Headlines

ဟားခါးမြို့မှာ အခြေခံစားသောက်ကုန် ဈေးတွေ ဒီနှစ်ထဲ၂ ဆ စျေးထပ်တက်ပြီး၊နေ့စားအလုပ်သမားတွေလည်း ရပ်တည်ရေးပိုခက်ခဲလာ

အောက်တိုဘာလ ၁၈ ရက်။

ချင်းပြည်နယ်ရဲ့မြို့တော် ဟားခါးမှာ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ ဒီတစ်နှစ်တွင်းမှာတင် ကုန်ဈေးနှုန်းက ၂ ဆလောက် ဈေးထပ်တက်လာပြီး၊အခြေခံနေ့စားအလုပ်သမားတွေလည်း ရှင်သန်ရပ်တည်ရေးမှာလည်း ပိုခက်ခဲလာတယ်လို့ ဟားခါးမြို့နေဒေသခံတစ်ဦးက ပြောပါတယ်။

ဟားခါးမြို့ကဒေသခံတွေဟာ ဆန်ကလွဲရင် အခြေခံစားသောက်ကုန်တွေကို မန္တလေးဘက်ကနေ သယ်ယူနေရတာဖြစ်ပြီး စားကုန်တန်ဆာခက လက်ရှိမှာ တပိဿာကို ၁၀၀၀ ကျော်အထိ ဖြစ်သွားပြီလို့ ဒေသခံတစ်ဦးကပြောပါတယ်။

ဟားခါးမြို့ဒေသခံတစ်ဦးက“စားသောက်ကုန် တန်ဆာခက ခေတ်ကောင်းတုန်းက တပိဿာ ၁ ရာကျော်ကနေ ဒီနှစ်နွေမှာ တစ်ပိဿာ ၅၀၀ – ၆၀၀ ရှိရာကနေ အခုတော့ တပိဿာ ၁၀၀၀ ကျော်ထိ ဖြစ်သွားပြီ အခုလိုဖြစ်ရတာကလည်း ခုစစ်ကိုင်းတံတားဖြတ်ခက ၁၂ ဘီးကားတစ်စီးကို ၁၅ သိန်း ကနေ သိန်း ၂၀ လောက်ထိ ပေးနေရတာတွေကြောင့်ပေါ့ အဓိက စစ်တပ်ရော PDF ရော လမ်းကြေး၊ ဂိတ်ကြေးတွေကို များစွာပေးရလို့ပေါ့” လို့ပြောပါတယ်။

အခြေခံစားသောက်ကုန်တွေအပြင် ဟင်းသီးဟင်းရွက်ဈေးနှုန်းတွေကလည်း တစ်စည်းကို အရင်က တစ်ရာနှစ်ရာကနေ ဒီနှစ်နွေမှာ ငါးရာကနေ လက်ရှိ တစ်ထောင်ထိ ဈေးဖြစ်သွားပြီး ဆန်ဆိုရင်လည်း ဧရာမင်း ဆန်ဟောင်း ဈေးက ဒီနှစ်နွေရာသီမှာ ၁ သိန်း ၂ သောင်းဈေးကနေ လက်ရှိ ၁ သိန်း ၈ သောင်းအထိ ဈေးဖြစ်သွားပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဟားခါးမြို့နေဒေသခံတစ်ဦးက“ဒီကုန်ဈေးနှုန်းက အခြေခံလူတန်းစားတွေအတွက် အသက်ရှင်သန်ဖို့ မလွယ်ကူဘူး အခုလက်ရှိ နေ့စားခက တစ်ရက်ကို ၂ သောင်းလောက်ရကြတယ် ဒါပေမယ့် စားတာနဲ့ ရတာနဲ့က မကာမိကြဘူး။ နောက်ပြီး အခုပလက်ဝကနေ စစ်ဘေးရှောင်တွေ ဟားခါးရောက်လာတာများကြတယ်။ နေ့စားအလုပ်ဆိုရင်လည်း တင်ဒါလုပ်ငန်းဘဲများများစားစားရှိတာလေ။ တင်ဒါလုပ်တဲ့သူတွေကိုလည်း CDF တွေက ဖမ်းတာမျိုးတွေရှိလာတော့ နေ့စားအလုပ်အကိုင်အတွက်လည်း ပိုခက်ခဲကြတယ်” လို့ပြောပါတယ်။

၂၀၂၁ ခုနှစ်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်မြို့တော် ဟားခါးမြို့ရဲ့ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေဟာ ၄ ဆ လောက် ကုန်ဈေးနှုန်းတွေ မြင့်တက်တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *