Headlines

ဟားခါးမြို့အနီးက တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ ၁၀ ယောက်လောက်သေဆုံးပြီး ၄ ဦးအရှင်ဖမ်းမိကာ လက်နက် ၁၅ လက်ရရှိခဲ့တယ်လို့ သိရ

အောက်တိုဘာလ ၂၉ ရက်။

ချင်းပြည်နယ် ဟားခါးမြို့အနီးက Kiamtlang ဒေသမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ရဲ့ တပ်စခန်းတစ်ခုကို ယမန်နေ့အောက်တိုဘာလ ၂၈ ရက်နေ့မှာ CNF/A ဦးဆောင်တဲ့ Chinland Council ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့စဉ် စစ်ကောင်စီဘက်က ၄ ဦးအရှင်ဖမ်းမိပြီး လက်နက် ၁၅ လက်သိမ်းဆီးရရှိခဲ့တယ်လို့ ချင်းအမျိုးသားတပ်ဦး (CNF/A)က ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက Chin World Media ကိုပြောပါတယ်။

ချင်းအမျိုးသားတပ်ဦး (CNF/A)က ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက “ စစ်ကောင်စီတပ်ဖွဲ့က ၁၅ ယောက်ထဲကနေ ၄ ဦးကို အရှင်ဖမ်းမိတယ်။ ၁၀ ယောက်လောက်ကျတယ်။ လက်နက် ၁၅ လက် ရရှိတယ်။ လက်ရှိဟားခါး အ.ထ.က (၂) မှာ တိုက်ပွဲဖြစ်နေတယ် စစ်ကောင်စီကလည်း လက်နက်ကြီးနဲ့ ထုနေတယ်” လို့ပြောပါတယ်။

ဟားခါးမြို့အနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို Chinland Council ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့စဉ် စစ်ကောင်စီတပ်ဖွဲ့ဘက်က ၁၀ ယောက်လောက်သေဆုံးပြီး ဗိုလ်မှုး အဆင့်ရှိတစ်ဦးအပါအဝင် စစ်ကောင်စီတပ်သား ၄ ဦးကို အရှင်ဖမ်းမိတာလို့လည်း သိရပါတယ်။

ချင်းပြည်နယ်ရဲ့ မြို့တော်ဟားခါးအနားမှာအောက်တိုဘာလ ၂၈ ရက်နေ့ မနက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီတပ်ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး မြို့သစ်ရပ်ကွက်ကနေအိမ်နားမှာ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံ သက်ကြီးပိုင်းအမျိုးသား/အမျိုးသမီး လင်မယား ၂ ဦးနဲ့ လူငယ်အရွယ် အမျိုးသမီး ၁ ဦးနဲ့ ကလေးငယ် ၁ ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရတာမျိုးရှိခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *