Headlines

သန်းခေါင်စာရင်းကိုအောက်တိုဘာလ (၃၁)ရက်အထိ ဆက်လက်ကောက်ယူမယ်လို့စစ်ကောင်စီကသတင်းထုတ်ပြန်

အောက်တိုဘာလ ၁၇ ရက်။

၂ဝ၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခဲ့ရာတွင် အကြောင်းအမျိုးမျိုးကြောင့် သန်းခေါင်စာရင်း အကောက်မခံရသေးသောပြည်သူများအား အောက်တိုဘာ (၃၁)ရက်အထိ ဆက်လက်ကောက်ယူပေးသွားမည်ဖြစ်ကြောင်း အာဏာသိမ်းစစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို အောက်တိုဘာ(၁)ရက်မှ (၁၅)ရက်အထိ ကောက်ယူခဲ့ရာ အကြောင်းအမျိုးမျိုးကြောင့် သန်းခေါင်စာရင်း အကောက်မခံရသေးသော ပြည်သူများအနေဖြင့် သန်းခေါင်စာရင်း ပြန်လည်ကောက်ခံနိုင်ရေး အတွက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုသန်းခေါင်စာရင်းကော်မတီနှင့် မြို့နယ်သန်းခေါင်စာရင်းကော်မတီထံသို့ ဆက်သွယ်နိုင်ပြီး ဆက်သွယ်လာသည့် ပြည်သူများအား ပြန်လည် စာရင်းကောက်ယူပေးသွားမည်ဖြစ်ကြောင်းစစ်ကောင်စီက ထုတ်ပြန်လိုက်ပါတယ်။

မြို့နယ် ၉ မြို့နယ်ရှိတဲ့ ချင်းပြည်နယ်မှာ နေရာတော်တော်များများမှာ စစ်ကောင်စီက သန်းခေါင်စာရင်းကောက်ယူနိုင်ခဲ့ခြင်းမရှိဘဲ ဟားခါးမြို့၊ဖလမ်းမြို့နဲ့ တီးတိန်မြို့တွေမှာ မြို့ပေါ် ရပ်ကွက်တချို့မှာ အပေါ်ယံအဖြစ်သဘောလောက်သာ ကောက်ယူနိုင်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

နိုင်ငံတဝန်း တိုက်ပွဲတွေပြင်းထန်နေတဲ့ ဒေသတွေမှာ လည်း လုံခြုံရေးတိုးမြှင့်ပြီး အချိန် ၃ လ ထိယူကာ သန်းခေါင်းစာရင်းကောက်ယူမှုတွေ လုပ်မယ်လို့ စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဦးမြင့်ကြိုင်က BBC မြန်မာပိုင်း ကို ဖြေကြားထားပါတယ်။

၂၀၂၄ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်း များကို ၂၀၂၄ ခုနှစ်၌ရှိမည့် ခန့်မှန်းလူဦးရေ ၅၆ သန်းကျော်နှင့် ခန့်မှန်းအိမ်ထောင်စု ၁၃ သန်းခန့်ကို အခြေခံတွက်ချက်ကာအောက်တိုဘာလ ၁ ရက်နေ့ကစလို့ ၁၅ ရက်အထိ နိုင်ငံအဝန်းက စစ် ကောင်စီထိန်းချုပ်ထားနိုင်တဲ့ ပြည်နယ်/တိုင်းဒေသကြီးနဲ့မြို့၊ရွာတွေမှာ ကောက်ယူခဲ့ကြောင်း သိရပါတယ်။သတ်မှတ် ၁၅ ရက်ကောက်ယူပြီးချိန်မှာ ဘယ်လောက်ကောက်ယူနိုင်ခဲ့တယ်၊ဘယ်ဒေသ/ နေရာတွေ ကောက်ယူဖို့ကျန်တယ်ဆိုတာကို စစ်ကောင်စီကသတင်းမထုတ်ပြန် သေးပါဘူး။

၂၀၁၄ ပြည်လုံးကျွတ်သန်းခေါင်စာရင်းအရ ချင်းပြည်နယ်မှာ မြို့နယ် ၉ မြို့နယ် ရှိပြီး ကျေးရွာပေါင်း ၁၃၅၅ ကျေးရွာရှိပါတယ်၊ချင်းပြည်နယ်ရဲ့လူဦးရေအများစုဖြစ်တဲ့ ၃ သိန်း ၇ သောင်းကျော်ဟာ ကျေးရွာပေါင်း ၁၃၅၅ ရွာမှာနေထိုင်သူတွေဖြစ်ပါတယ်။ နောက်ဆုံး update လူဦးရေစာရင်းကို ၂၀၂၀ ခုနှစ်တုန်းက ချင်းပြည်နယ်အစိုးရက ချင်းပြည်နယ်မှာအိမ်ခြေ (၉၆,၆၉၆)၊ အိမ်ထောင်စု (၉၆,၄၈၄)၊ ကျား (၂၅၅,၅၉၂)ဦး၊ မ (၂၆၄,၄၄၀)ဦး၊ ပေါင်း (၅၂၀,၀၃၂) ဦး နေထိုင် ကြပါတယ်လို့ စာရင်းထုတ်ပြန်ထားပါတယ်။

၂၀၂၁ အာဏာသိမ်းပြီး နောက် ၃ နှစ် ကျော်ဝန်းကျင်မှာ၅ သိန်းဝန်းကျင်ရှိတဲ့ ချင်းပြည်နယ် လူဦးရေရဲ့ ထက်ဝက်နီးပါးလူ ၂ သိန်းခွဲခန့် ဟာ နေရပ်စွန့်ခွာကာပြည်တွင်းနဲ့အိမ်နီးချင်းနိုင်ငံတွေကို စစ်ဘေးရှောင်နေရပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ မရရှိတဲ့ ဆိုးဆိုးရွားရွား အခြေအနေဖြစ်နေတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)ရဲ့၂၀၂၄ ခုနှစ်ဇွန်လ ၃ ရက် ထုတ်ပြန်ချက်အရသိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *