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သဘာဝဘေးစီမံပုဒ်မ၊ ရွေးကောက်ပွဲမှာ မလျော်သြဇာသုံးတယ်ဆိုတဲ့အမှုစတဲ့ အမှု ၉ မှုနဲ့ စွပ်စွဲတရားစွဲခံရပြီး စုစုပေါင်း ထောင်ဒဏ် ၂၉ နှစ်ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။

သွေးကင်ဆာရောဂါခံစားနေရတဲ့ ဒေါက်တာဇော်မြင့်မောင်ဟာ အိုးဘိုထောင်တွင်းမှာ ကျန်းမာရေးပိုဆိုးရွားလာပြီး ပြီးခဲ့တဲ့စက်တင်ဘာလကတည်းက မန္တလေးဆေးရုံကြီးကိုပြောင်း ရွှေ့ကုသနေရတာဖြစ်ပါတယ်။ အောက်တိုဘာ ၅ ရက်နဲ့ ၆ ရက် သတိလစ်မေ့မြောတာတွေရှိခဲ့ပြီးနောက်မှာ အောက်တိုဘာ ၇ ရက် မနက်မှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

ဒေါက်တာဇော်မြင့်မောင် ရဲ့ သင်္ဂြိုဟ်ဈာပနအခမ်းအနားကို မနက်ဖြန် အောက်တိုဘာ ၈ ရက်မှာ မန္တလေးမြို့၊ တောင်အင်းမြောက်အင်းသုဿန်မှာပြုလုပ်မယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *