Headlines

ဟားခါးမြို့မှာ စစ်ကောင်စီတပ်ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ထိလို့ သက်ကြီးပိုင်းအမျိုးသမီး ၁ ဦးနဲ့ ကလေး ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့သိရ

အောက်တိုဘာလ ၂၈ ရက်။

ချင်းပြည်နယ်ရဲ့ မြို့တော်ဟားခါးမှာ ဒီကနေ့ အောက်တိုဘာလ ၂၈ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး မြို့ပေါ်ရပ်ကွက်မှာ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံသက်ကြီးပိုင်းအမျိုးသမီး ၁ ဦးနဲ့ ကလေး ၁ ဦး ထိခိုက်တာမျိုးရှိခဲ့တယ်လို့ သိရပါတယ်။

ဟားခါးဒေသခံတစ်ဦးက “ ထိခိုက်ဒဏ်ရာရတဲ့ကြောင်းတော့ အသေးစိတ်မသိပေမယ့် မြို့သစ်ဖက်မှာလို့ ကြားတယ်။ ဒီမနက်ပိုင်းမှာ လက်နက်ကြီးကျခဲ့တာတော့ ရှိတယ်။ အရင်ကဒီလို မြို့တွင်းလက်နက်ကြီးကျတာမျိုးတော့ မရှိဘူး” လို့ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့က ရုန်းတောင်ပေါ်ကနေ ဒီကနေ့မနက်ပိုင်း ရှစ်နာရီဝန်းကျင်လောက်မှာ လက်နက်ကြီး နှစ်ကြိမ်ထက်မနည်းပစ်ခတ်ခဲ့တာကြောင့် ဟားခါးမြို့သစ်ဖက်က သက်ကြီးပိုင်းအမျိုးသမီးတစ်ဦးနဲ့ ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသတွင်းသတင်းတွေ ဖော်ပြချက်အရ သိရပါတယ်။

ဟားခါးမြို့တွင်းမှာ လက်နက်ကြီးကျရောက် ပေါက်ကွဲတာမျိုး အရင်ကမရှိခဲ့ဘဲ ဒီကနေ့မှသာ မြို့ပေါ်ရပ်ကွက်မှာ ကျရောက်ပေါက်ကွဲတာမျိုး ဖြစ်ခဲ့တာလို့ ဟားခါးမြို့ခံတစ်ဦးဆီကနေ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *